Sunday, February 7, 2010

စာရေးသားကြရာဝယ် ...




တစ်ခါတစ်လေမှာ စာရေးသူဘက်က အကြောင်းအရာတစ်ခုကို ရေးချင်လာတဲ့အခါ လူအများစု လက်မခံနိုင်တဲ့ကိစ္စမျိုးတွေ၊ အချိုးမပြေပြစ်တဲ့ အကြောင်းအရာတွေ ပါလာနိုင်သည့်အခါ တွေးတွေးဆဆနှင့် ချင့်ချိန်ရင်း ရေးရခက် မရေးရရင်လည်း မနေနိုင်လို့ စာရွက်ပေါ်ချရေးတော့ယ့်ဆဲဆဲ လက်ကကိုင်ထားတဲ့ ဘောလ်ပင်ဟာ ခဏခဏ ချီတုံချတုံ ဖြစ်ရတတ်ပါတယ်။

မိမိရေးလိုက်သည့်စာဟာ အခန့်မသင့်ရင် ကိုယ်ပေးချင်တဲ့ အကြောင်အရာ၊ အသိတစ်ခုရဲ့ ဘောင်အပြင်ဘက်ကျော်လွန်ပြီးမှ စာဖတ်သူဘက်က တစ်မျိုးတမည် လွဲချော်အတွေးကောက်မိသွားနိုင်ပါတယ်။ မိမိစာသည် ဝေဖန်ရေးလုပ်သည်(သို့မဟုတ်) အတင်းအဖျင်းရေးသည့်စာ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

စာရေးခြင်းဟူသည်ကား တစ်ကယ်တော့ စိတ်ထဲရှိသလောက် ထင်သလို ရေးချဖို့လွယ်ကူလှသည်မဟုတ်ပါ။ သို့သော် စာရေးသမားတိုင်းမှာ တူညီတဲ့အိုင်ဒီယာ တစ်ခုစီရှိကြပါတယ်။ အဲဒါ ... ပါတ်ဝန်းကျင်ကို မျက်စိဖွင့်၊ နားစွင့်ထားကြခြင်းပင်။ လူသာမာန်တို့မမြင်နိုင်တဲ့ ကိစ္စအကြောင်းအရာတွေကို မြင်နိုင်တွေ့နိုင်ခြင်း၊ စူးရှထက်မြတ်တဲ့ အမြင်ရှိခြင်း၊ သဘာဝတရားကို ရှုမြင်တတ်ခြင်းစတဲ့အချက်တွေပါပဲ။ ကိုယ့်ရဲ့ ရှုထောင့်အမြင်ကလည်း ကြည်လင်ပြတ်သားဖို့ လိုပါသေးတယ်။ အဲဒီအခါမှာ ပါတ်ဝန်းကျင်က အလျဉ်းသင့်ရာ အကြောင်းအရာလေးတွေကို သူသူကိုယ်ကိုယ် မှီငြမ်းကိုးကား ဖော်ထုတ်ရေးသားတတ်ကြပါတယ်။

စာရေးရင်းက တချို့လက်လွန်ပြီး အရှိန်မထိန်းနိုင်ဘဲ ဖြစ်ရတာမျိုးတွေလည်းရှိကြပါတယ်။ တချို့က လေးလေးပင်ပင်ရှိတဲ့ သုစာမျိုးတွေရေးသလို တချို့က ပေါ့ပေါ့ပါးပါးအရေးအဖွဲ့များနှင့် သူ့အတွေး သူ့အမြင်များကို စာဖတ်ပရိတ်သတ်ထံ ချပြတတ်ကြသည်။ စိတ်မကောင်းစရာတွေကတော့ စာရေးသမားအချင်းချင်း ဖော်ကောင်လုပ်ကြခြင်း၊ အပုပ်ချပြစ်တင်၍ ဝေဖန်ကဲ့ရဲ့ကြခြင်းပင်။ လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး (သို့မဟုတ်) တစ်ဖက်နှင့်တစ်ဖက် အုပ်စုတွေဖွဲ့ကာ စာပေလောကကြီးထဲမှာ သူ့ထက်ငါ အပြိုင်အဆိုင် လုပ်နေကြခြင်းဖြစ်သည်။ ကောင်းသောပြိုင်ဆိုင်မှုမျိုးကိုမူ အားပေးထောက်ခံပါတယ်။ သို့သော် တချို့ကမူ စာဖတ်ပရိတ်သတ်အတွက် အကျိုးမရှိ စာပေအဆိပ်အတောက်ဖြစ်စေသော စာများကို အတ္တစောင်တွေခြုံလွှမ်းပြီး အားမနာတမ်းရေးသားနေကြလေ၏။ အမည်ခံတော့ စာရေးဆရာပါပဲ။ လူအကြောင်းပေါင်းကြည့်မှသိ၊ စာရေးသူအကြောင်း သူ့၏စာဖတ်ကြည့်ကသိ နိုင်ပေသည်။

စာရေးသင်စ လူငယ်မောင်မယ်များအနေနှင့် တစ်ခါတစ်ရံ မိမိရေးလိုက်တဲ့စာဟာ သွေးရိုးသားရိုး ရေးလိုက်တာမှန်ပေမယ့် တစ်ဖက်သားအတွက် ထိခိုက်နစ်နာစရာ စကားလုံးတွေက မလွတ်မကင်း ပါလာတတ်ပါတယ်။ တချို့ စာစရေးတဲ့အခါမှာ လက်တွန့်ကြတာတွေရှိပါတယ်။ါရေးလိုက်တဲ့စာဟာ သူများရေးပြီးသားစာ၊ ရေးထားတဲ့ အကြောင်းအရာတွေနဲ့များ တူနေရင် အခက်ပဲ လို့ တွေးမိပြီး ရေးလက်စနဲ့ လတ်စမသတ် မရေးနိုင်တော့တာတွေ၊ ဆက်ပြီးမရေးဖြစ်တော့တာတွေ ဖြစ်တတ်ကြပါတယ်။ မိမိတို့လို ကျွမ်းကျင်လို့ မဟုတ်ပဲ ဝါသနာအရ စာရေးနေသူများအတွက် ပိုလို့ပင် ဆိုးပါသေးတယ်။

ဒီကိစ္စနဲ့ ပါတ်သတ်လို့ အမြင် ရှင်းရှင်းလေးနဲ့ပဲ တွေးကြည့်ပါတယ်။ ကျွန်တော်တို့တွေဟာ မြန်မာလူမျိုးတွေပါ။ မြန်မာစကားကို ကြီးပြင်းလာရာ ဘဝတစ်လျှောက် သင်ယူရင်းတတ်မြောက်လာခဲ့ကြတဲ့အလျောက် စာရေးတဲ့အခါမှာလည်း မြန်မာဘာသာနဲ့ စာကိုပဲ အဓိကရွေးချယ်ပြီးတော့ ရေးလေ့ရှိပါတယ်။ (ခြွင်းချက် အင်္ဂလိပ်ကျွမ်းကျင်လို့ ရေးသူများမှအပပေါ့) မြန်မာစာဆိုတဲ့ ပင်မရေစီးကြောင်းကြီးထဲမှာ ကျွန်တော်တို့ဟာ စီးမျှောရင်း မြန်မာစာပေတွေကိုပဲ ရေးသားနေကြတာပါ။ တစ်ခါမဟုတ်တစ်ခါတော့ စာတွေဟာ သူတစ်ပါးရေးပြီးသား စာပါအကြောင်းအရာများနဲ့ တိုက်ဆိုင်ကောင်း တိုက်ဆိုင်သွားနိုင်ပါတယ်။ (အားလုံးတိုက်ဆိုင်သည်ဟုမဆိုလိုပါ) ဟိုးရှေးအစဉ်အဆက် ကတည်းကရေးသားလာတဲ့ မြန်မာစာဟာ ခေတ်ကာလအပေါ်မူတည်ပြီး အရေးအသားမူဟန်များ ပြောင်းလဲမှု ရှိကောင်းရှိသော်ငြားလည်းပဲ မည်သူမှ မြန်မာစာကို ပြောင်းပြန်လုပ်ရေးလို့ ရရိုးမရှိပါ။ ဆိုလိုချင်တာက မြန်မာစာကို ရေးနေတဲ့အတွက် တူမှာကြောက်ပြီး စတန့်ထွင်စရာမလိုပါဘူး။ မူပိုင်ခွင့် မရှိတဲ့အတွက် ကိုယ့်အတွေး၊ ကိုယ့်စိတ်ကူးထဲကအတိုင်း အဆင်ပြေသလိုရေးချရမှာပဲ။ စာစရေးသူတွေအတွက် ဒီကိစ္စဟာ ကြီးမားတဲ့ အဟန့်အတား အနှောက်အယှက်ကြီးသဖွယ်ဖြစ်နေလို့ ပြောတာပါ။ အကယ်၍ မိမိရေးသားလိုက်တဲ့ စာအနည်းငယ်ဟာ သူတစ်ပါးရေးပြီးသား အကြောင်းအရာနဲ့ တူသွားရင်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုထားပေးဖို့၊ သဘောထားကြီးပေးဖို့ လိုအပ်ပါတယ်။ သူတစ်ပါးရေးပြီးသားစာကို အတုခိုးချပြီးရေးဖို့၊ ဖြတ်ညှပ်ကတ်လုပ်ပြီး ရောသမမွှေရေးဖို့ အားပေးနေတာမဟုတ်ပါဘူး။ အကယ်၍ သူတစ်ပါးရေးပြီးသား စာထဲက စာအုပ်ထဲက တိုက်ရိုက်ကူးချ၊ (သို့မဟုတ်) သွယ်ဝိုက်ခိုးချပြီး ရေးသားခဲ့ရင်တောင်မှ အဲသည့်စာရေးတဲ့သူဟာ နောက်ဆုံး သူ့လိပ်ပြာသူ မသန့်ဖြစ်နေမှာပဲ။

စာခိုးချ၊ ကူးချခြင်းသည် မှီငြမ်းကိုးကားခြင်းနှင့်မတူပါ။ မှီငြမ်းကိုးကားသူကား သူမည်သည့်နေရာ မည်သည့်စာရေးသူ၏ စာကို ကူးယူမှီငြမ်းထားကြောင်း တစ်ပါတည်း ဖော်ပြရေးသားလေ့ရှိပါတယ်။ ထိုစာမူပိုင်ရှင်ရဲ့ ခွင့်ပြုချက်ကိုလည်း တောင်းခံယူရလေ့ရှိပါတယ်။ စာရေးသမားများအနေနဲ့ ကိုယ်တွေးမိတာ၊ စိတ်ကူးမိတာတွေကို အရှိကိုအရှိအတိုင်း ရေးချမှသာ မိမိရဲ့ ပင်ကိုယ်စာအရေးအဖွဲ့မျိုး ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်။ ဒါမှမဟုတ် နာမည်ရ ကလောင်၊ မိမိနှစ်သက်သဘောကျရာ ကလောင်များ၏ ရေးနည်းရေဟန်အတိုင်း လိုက်ရေးရင်လည်း အဆင်ပြေလာနိုင်စရာအကြောင်းရှိပါတယ်။ ကလောင်တစ်ချောင်း ထည်ထည်ဝါဝါ ဖြစ်လာဖို့အတွက် လူကြိုက်များသော၊ ထင်ရှားတဲ့ နည်မည်ရစာရေးစရာများရဲ့ ရေးနည်းရေးဟန်များကို လေ့လာမှီငြမ်း ရေးသားဖို့ကိုလည်း ဝါရင့် သမ္ဘာရင့် စာရေးဆရာကြီးများက လိုလိုလားလား တိုက်တွန်းအားပေးစကားများလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် အရှိကို အရှိအတိုင်းသာ ရေးဖို့ကိုပဲ လိုပါတယ်။ လွတ်လပ်တဲ့ အတွေးအခေါ်များကိုမွေးမြူပြီး ကျဉ်းမြောင်းတဲ့ အတွေးအခေါ်တွေကို ဖောက်ထုတ်ထားနိုင်ပါမှ စာရေးကောင်းသူတစ်ယောက် ဧကံမုချ ဖြစ်လာနိုင်စရာ အကြောင်း ရှိပါတယ်။

စာစရေးသားသူ လူငယ်များအနေနဲ့ တစ်ခါတစ်လေ ကိုယ်ရေးချင်တာကိုပဲသိပြီး မိုက်ရူးရူးရေးချင်တဲ့ အတွေးစိတ်တွေ ဝင်လာတော့ ဘာဖြစ်ဖြစ် ဇွတ်တရွတ်ရေးသားတတ်ကြပါတယ်။ မိမိကိုယ်တိုင်လည်း တစ်ခါတစ်လေရေးဖြစ်တာပါပဲ။ အရွယ်ရဲ့ မရင့်ကျက်သေးမှုကြောင့်ပဲလို့ ကိုယ့်ကိုယ်ကိုယ်မြင်ပါတယ်။ သို့သော် ပါတ်ဝန်းကျင်က တချို့ အဖြစ်အပျက်တွေဟာ ကိုယ်မှ ချပြရေးမချရရင် မဖြစ်တော့လောက်အောင် လူမသိသူမသိဟာမျိုးတွေကျတော့ ရေးကိုရေးရမယ်လို့ ယူဆမိပါတယ်။ မျက်စိရှေ့မှာ၊ နားကြားရာမှာ ဖြစ်သွားလိုက်တဲ့ ကမောက်ကမ အဖြစ်အပျက်အကြောင်းအရာ ကိစ္စတွေဟာ စာရေးသူတွေအတွက်တော့ စိတ်ကြိုက်ရေးလိုက်ချင်စရာတွေချည်းပါပဲ။

သည်စာကိုရေးသားနေတဲ့ မိမိဟာလည်း ဘာမှမဟုတ်သေးတဲ့ ကလောင်ပေါက်စကွေးလေးပါ။ စာရေးတဲ့အခါမှာတော့ ငါဟာ သူတို့လောက်မတတ်ဘူး၊ မသိသေးဘူး၊ အထင်သေးခံရမှာပဲ.. တစ်ခုခု မှားလို့က အဝေဖန်ခံရမှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်တွေးပူပြီး အလိုလို အားနည်သိမ်ငယ်လာမှုတွေကို အတတ်နိုင်ဆုံး ဖြေဖျောက်ပြီး ရေးသားလေ့ရှိပါတယ်။ အဓိကက သဘာဝကျတဲ့ အရေးအသားဖြစ်ဖို့ လိုတာပဲ လို့မြင်တယ်။ ရိုးသားမှုရှိဖို့က အဓိကပါ။ သည်လိုရေးသားရင်းက တစ်ခါတစ်လေ စာတွေဟာ ဝေဖန်ရေးစာ(သို့မဟုတ်) အတွေးအမြင်စာစုများဖြစ်သွားတတ်တတ်တာကိုလည်း သတိပြုကာ ပြန်လည်၍ တွေးတွေးဆဆနဲ့ ဆင်ခြင်မိပြန်ပါတယ်။

စာသမားလောကမှာ အလွန်အင်မတန် ဆူးပေါထူပြောတဲ့ စာပေမျိုးကို စာသမားတိုင်းမရေးချင်ကြ၊ ဘဝဝမ်းရေးအတွက်၊ မိသားစုအရေးအတွက် အသက်မွေးဝမ်းကျောင်းနေကြသူများ ဆိုရင် ကိုယ်ကျိုးငဲ့ပြီး တမင်တကာ ရှောင်တတ်ကြပါတယ်။ ဒါလည်း သူတို့ရဲ့ အပြစ်မဟုတ်ပါဘူး။ တချို့ကျတော့ ကလောင်ခွဲအမျိုးမျိုးနဲ့ ဆော်စာ၊ ကလော်စာများရေးသားရင်း လူရှေ့သူရှေ့ ထွက်မပြရဲလောက်အောင် ဘဝတုံးကြရပါတယ်။ ဆင်ခြင်ကြဖို့ပဲကောင်းပါတယ်။ အမှန်တရားကို များများရေးပြတတ်ရင်လည်း ကောင်းတော့ ကောင်းပေမယ့် ကိုယ်သာ လူမုန်းခံရကိန်းရှိလေ၏။ အမှန်တရားတွေကို မျက်ကွယ်ပြု ကျောခိုင်းပြီး တမင်ကလာ လွတ်အောင် ရှောင်ကွင်းရေးသားပြန်တော့လည်း ဆားမပါတဲ့ဟင်းကို စားရသလိုပဲ ပေါ့ရွှတ်ရွှတ်နိုင်လှတော့တယ်။ စာရေးတဲ့ဘဝဟာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ လူတိုင်းသာ မမှန်မမှားတဲ့ အမှန်တရားများတွေကို သဘာဝကျကျ ရေးသားကြ၊ စာဖတ်သူတွေအားလုံးက လက်ခံနိုင်ကြမည်ဆိုလျှင် ...။


မေတ္တာဖြင့်
စံလင်းထွန်း


photo copy from google image.

3 comments:

~ဏီလင်းညို~ said...

စံလင်းရေ...
ဒီပို့စ်လေးကောင်းတယ်...။
အစ်ကို့ရဲ့ အယူအဆကတော့ စာရေးတဲ့နေရာမှာ ရိုးသားမှုရှိဖို့ပဲလေ...။ အတွေးခြင်းတိုက်ဆိုင်တယ်...။
(စာတွေအများကြီးရေးနိုင်တယ်...။ အစ်ကိုမရောက်ဖြစ်တဲ့ အချိန်လေးအတွင်းအများကြီးပဲဗျာ....။ တစ်ကယ်..တစ်ကယ်...ရေးအားရော တွေးအားပါကောင်းတယ်...။ ချီးကျူးတယ်...း))
ခင်မင်တဲ့
ဏီလင်းညို

သွယ်လင်းဆက် said...

ကောင်းတယ်ဗျာ။ ကျွန်တော်ကြိုက်တယ်။

ချော (အစိမ်းရောင်လွင်ပြင်) said...

မှတ်သားစရာလေးပါ.. စာရေးတဲ့သူတိုင်း သတိထားသင့်တဲ့ အချက်လေးတွေပါဘဲ..
ဖတ်ခွင့်ရအောင် စေတနာနဲ့ ရေးထားပေးတာကျေးဇူးတင်ပါတယ်ရှင်..