Saturday, February 6, 2010

ဒဏ်ရာတွေရဲ့ ဆရာဝန်



ဒဏ်ရာတွေရဲ့ ဆရာဝန်

အခါခါရခဲ့တဲ့ ဒဏ်ရာတွေကြောင့်
အရှုံးများစွာနဲ့ နှလုံးသားမှာ
အဖာတစ်ရာမကအောင် ကုစားခဲ့ရပြီးပါပြီ ...။

ဒဏ်ရာဗလပွနဲ့ နှလုံးသားအတွက်
ကြံရာမရအောင်လည်း ဖြစ်ခဲ့ရတယ် ...။

သည်ဒဏ်ရာတွေ
အင်္သချေရခဲ့ဘူးတဲ့ နှလုံးသားဟာ
ကမ္ဘာမြေအတွက် ဘာတွေထပ်ပေးဆပ်နိုင်ဦးမှာလဲလို့
တစ်ခါတစ်လေမှာ ရင်နာနာနဲ့
မစာမနာ တွေးခဲ့ဘူးတယ် ...။

ဘဝပေး အခြေအနေအရ တစ်စတစ်စနဲ့
ကံကြမ္မာကြောင့် လမ်းစပျောက်ရင်း
ဝင်္ကမ္ဘာနောက်ကို တကောက်ကောက်လိုက်ခဲ့မိတာ
ရည်မှန်းချက်တွေနဲ့ အလှမ်းဝေးသထက် ဝေးသွားလို့
ဆယ်ကမ္ဘာစာလောက် ခြားသွားသလားပဲ ...။

အကြင်နာ ...ပျောက်တဲ့လမ်း ...
စေတနာ ...မပေါက်တဲ့လမ်း ...
ဝေဒနာ ...အပြည့်နဲ့ ဖောက်ထားတဲ့လမ်းတွေပေါ်မှာ
ကျွန်တော်ဟာ ...
အချိန်အတော်ကြာအောင် လျှောက်ခဲ့ရဘူးတယ် ...။

သည်လမ်းတွေပေါ်မှာ ...
အလွမ်းတွေနဲ့ အသဲတွေ ကွဲအက်ခဲ့ဘူးတယ် ...။

စခန်းတွေဆောက် ဘဝတက်လမ်းတွေဖောက်ခဲ့ပေမယ့်
စံချိန်မရောက်တဲ့ လမ်းတွေဟာ
အကြိမ်ကြိမ် ပျောက်ပျက်ခဲ့ရတယ် ...။

သကာတွေလို မချိုမြိန်တဲ့ ဘဝခါးခါးကို
ရင်မှာတအားနာကျည်းခဲ့မိလို့
တစ်ချိန်ချိန်မှာ စိုပြေလာဖို့လည်း ကြိုးစားခဲ့ဘူးတယ် ...။

လောကရဲ့ မေတ္တာ သစ္စာတရားကို
ရှာဖွေခဲ့ပေမယ့် ...
အပြစ်အနာအဆာတွေနဲ့ပဲ

တဲ့တဲ့တိုးခဲ့ရလို့ စိတ်ကူးယဉ်တိမ်တိုက်တွေ
အကြိမ်ကြိမ် ရိုက်ချိုးခံရ ကျိုးပျက်ခဲ့ရဘူးတယ် ...။

ဒဏ်ရာတွေနဲ့ ကြံရာမရတဲ့
ဘဝလမ်းစပျောက်စဉ် ...

သန်းခေါင်ယံညအလွမ်းညများမှာ ...
တစ်ကိုယ်ရေတစ်ကာယနေထိုင်လာခဲ့ရင်း ...
တဖြည်းဖြည်း ကြေမွလာတဲ့ နှလုံးသားအတွက်
ကဗျာတွေ အခါခါ ခြွေချလာတတ်ပြီလေ ...။

တစ်ခါတစ်လေတော့လည်း
ကဗျာတွေဟာ ...
နှလုံးသားရဲ့ အကောင်းဆုံး ဆရာဝန်တွေပါပဲ ...။

စံလင်းထွန်း

2 comments:

ဂျေဂျူဝိုင် said...

တစ်ခါတစ်လေတော့လည်း
ကဗျာတွေဟာ ...
နှလုံးသားရဲ့ အကောင်းဆုံး ဆရာဝန်တွေပါပဲ ...။

မှန်တာပေါ့ဗျာ။

ညရဲ့ကောင်းကင် said...

ဒါပေါ့ဗျ.. အမှန်ပါပဲ...
ကဗျာဆိုတာ နှလုံးသားရဲ့ အကောင်းဆုံး ဆရာဝန်တွေပါပဲ ...