Wednesday, January 1, 2014

လွတ်မြောက်ခြင်းရဲ့  အဓိပ္ပါယ် (၂)



လွတ်မြောက်ခြင်းရဲ့  အဓိပ္ပါယ်
 
မွေးဖွားခြင်းနဲ့စခဲ့တဲ့ ငါဟာ ... တစ်နေ့နေ့မှာ ...
 သေခြင်းနဲ့အဆုံးသတ်ဖို့ သေချာတယ် ...
မသေချာခြင်းတွေပြည့်နှက်နေတဲ့ လောကကြီးမှာ
 သေချာခြင်းဆိုတာ မွေးပြီးသေ ... သေပြီးမွေး ...
အဟောင်းပျက်လိုက် အသစ်ဖြစ်လိုက်နဲ့ (ဖြစ်ပြီးပျက်) 
ဒါတွေပဲရှိပါလား ...။

သေချာမယ်ထင်လို့ ပွေ့ ပိုက်မိခဲ့တဲ့
 လောဘ၊ ဒေါသ၊ မောဟ အထုပ်တွေ 
ပင်ပမ်းဆင်းရဲကြီးစွာ ထမ်းပိုးရင်း
နွမ်းနယ်ခဲ့ရပါပေါ့လား ...။

သံသရာတစ်လျှောက်မှာ
 အမှန်ဆရာပျောက်လာခဲ့ရာက
 ဟော ...
အခုကံလာထောက်တော့
 အမှန်ဆရာရှေ့ မှောက်မှာ 
သံသရာကွေ့ ကောက်ကြောင်းတရားတွေ
အဖန်တရာမက ပြန်နာခွင့်ရခဲ့ပြီပေါ့ ...။

ကိလေသာအောက်မှာ ပိကျေနာနေခဲ့သမျှ 
အတုံးအရှုံးလဲပြိုကျ၍ တဘုန်းဘုန်းလဲနေခဲ့ရပေမယ့်
 ဝေဒနာသည်တစ်ယောက် နာလန်ထူချိန်ရောက်ခဲ့ပါပြီ ...။

လောကရဲ့ အတုမရှိဆရာသခင်ဗုဒ္ဓဘုရား 
အမှန်ပင်မုချဟောလေသည့်တရား
သံသရာတစ်ခွင်ဒုက္ခမျောနေသူတို့အား
 ပြောလေသည့်အမှန်ဗုဒ္ဓစကားက ...
 သည်ခန္ဓာရဲ့ ဒုက္ခအစစ်အမှန်တရား
သုံးသပ်ကာရှုပွားကြ 
အဆုံးသတ်မှာ လွတ်သွားရမည်မုချဟု ...
 မြတ်ဗုဒ္ဓ ဟောပြလေခဲ့သည်တကား ...။

စံလင်းထွန်း (၁-၁-၂၀၁၄)

(တစ်ကယ်တော့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းသွားတယ်ဆိုတာ သိသာထင်ရှားသော အဟောင်းပျက်လို့ အသစ်ဖြစ်လာခြင်းတစ်ခုပါပဲ ...။ နောက်နောင်တိုင်အောင် လူမျိုးစုတွေ၊ သတ္တ၀ါတွေ၊ ကမ္ဘာတွေအစရှိတဲ့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကအားလုံးဟာ အစဉ်အဆက်ပြောင်းလဲသွားသော်လည်း ဘုရားမြတ်စွာအကြိမ်ကြိမ်သတိပေးဟောကြားခဲ့တဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းနိယာမကြီးကတော့ မပြီးနိုင်မဆုံးနိုင်အောင် မဆုံးသောသံသရာအဖြစ်လည်ပတ်နေဦးမှာပါ။ ဗုဒ္ဓရဲ့နည်းလမ်းနဲ့ သံသရာကိုမဖြတ်နိုင်သေးသမျှ ဒုဂ္ဂတိ၊ သုဂ္ဂတိ ဘ၀တွေထပ်ခါထပ်ခါရလို့ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းခြင်း မျိုးစုံတို့နဲ့ အိုပွဲ၊ နာပွဲ၊ သေပွဲတွေ အကြိမ်ကြိမ်နွှဲနေရဦးမှာပါ။ ဒုက္ခသစ္စာထဲမှာ ဒုက္ခပင်လယ်တွေဝေနေကြရဦးမှာပါ။ စိတ်သစ်လူသစ်(ရုပ်သစ်နာမ်သစ်)နဲ့ နှစ်သစ်မှာ ကိလေသာအညစ်တွေမဖြစ်စေဘဲ နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် တရားဘာဝနာများပွားများ အားထုတ်နိုင်ကြပါစေ...သာသနာ့အကျိုးရွက်သယ်ပိုးနိုင်ကြပါစေ..လို့ ဆုတောင်းမေတ္တာများပို့သရင်း ကိုယ်တိုင်ခံစားရေးဖွဲ့ ထားတဲ့ ဓမ္မသံဝေဂကဗျာလေးတစ်ပုဒ် အမှတ်တရရေးတင်လိုက်မိပါတယ်။

တစ်ဆက်တည်း ရေးခဲ့ချင်တာက ကျွန်တော့်အကြောင်း တစ်စိတ်တစ်ဒေသပါ။ မနှစ်က ရေးခဲ့တဲ့ ကဗျာအောက်မှာလည်း အတိုချုပ်ရေးခဲ့ဖူးပါတယ်။ လွန်ခဲ့သော (၃)နှစ်ခန့်လောက်က ခန္ဓာရဲ့ဒုက္ခ၀ဒနာတွေ အပြင်းအထန်ခံစားခဲ့ရာမှစလို့ သတိသံဝေဂတွေရပြီး ကိုယ်စိတ်နှစ်ပါး ပူလောင်ဆင်းရဲနေရခြင်းမှ လွတ်မြောက်ရာနေရာအမှန်ကို အားကိုးတကြီးရှာဖွေခဲ့ပါတယ်။ ကံကောင်းထောက်မလို့ ဆရာစစ်ဆရာမှန်၊ အားကိုးရာတရားအစစ်အမှန်ကိုတွေ့ပြီး တရားစခန်းတွေအကြိမ်ကြိမ်ဝင်ကာ တရားဘာဝနာတွေကို ရက်လပေါင်းများစွာ အကြိမ်ကြိမ်အားထုတ်ခဲ့လိုက်တာ ရောဂါတွေလည်း ပျောက်မှန်းမသိပျောက်ပြီး စိတ်ထားတွေပါပြောင်းမှန်းမသိ ပြောင်းလဲလာတာကို တဖြည်းဖြည်းသတိထားမိခဲ့သည်။

အရင်ကစိတ်ကြမ်းလို့ စာတွေကြမ်းခဲ့တာကိုလည်း ဖတ်ရှုသူများခွင့်လွှတ်ကြပါ။ မရင့်ကျက်တဲ့ စိတ်နဲ့ ရေးခဲ့တာမို့ မှန်တာတွေပါသလို၊ မှားတာတွေလည်းပါခဲ့သည်။ တရားတွေ အသေအချာ အားထုတ်ပြီးမှပြန်ဖတ်ရင်းကုက္ကုစ္စတွေဖြစ်လာသည်။ (တရားအသိဥာဏ်တွေ သိပ်မရှိခင်တုန်းက ရေးခဲ့တဲ့စာမျိုးတွေ အခုအချိန်မှာ ပြန်မရေးတတ်တော့သလို စိတ်ထဲမှာ ခံစားမိသည်။ ရေးလည်း မရေးချင်တော့ပါ။ အရင်ကစာတွေအတွက် မိမိစိတ်ထဲမှာ မသိုးမသန့်ဖြစ်မိသည်။) အကုသိုလ်ပြုပြီးမှတော့ နောင်မဖြစ်အောင်ဆင်ခြင်ရုံရှိတာပေါ့။ တစ်ကယ်တော့ အကုသိုလ်ဆိုတာ သူတစ်ပါးဥစ္စာခိုးတာ၊ သူတစ်ပါးအသတ်သတ်တာစတဲ့ ထင်ထင်ရှားရှားကျူးလွန်နေတာတွေကိုမှ အကုသိုလ်လို့ မခေါ်ပါဘူး။ ဗုဒ္ဓဟောကြားထားတဲ့ အကုသိုလ်ဟာ အတိုချုံးပြောရရင် ကာယကံ၊ ၀စီကံ၊ မနောကံ (ကိုယ်၊ နှုတ်၊ စိတ်) မှ ကိလေသာခိုင်းတိုင်း လွန်ကျူးကြတာတွေမှန်သမျှဟာ အကုသိုလ်တွေပါပဲ။ သိမ်မွေ့တဲ့အကုသိုလ်နဲ့ ထင်ရှားတဲ့အကုသိုလ် ဒါပဲကွာခြားတာပါ။ ဒါကြောင့် ဘလောဂ့်တစ်ခုတည်းမှာတင် စိတ်နှစ်မျိုးနဲ့ အပြောင်းအလဲဖြစ်ကာ ရေးသားခဲ့သမျှစာတွေကို နှိုင်းယှဉ်ပြီးတော့ အမှားကြည့်ကာ အမှန်သိသာ၍ စံနမူနာယူနိုင်ကြပါစေ ...။

သည်ကဗျာသည်ဘလောဂ့်ပေါ်မှာ နောက်ဆုံးတင်ခဲ့တာလည်း ဖြစ်သွားနိုင်ပါသည်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန်မှာတောင် မရေရာမသေချာဘဲ ဘယ်အချိန်မှာဘာဖြစ်မလဲဆိုတဲ့ မသိခြင်း(၅)ပါးနဲ့ အားလုံးကိုယ်စီ အသက်ရှင်နေရတာမဟုတ်လား...။ ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာတင် ရပ်မနေဘဲ အတွင်းထဲထိရောက်အောင်ဝင်ကြည့်ကြပါ။ ဘုရားအလိုကျသစ္စာတရားတွေနာပြီးတရားဘာဝနာတွေပွားများအားထုတ်ရင်းအထက်တန်းကျတဲ့ဗုဒ္ဓဘာသာနွယ်ဝင်များ ဖြစ်နိုင်ကြပါစေ...။ အခေါ်ရှိမှာတင်မနေဘဲ တစ်ကယ်ရှိရုပ်နာမ်အမူအရာတွေမှာ သတိတရား လက်ကိုင်ထားရင်း နေထိုင်သွားလာလှုပ်ရှားပြီး အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်ကို အရောက်လှမ်းတက်နိုင်ကြပါစေ ...။ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကင်းလွတ်နိုင်ကြပါစေ ...။)

မေတ္တာဖြင့်
စံလင်းထွန်း (၁-၁-၂၀၁၄)

မှတ်ချက်။ မိမိဖြစ်ခဲ့သော ရောဂါများဆိုသည်မှာ နှလုံး၊၊ အစာအိမ်၊ အာရုံကြောနှင့်ဆိုင်သော ရောဂါတို့ကိုဆိုလိုခြင်းဖြစ်သည်။ မည်သို့ဆိုစေ ခန္ဓာရှိလျှင် ဝေဒနာရှိမည်မှာ အမှန်ပင်ဖြစ်သည်။ အနာသိလျှင်တော့ဆေးရှိပါသည်။ မိမိအားထုတ်သော တရားအပေါ် ယုံယုံကြည်ကြည်ဖြစ်ဖို့သာလိုသည်။ တစ်ကယ်တော့ တရားအားထုတ်တယ်ဆိုတာ ကျန်းမာရေးကောင်းရုံတစ်ခုတည်းအတွက် မဟုတ်ပါ။ လောက သံသရာဝဋ်ဆင်းရဲဒုက္ခမှ အပြီးတိုင် လွတ်မြောက်ရန် အားထုတ်ရခြင်းဖြစ်သည်။

photo copy: From Google Imgae

Monday, December 31, 2012

လွတ်မြောက်ခြင်းရဲ့အဓိပ္ပါယ်

လွတ်မြောက်ခြင်းရဲ့အဓိပ္ပါယ်

ကုန်ခဲ့ပြန်ပြီ ရက်လနှစ်တွေ
ကြာခဲ့ပြန်ပြီ မျှော်လင့်ချက်တွေပြည့်ဝဖို့
ကြိုးစားခဲ့ရပြန်ပြီ ရည်မှန်းချက်တွေအထမြောက်ဖို့
ဟိုမှာ ဒီမှာကြည့်လိုက် ...
လူတွေ လူတွေ ... ကိုယ်စီကိုယ်စီ
ဘဝအိမ်မက်တွေကို ပုံဖော်ကားချပ်ရေးဆွဲလို့
ဟိုဟိုဒီဒီ ကူးချည်သန်းချည်နဲ့ ပြေးလွှားနေကြဆဲ ...။

အမှန်မသိခြင်းမီးတွေဖုံးလွှမ်းလိုက်ချိန်မှာ
အကြံအစည်လှိုင်းကြီးတွေက ဝင်ရောက်တိုက်စားလိုက်လို့
လိုချင်တာလေးတစ်ခုတည်းအတွက်နဲ့
ကိလေသာတွေကတုပ်နှောင်လိုက်တဲ့
ဘဝအချုပ်ထောင်တွေထဲ
အကျဉ်းချခံထားရတဲ့ ကိလေသာအကျဉ်းသားအဖြစ်က
ခြေကျင်းပြုတ်အောင် ရုန်းမထွက်နိုင်ကြသေး ...။

ဗုဒ္ဓဘုရားကဆုံးမတဲ့ ... ဓမ္မကြောင့်
ငါဆိုတဲ့မာန်မာနတွေကိုခဝါချ
သံဝေဂတွေရကြ အမှန်တရားကိုဆင်ခြင်လိုက်လို့
အမှန်တရားကိုမြင်လိုက်ချိန်မှာ အကြံကိုပြင်လိုက်တဲ့အတွက်
အမှန်သိ၊ အမှန်မြင်၊ အမှန်ပြင်
အမှန်လုပ် အမှန်ဟုတ်သွားပြီး
မမှန်လုပ်တဲ့ အကြံယုတ်တွေ တပ်ပြန်ဆုတ်ရလေပြီ ...
ငါပိုင်၊ ငါဆိုင်၊ ငါပြိုင်တဲ့ပွဲတွေ ရပ်ဆိုင်းသွားရလေပြီ ...
ငါစွဲတွေပြုတ် ဘဝအလွဲတွေချုပ်မှ
အကျွတ်တရားတွေရလို့ လွတ်သွားလေကြသူတွေကတော့
သောကတွေကင်းစင်ပြေးတဲ့
မောဟပင်လယ်ရဲ့အဝေး ... ဟိုမှာဘက်က
မနောအလှကမ္ဘာအသစ်ကလေးထဲမှာ
လောကအမြင်တွေကျယ်ခဲ့ရပြီပေါ့ ...။

စံလင်းထွန်း 
ကဗျာရေးသည့်ခန့်မှန်းအချိန် (၂၉.၁၂.၂၀၁၂) ညနေး (၅)နာရီဝန်းကျင်

(လွန်ခဲ့တဲ့ (၂)နှစ်ခန့်ကတည်းက ကျန်းမာရေးအတော်ညံ့ဖျင်းခဲ့ရာကစပြီး သေရမှာတွေးကြောက်လို့ သတိ
သံဝေဂတွေဝင်ပြီး တရားကို ကြိုးစားပမ်းစား အားထုတ်ခဲ့တာ (၁)နှစ်ကျော်ခဲ့ပါပြီ ...။ တရားတန်ခိုးကြောင့် ကျန်းမာရေးလည်း ပုံမှန်ပြန်ကောင်းခဲ့ပါပြီ ...။ သေရမှာလည်း အကြောက်မကြီးတော့ပါဘူး။ သေနည်းသင်တန်းတွေလည်း အတော်စုံစုံလင်လင် တက်ထားပြီးပါပြီ။ ဘလော့ဂ်မရေးဖြစ်လောက်တော့ဘူးလို့ ထင်မှတ်ထားပေမယ့် အခုရေးဖို့ အခါအခွင့်သင့်တာနဲ့ နှစ်သစ်ကူးမှာ အားလုံးအတွက် အကျိုးရှိစေမယ့် ဘ၀အတွေ့ကြုံနဲ့ ရင်းပြီးမှဖြစ်လာတဲ့ ရင်တွင်းဖြစ် ကဗျာလေးတစ်ပုဒ်ကို ထုတ်နှုတ်ရေးသားလိုက်ရပါတယ်။ လိုတာရှိလည်း လွတ်လပ်စွာ အကြံပြုပေးသွားနိုင်ပါတယ်ခင်ဗျာ။

အထက်ပါကဗျာလေးရဲ့နောက်ဆုံးပိတ်ခါနီး (၄)ကြောင်းအလိုမှာ ကျွန်တော်အရင်ရေးခဲ့ဘူးတဲ့ နာလန်ထူစနှလုံးသားနဲ့ သူ့ရဲ့ဘ၀ ဆိုတဲ့ကဗျာထဲက စာသားတွေကို ထပ်မံဖြည့်စွက်ထားပါတယ်။ အစကတော့ ရိုးရိုးလေး အဆုံးသတ်ထားတာပါပဲ။ ဒါပေမယ့် စာပေ၀ါသနာပါတဲ့ ဦးလေးတစ်ယောက်ကို ကွန်ပျူတာနဲ့ ပရင့်ထုတ်ပေးကြည့်တော့ အဆုံးသတ်စာကြောင်းလေးကို မှားတာတော့မဟုတ်ဘူး အခြားစာသားတစ်ခုခု သုံးနှုံးစေချင်တယ်လို့ပြောတာနဲ့ အရင်ကရေးထားတဲ့ ကဗျာထဲကစာသားတချို့ကို သဘောကျလို့ ပြန်ထည့်လိုက်ပါတယ်။

နှစ်သစ်မှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေလို့ တောင်းဆု မေတ္တာ ပို့သလိုက်ပါတယ်။)

Sunday, July 8, 2012

မလေးရှားနိုင်ငံတွင် ဇူလိုင် ၁၅ရက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပမည်



ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်မှ ဦးစီးကျင်းပသော (အာဇာနည်နေ့ အထိမ်းအမှတ်) အထိမ်းအမှတ် အနေဖြင့် စာပေဟောပြောပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက် ၆ လွှာတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

စာပေဟောပြောပွဲ လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်ငယ်ငယ်လေးက စာပေဗဟုသုတကို မြတ်နိုးတယ်။ စာပေဖတ်တာ ပြီးတော့ စာပေဟောပြောပွဲတွေ နားထောင်တာ သိပ်မရှိခဲ့ပါဘူး။ စာရေးဆရာတွေကို လေးစားတယ်။ ဒါကြောင့် အခုလို စာပေ ဟောပြောပွဲလေးကို လုပ်ဖြစ်တာပါ။

စာပေဟောပြောပွဲအတွက် မြန်မာနိုင်ငံမှ နာမည်ကြီး ဆရာတွေ ဖြစ်တဲ့ ဆရာ အဏ္ဏဝါစိုးမိုး ဆရာ အောင်စိုးသူ (အယ်ဒီတာချုပ်) ဆရာ ဦးဘုန်း (ဓာတု) တို့ကို စာပေဟောပြောပွဲ အတွက် ဖိတ်ကြားထားပါတယ်။ ပြီးတော့ အခုလို မလေးရှားနိုင်ငံကို ရောက်နေတဲ့ အချိန်မှာ အလုပ်မှာပဲ လုပ်နေရတဲ့ မြန်မာတွေကို စာပေဗဟုသုတ အတွေးတွေ စိတ်ဓာတ် ခွန်အားတွေ ရစေချင်တယ်ပေါ့။

http://api.ning.com/files/WnUidg7cHW8ARATZ8adLsSq4zmISUE3xKZSmX7uwLEQZ3yMFsmsSEY5hL6BZmb8kK-T2qGqtLrMD42r2xRql8QS2BYroaXKf/nayzawlin2012.gif

မလေးရှားနိုင်ငံရောက် အခုလို အမိမြေနဲ့ ဝေးကွဲနေရအချိန်လေးမှာ ဆရာကြီးများ ဟောပြောမဲ့ ဗဟုသုတတွေကို လာရောက် နားထောင်စေချင်ပါတယ်။ အထူးအစီအစဉ် အနေနဲ့ Lucky Draw ကံစမ်းမဲ လက်ဆောင်တွေကိုလည်း ထည့်ထားပါတယ်လို့ စာပေဟောပြောပွဲ စီစဉ်သူ ခေါင်းလောင်းသံ အယ်ဒီတာ ကိုညီညီမှ မလေးရှား အွန်လိုင်းရေဒီယို မီဒီယာသို့ ပြောကြားပါသည်။

စာပေဟောပြောလက်မှတ်များကို ကေအယ်မြန်မာဆိုင်များတွင် လက်မှတ်တစ်စောင် ၁၅ ရင်းဂစ်ဖြင့် ဝယ်ယူနိုင်ပြီး စာပေဟောပြောပွဲ အစီအစဉ်ကို ဇူလိုင် ၁၅ ရက် (15.7.2012) တနင်္ဂနွေနေ့တွင် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပြီး စာပေဟောပြောပွဲ နေရာကတော့ ယခင်စာပေဟောပြောပွဲ ပြုလုပ်ခဲ့သည့် နေရာဖြစ်တဲ့ ကေအယ် ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက် ၆ လွှာတွင် ပြုလုပ်မည်ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် စာပေချစ်မြတ်နိုးသော ရွှေမြန်မာများအနေဖြင့် ဆရာကြီးများဟောပြောသော စာပေဗဟုသုတ အကြောင်းအရာများကို တက်ရောက် အားပေးနားထောင်ကြဖို့ အသိပေးလိုက်ရပါသည်။

စာပေဟောပြောပွဲ အစီအစဉ်များနှင့် ပက်သက်၍ မေးမြန်းလိုပါက ခေါင်းလောင်းသံဂျာနယ် ဖုန်း - ၀၁၂-၆၄၈၈ ၂၉၇ ၊ ၀၁၇-၃၅၅၈ ၇၁၀ ၊ ၀၃-၉၂၂၆၀ ၆၇၄ သို့ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သိရှိရပါသည်။

နေဇော်လင်း

(အွန်လိုင်း ရေဒီယို မီဒီယာ မလေးရှား )



♪♫♪ 24 Hours' Live Online Radio Media (Malaysia) ♪♫♪

Thursday, January 27, 2011

ကျွန်တော်ပြောပြချင်နေတဲ့ ကျွန်တော့်ရင်ထဲက စကားစုများ


လတ်တလောမလေးရှားမှာ အရမ်းကို အဖမ်းအဆီးကြမ်းနေပါတယ်။ ကြမ်းတာမှ ရိုးရိုးကြမ်းတာမဟုတ်ဘူး။ ရေရေလည်လည်ကို ပွဲကြမ်းနေတာပါ။ တရုတ်နှစ်သစ်ကူးကလည်း နီးနေတာတကြောင်း၊ နှစ်သစ်ကူးခါစမို့ တကြောင်း၊ နောက်ပြီးသူတို့အစိုးရ ခေါင်းဆောင်ပိုင်းတွေ အပြောင်းအလဲ လုပ်တဲ့အခါမျိုးမှာလည်း ဒါမျိုးတွေ ရှိတတ်ပါတယ်။ အဖမ်းအဆီးကြမ်းပုံများကတော့ မပြောနဲ့တော့ ကျွန်တော်တောင် ဟိုတစ်နေ့က ကေအယ်လ်ကိုအသွား ဘတ်(စ်)ကားပေါ်မှာအစစ်ခံလိုက်ရသေးတယ်။ သူတို့ကပုံမှန်နေရာ၊ ပုံမှန်အချိန်မှာ ပုံမှန်စစ်တာမျိုးမဟုတ်ဘဲ လူတွေမထင်မှတ်တဲ့ အချိန်အခါမျိုးမှာ ရှောင်တခင် ဝင်ရောက်စစ်တာမျိုးတွေ လုပ်တတ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဟိုင်းဝေးကားလမ်းတွေပေါ်မှာ အသွားလမ်းကော၊ အပြန်လမ်းကော ယာဉ်ကြောနှစ်ကြောလုံးကို ဘလောက်အကြီးစားကြီးတွေနဲ့ ပိတ်ပြီး စစ်တာဆေးတာမျိုးတွေ ရှိလာပါတယ်။

ကိုတာရာရာပါတ်ဝန်းကျင်က ရွှေမြန်မာဆိုင်များ အနီးအနားတဝိုက်မှာ ဆိုရင်လည်း Rela လို့ခေါ်တဲ့ ပြည့်သူ့စစ်တွေနဲ့ မလေးရဲတွေ ပူးပေါင်းပြီး တွေ့တဲ့လူတိုင်းကို ပါတ်(စ်)ပို့(စ်) စာအုပ် (ဒါမှမဟုတ်) ဂျလန်းကဒ်ဖြစ်ဖြစ် ထုတ်ပြခိုင်းပြီး နေထိုင်ခွင့်ပါမစ်ကို မှန်မမှန်စစ်ဆေးလေ့ရှိပါတယ်။ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်းလိုလို အော်ပရာစီဝင်လေ့ရှိပါတယ်။ ခုနောက်ပိုင်းဆိုရင် လူတွေမထင်မှတ်တဲ့ ကြားရက်တွေပါ ဝင်ဆွဲလာပါပြီ။ သူတို့ကတော့ မသင်္ကာတဲ့ နေရာမှန်သမျှလိုက်စစ်၊ လိုက်ဆွဲနေအုန်းမှာပဲ။ အော်ပရာစီဆိုတာနဲ့ ရွှေတွေဖိန့်ဖိန့်တုန်အောင်ကိုကြောက်ကြပါတယ်။ အော်ပရာစီဝင်တဲ့နေရာမှန်သမျှ ပါမစ်ရှိရှိ၊ မရှိရှိ တွေ့သမျှ နိုင်ငံခြားသား ကလေးလူကြီးပါမကျန်အောင် အကုန်ကားပေါ်ကို အရင် တက်ခိုင်းတယ်။ ရဲစခန်းရောက်မှ မှန်တာ၊ မမှန်တာကို အသေးစိတ်စစ်ဆေးတယ်။ တချို့ဆိုမှန်ရက်ကြီးနဲ့ သူဌေးကလာမရွေးလို့ ထောင်နန်းစံသွားရတာမျိုးတွေတောင်ရှိပါတယ်။ ဒါတွေတင်လားဆိုတော့ ဒါနဲ့တင်ဘယ်ကဦးမလဲ။ ဒီ့ထက်ဒီ့ထက်မကကို မသိသေးတာတွေ အများကြီး ရှိနေပါသေးတယ်။

ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဘဝထဲက အဖြစ်အပျက်တချို့ကိုရေးချမယ်ဆိုရင်တောင် ဒီစာတစ်ပုဒ်တော့ ဖြစ်မြောက်နေပါပြီ။ ဒါပေမယ့် တစ်ခါတစ်လေကျ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမိနေသလိုပဲ။ ကိုယ်ကြုံခဲ့ရတဲ့ဘဝမှာ တချို့ကိစ္စအနဲငယ်ကိုတော့ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ အကောင်းထက် အဆိုးဘက်က များလွန်းလို့ ထပ်ပြီးတော့တောင် မရေးချင်တော့။ အခုရေးချင်တာက အများကိစ္စတွေကိုပါ။ မလေးရှားမှာ မြန်မာတွေနဲ့ ပါတ်သတ်တဲ့ စိတ်မကောင်းစရာ သတင်းတွေအကြောင်း အရင်စပြောရမှာပါပဲ။ တချို့ဘလောဂ့်တွေနဲ့ ဂျာနယ်၊ သတင်းမီဒီယာတွေမှာ ခဏခဏကြားသိနေရတဲ့ နိုင်ငံခြားရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝပြဿနာပေါင်းစုံ အကြောင်းအရာအချို့ထဲက အနဲငယ်လောက်ကို ဒီစာထဲမှာ ထည့်ပြီးရေးချင်လာတယ်။ နိုင်ငံခြားရောက်မြန်မာလူမျိုးတွေ သူတပါးရဲ့အဖိအနှိပ်ခံဘဝ ဖြစ်နေရတဲ့ အကြောင်းအရင်းက စရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကျဉ်လည်ခဲ့ရတဲ့ဘဝ၊ ကြုံဖူး၊ သိဖူး၊ ကြားဖူး၊ မြင်ဖူးခဲ့သမျှတွေဟာ တဖြည်းဖြည်းနဲ့ နောက်ဆုံးတော့ ကျွန်တော့်ကို ဒီဘလောဂ့်ပေါ်မှာ စာတွေရေးဖြစ်လာဖို့ အထိအောင် တွန်းအားတွေပေးခဲ့တာလို့တောင်ထင်ပါတယ်။

လတ်တလော ကျွန်တော်ဖတ်မိသမျှ သတင်းအချို့ထဲက ဟိုတလောက မြန်မာမိန်းကလေးများ အစော်ကားခံရတဲ့ကိစ္စ၊ မြန်မာအမျိုးသမီးနှစ်ဦး သေဆုံးသွားတဲ့သတင်း၊ မလေးရှားမှာ မြန်မာတချို့ လူဆိုးဂိုဏ်းကြီးများနဲ့ ပေါင်းပြီး ဒုစရိုက်လုပ်ငန်းတွေ လုပ်နေကြတဲ့အကြောင်း၊ နိုင်ငံခြားသွားတဲ့ မြန်မာလူမျိုးတွေ တချို့ အေးဂျင်စီနဲ့ ကြားပွဲစားများက အမျိုးမျိုးဒုက္ခအဖုံဖုံပေးနေကြတဲ့အကြောင်း၊ အဆိုးဆုံးကတော့ မြန်မာအချင်းချင်း ရိုက်နှက်သတ်ဖြတ်ကြတဲ့သတင်းတွေပါ။ စကားကြီးစကားကျယ်လို့ထင်ကြေးပေးတဲ့ စာတွေကို သိပ်ပြီးမရေးချင်တော့ပေမယ့် မဖြစ်မနေမိုလို့ ထပ်ရေးလိုက်ရပါတယ်။ ကိုယ့်အမျိုးကို ကိုယ်မှပြန်မချစ်ရင် ဘယ်သူကလာချစ်ဦးမှာလဲ။ ကိုယ့်အချင်းချင်း ဖြစ်နေကြတဲ့ အရှုပ်တော်ပုံကြီးဟာ သံသရာလည်နေသရွေ့တော့ ကမ္ဘာမှာ မြန်မာဟေ့လို့ မကြွေးကြော်ပါနဲ့တော့။ မြန်မာဆိုတာနဲ့ အသာအယာ ခေါ်ခိုင်းလိမ့်မယ်လို့သာမှတ်ပါတော့။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရသလိုမျိုး အကျင့်စာရိတ္တပျက်ပြားကြတဲ့ မြန်မာလူမျိုးစု အနည်းငယ်ကြောင့် ကျန်တဲ့လူလိမ္မာ ရွေမြန်မာတို့ခမျာမှာ သူတို့ရဲ့ဂယက်တွေ ရိုက်ပုတ်တဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ အဆိုးအကောင်း ရောပြွမ်းနေတဲ့ လောကဓမ္မတာအရ ဒီအကြောင်းအရာတွေ ထပ်ရှိနေဦးမှာ မှန်တယ်ဆိုပေမယ့် အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်၊ ယဉ်ကျေးမှု အစဉ်အလာတွေကိုတော့ တတ်နိုင်သလောက် ကိုယ်စီ ထိန်းသိမ်းသွားသင့်တယ်လို့ မြင်ပါတယ်။ အိုင်တီခေတ်ကြီးထဲမှာ အရူးထပြီး ဒီစကားတွေပြောနေရခြင်းမဟုတ်ပါ။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကိုယ်တိုင်တွေ့ကြုံ၊ ခံစား၊ ကြားသိရဖူးပြီဖြစ်လို့ ထိုအတွေ့အကြုံ၊ အကျိုးဆက်များထဲမှ ရလာခဲ့တဲ့ အတွေးအမြင်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်ပြီးဖြစ်လို့ ခုလိုမျိုးရေးချလိုက်တာပါ။

နောက်ထပ်ရေးချင်တဲ့ အကြောင်းအရာတစ်ခုက မြန်မာပြည်မှာ စစ်မှုမထမ်းမနေရတဲ့ဆိုတဲ့သတင်းနဲ့ ပါတ်သတ်လို့ နိုင်ငံခြားရောက် မြန်မာတွေ အတော်များများအကြားထဲမှာ ဂယက်ရိုက်နေကြတဲ့ကိစ္စပါ။ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရင်း သူတစ်ပါးတိုင်းပြည်မှာ မျက်နှာငယ်ငယ်နဲ့ ငွေရှာနေရတဲ့ အချန်မျိုးမှာ ကိုယ့်နိုင်ငံထဲက ထွက်လာတဲ့ သတင်းကြောင့် တချို့ဆို အိမ်မပြန်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့သူနဲ့ လောလောဆယ်ပြန်မယ့် အစီအစဉ်ကိုတောင် ဖျက်သိမ်းလိုက်ကြတဲ့သူနဲ့ လူတိုင်းနီးပါးလိုလို ဒီစံနစ်ကို ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ အဆိုးဆုံးကတော့ မလေးရှားက မြန်မာတွေ ဘေးကြပ်နံကြပ် ဖြစ်နေတဲ့အချိန်ပါ။ ဒီမှာလည်း မြန်မာအချင်းချင်း အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားလုပ်ချင်ကြတဲ့ သူတွေရှိသလို မလေးရှားရဲကပါ တစ်ခါထပ်ပြီးတော့ ဒုက္ခပေးတယ်။ ဒါနဲ့တင်လားဆိုတော့ နိုးပါ။ ဒီနိုင်ငံသား လူမိုက်များကလည်း တောလိုက်မုဆိုးများလို သားကောင်ရဲ့ အလစ်အငိုက်ကို အမြဲတမ်း ချောင်းနေလေ့ ရှိပါတယ်။ ကြုံရင်ကြုံသလို လုယက်ဆွဲစားတတ်ရုံတင်မက အခန့်မသင့်ရင် လူကိုပါ ဒုက္ခအပေးခံ ရပါသေးတယ်။ တချို့ မြန်မာမိန်းကလေးများ ဘဝတွေလေလွင့်ပျက်စီးနေကြပါတယ်။ သူတပါး အစော်ကား ခံရရင်တောင်မှ တိုင်စရာနေရာမရှိ။ အားကိုးအားထားစရာမရှိကြပါ။ ဒီလိုနဲ့ တချို့ဘဝတွေ ရေတိမ်နစ်လိုနစ်၊ တချို့ဘဝတွေဆုံရှုံး၊ တချို့ဘဝတွေက လမ်းပေါ်မှာ တေပေလေလွင့်လို့ တချို့သောသူများရဲ့ဘဝတွေသာ ယိုင်တိုင်တိုင်နဲ့ မုန်တိုင်းအကြားမှာ ရပ်တည်ဖို့ အိမ်ကလေးတစ်လုံး ဆောက်နေခွင့်ရပါတယ်။

တစ်ကယ်တော့ နိုင်ငံခြားထွက် ငွေရှာရတဲ့အလုပ်ဟာ အပြောလွယ်သလောက် စိတ်ကူးနဲ့ လက်တွေ့ဟာ အတော်ကွာခြားပါတယ်။ စကတည်းက အစစအရာရာ ကြိုတင်ပြင်ဆင်ပြီးမှ ထွက်လာသူတွေတောင်မှ ဒီရောက်ပြီး ဒုက္ခတွေကြုံကြရသေးတာပဲ။ ဘာမှကြိုတင်ပြင်ဆင်လာခဲ့မှု တစ်ခုမှ မရှိဘဲ လူချည်း ဗလာသက်သက် ရောက်လာခဲ့သူတွေဆိုရင် ဘယ်လောက်ဆိုးတဲ့ ဒုက္ခတွေကို ဘယ်နှစ်ဆလောက် ပိုခံစားရမလဲဆိုတာ တွေးပြီး မစဉ်းစားတတ်အောင်ကိုပါ။ တချို့ကျတော့ သေမြေကြီး ရှင်ရွှေထီး ဟေ့ဆိုပြီး ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလိုမျိုး အားကြိုးမာန်တက် ဇွဲနဘဲကြီးကြီးနဲ့ ကြိတ်မှိတ်ပြီးတော့ နိုင်ငံခြားခရီးလမ်းကို လျှောက်လှမ်းကြရင်း တဖြည်းဖြည်း အမြင့်ကိုရောက်လာကြပါတယ်။ အဲဒီ့လို စိတ်ဓါတ်မျိုးနဲ့ တကယ်သတ္တိကောင်းသူတွေ နိုင်ငံခြားမှာ တိုးတက်ကြီးပွားကြတာ များပါတယ်။ အဲဒီလိုလူမျိုးတွေကို မြန်မာပြည်မှာတုန်းက လက်ချိုးရေလို့ ရလောက်အောင်သာ တွေ့ဖူးကြုံဖူးခဲ့ပေမယ့် နိုင်ငံခြားမှာတော့ ကြီးပွားချမ်းသာချင်တဲ့ မြန်မာလူမျိုး အများကြီးကို ကြုံဆုံးဖူးပါတယ်။ စာနဲ့ရေးပြလို့ မကုန်နိုင်သလို လက်ချိုးရေလို့လည်း မရပါဘူး။ ဒါပေမယ့် ဇွဲနဲ့ကြိုးစားကြရင်း လမ်းခုလတ်မှာ လောကဓံဆိုတဲ့ တရားနဲ့ ထိပ်တိုက် ရင်ဆိုင်ကြုံတွေ့ရလေ့ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ တချို့က အောက်ကို ပြုတ်ကျသွားသလို၊ ဘဝမြင့်သထက် မြင့်တက်သွားကြရသူတွေလည်း ဒုနဲ့ဒေးပါ။ လမ်းခုလတ်မှာတင် အပေါ်မရောက်၊ အောက်မရောက်နဲ့ လမ်းစပျောက်နေကြတဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။

ဘယ်အရာမဆို အဆိုးအကောင်းတွေ ရောပြွမ်းနေတဲ့ လောကသဘာဝတရားကြီးထဲမှာ သူတို့လည်း အဆိုးအကောင်းတွေနဲ့ ရောလျက်တည်ရှိ နေတဲ့ နိုင်ငံခြားဆိုတဲ့ သံသရာဝဲဂယက်ထဲမှာ ကိုယ့်အတွက် စားပေါက်များ ချောင်လည်လာလေမလားဆိုတဲ့ မျှော်လင့်ချက်တွေကို ကိုယ်စီပိုက်လို့ အဲဒီဝဲဂယက်ထဲမှာ တဝဲလည်လည် ကျင်လည်နေခဲ့ကြရတာပေါ့။

ဒီနိုင်ငံမှာတော့ အေဂျင်စီနဲ့ အလုပ်သမားအကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားအကြားမှာ မတော်မတရားမှုတွေ အများကြီးရှိနေတုန်းပါပဲ။ ရတဲ့လစာငွေနှုန်းထား မြန်မာငွေ နှစ်သိန်းဝန်းကျင်လောက်အတွက်နဲ့ ကိုယ့်ဘက်ကပြန်ပြီး ပေးဆပ်လိုက်ရတဲ့ အရာတွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပါ။ တချို့က အလုပ်ထဲမှာ မတော်တဆထိခိုက်မိပြီး လက်ကလေးတွေ၊ ခြေချောင်းကလေးတွေ ပြတ်သွားတယ်။ တချို့ကျတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးရုံတင်မကဘဲ မိမိအသက်ပါ ပေးဆပ်လိုက်ရတာမျိုးတွေတောင် ရှိပါတယ်။ မိန်းကလေးများဆိုရင် ကိုယ်မနှစ်သက်တဲ့ တပါးသူရဲ့ မတရားအစော်ကားခြင်းခံရလို့ အရှက်နဲ့ အသက်ကို လဲသွားသူတွေတောင် ရှိပါတယ်။

လူတွေကထင်ကြတယ်။ နိုင်ငံခြားရောက်ရင် ငါတို့ဘဝတွေဟာ ကောင်းစားလာကြမှာပဲလို့။ တစ်ကယ်တော့ နိုင်ငံခြားမှာ ငွေရှရတဲ့အလုပ်ဟာ အပြောလွယ်သလောက် အလုပ်ခက်ဆိုသလို တကယ့်လက်တွေ့ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက တော်ရုံတန်ရုံလူကို မူလရည်မှန်းချက်တွေ ပျက်စီးသွားစေတတ်ပါတယ်။ ငွေရှာထွက်လာတာ အိမ်အပြန်မှာ ငွေမပါဘဲ လက်ချည်းဗလာနဲ့ ပြန်ရောက်လာတဲ့သူတွေရှိသလို၊ ကျန်းမာရေး ချို့ယွင်းချက် တစ်ခုခုကြောင့် ရောဂါတွေကိုသယ်လာပြီး အိမ်ပြန်ရောက်မှ ဆေးကုသကြရတဲ့သူတွေလည်း မနဲမနောပါ။ နိုင်ငံခြားမှာ ဆေးကုသစရိတ်စကဟာ သူ့နိုင်ငံသားထက် နှစ်ဆနှုန်းထားမြှင့်တင်ထားလို့ အင်မတန်ကိုဈေးကြီးပါတယ်။ အားကိုးရှိတဲ့ မြန်မာပြည်ကို ပြန်ရောက်တော့လည်း ဟိုကနေကိုယ်ရှာထားသမျှ အိမ်ကိုပို့ထားတာလေးတွေ အိမ်ပြန်ရောက်တော့ ဆေးဖိုးဝါးခနဲ့ အကုန်ပြန်ပြောင်တော့ပါပဲ။ တချို့မိဘတွေရဲ့ သားသမီးတွေဆိုရင် မျှော်သမျှော် ပေါ်မလာတဲ့ အဖြစ်မျိုးနဲ့ ကြုံကြရရှာပါတယ်။ သေရင်တောင် နိုင်ငံခြားမှာ ခွေးသေဝက်သေ သေကြရလို့ အိမ်ကမိဘတွေတောင် သိမသွားကြရရှာပါဘူး။ တချို့ကျတော့ နိုင်ငံခြားမှာတင် လုံးဝ ဘာသတင်းအစအနမှ မကြားရတော့ဘဲ အိမ်နဲ့ အဆက်အသွယ်ပြတ်သွားလိုက်တာ နောက်ဆုံး အစအန လုံးဝ ပျောက်သွားကြသူတွေလည်း ရှိပါသေးတယ်။ တချို့က အိမ်ကိုမပြန်ဖြစ်တော့ဘဲ နိုင်ငံရပ်ခြားမှာ အိမ်ထောင်ရက်သား ကျလို့ ဘဝတွေတောင် အရောင်ပြောင်းနေကြပါသေးတယ်။

အဆိုးဆုံး အဖြစ်အပျက်ကတော့ ကိုယ့်တိုင်းပြည်က လူ့သားအရင်းအမြစ်တွေ သူတစ်ပါး တိုင်းပြည် နိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အလဟဿ ဆုံးရှုံးနစ်နာနေရခြင်းတွေပဲဖြစ်ပါတယ်။ ဒီအကြောင်း အချင်းအရာတွေအားလုံးကို ခြုံငုံပြီး ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတစ်ခုပဲ အတွေးထဲမှာ ဖြစ်ပေါ်လာတယ်။

ကျွန်တော်ကျဉ်လည်ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်က ရင်မှနားလည်ခဲ့မိတဲ့ အသိတရားတချို့နဲ့ တစ်ခါတစ်ရံ ခံစားမိပြီး ဘာအကြောင်းကြောင့်လဲလို့ တွေးတောဆင်ခြင် မိလိုက်တိုင်း အဲဒီ့အတွေးစတွေထဲက ပေါ်ပေါက်လာတဲ့ စကားလုံးတချို့ကို စာအုပ်ပေါ်မှာ ဟိုတုန်းက ကြုံသလို ကောက်ပြီးရေးချမိခဲ့ဖူးပါတယ်။ အဲဒီ့စာကြောင်းအတိုလေးတွေ အချို့ထဲက နိုင်ငံခြားနဲ့ပါတ်သတ်တဲ့ တချို့စာတွေကို အများလည်း စဉ်းစားကြည့်ရ၊ ဖတ်ကြည့်ရအောင် မူရင်းအတိုင်းပဲ အောက်မှာထည့်ရေးထားပါတယ်။ ကျွန်တော့် ရေးထားတဲ့ စာသားတချို့ကို လူတိုင်းနှစ်သက်ချင်မှ နှစ်သက်လိမ့်မယ်၊ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ လူတိုင်းကို ဆိုလိုထားခြင်းလည်း မဟုတ်ပါ။ သို့သော်လည်း ကျွန်တော့်အတွေးနဲ့ အရေးသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဲဒီ့စာတွေထဲကနေ တစ်စုံ တစ်ယောက်သော သူတွေအတွက် တစ်စုံတစ်ရာသော အကျိုးတရား တစ်ခုတစ်လေလောက် ဖြစ်ထွန်းသွားခဲ့မယ်၊ သူတို့မှာပိတ်ဆို့နေတဲ့ အသိဥာဏ်တခါးတွေ ဟင်းလင်းပွင့်သွားခဲ့မယ် ဆိုရင်ပဲ ကျွန်တော်ဒီစာကို အချိန်ကုန်၊ လူပင်ပမ်းခံ ရေးသားရကျိုးနပ်ပြီလို့ ယူဆရင်း ရင်ထဲမှာ လေးလေးနက်နက် ယုံကြည်ထားလိုက်မိပါတယ်။

၁။ ငွေကြေးချမ်းသာချင်ရင် တိုင်းတစ်ပါးထွက်ပြီး အလုပ်လုပ်ရမယ်လို့ ဘယ်ပညာရှိတွေက လမ်းခင်း ချပြခဲ့လို့လဲ။

၂။ လောကမှာ ဘယ်အရာမဆို အချောင်ရတယ်ဆိုတာမရှိဘူး။ သူတစ်ပါးတိုင်းပြည်ကိုရောက်တိုင်းလည်း ငွေတွေ လွယ်လွယ်ရလိမ့်မယ်မထင်နဲ့။

၃။ တစ်ကယ်တော့ တိုင်းတစ်ပါးဆိုတာ အဆင်မပြေတဲ့ဘဝအကြပ်အတည်းတွေကို ယာယီဖြေရှင်းဖို့အတွက် ထွက်ပေါက်တစ်ခုသာဖြစ်သင့်တယ်။

၎။ ကိုယ့်တိုင်းပြည်ကဆင်းရဲတော့ လူတွေနည်းအမျိုးမျိုးနဲ့ တိုင်းတစ်ပါးထွက်ပြီး အလုပ်လုပ်ကြရင်း ငွေရှာကြတယ်။ ကိုယ့်တိုင်းပြည်မှာ ဆင်းရဲပေမယ့် မချမ်းသာရင်တောင်မှ နေဖို့၊ စားဖို့အတွက်လောက်တော့ ကျန်ရှိနေသေးတယ် ဆိုတာ သူတို့မသိကြဘူး။ တိုင်းတစ်ပါးမှာထက်စာရင် ကိုယ့်တိုင်းပြည် ကမှ ကိုယ့်ဘဝ အတွက် အာမခံချက်တွေ ပိုကောင်းနိုင်ဦးမယ်။

၅။ နိုင်ငံခြားရောက်တိုင်း ကြီးပွားချမ်းသာမယ်လို့ဆိုရင် လူတွေအားလုံး နိုင်ငံခြားကိုချည်း ထွက်ကုန်ကြတော့မှာပေါ့။

၆။ ကိုယ့်တိုင်းပြည်က မွေးထုတ်လိုက်တဲ့ လူ့သားအရင်းအမြစ်တွေ၊ နောက်ပြီး သူတို့ရဲ့ အတတ်ပညာတွေနဲ့ သူတစ်ပါးနိုင်ငံအတွက် အကျိုးပြုဖို့ တိုင်းတစ်ပါးနိုင်ငံထဲမှာ လူရော၊ ပညာတန်ဖိုးရော စတေးပစ်လိုက်ကြတယ်။ အဲဒါကောင်းသလား ...။

၇။ အဲဒီ့တိုင်းပြည်ထဲမှာ မွေးပြီး တဖြည်းဖြည်းပညာရေ ပြည့်ဝရင်းကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ဟာ တစ်ချိန်မှာ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် တစ်ဘက်တစ်လမ်းကနေ အကျိုးပြန်ပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်။

၈။ ငွေဆိုတဲ့ အိမ်မက်တစ်ခုအတွက်နဲ့ တိုင်းပြည်ကလူငယ်တွေ အဝေးကိုလွင့်စင်ဖိတ်ကြဲလို့ မျှော်လင့်ချက်တွေကို ကျောက်ချပြီးတော့ နိုင်ငံခြားမှာ ယနေ့အထိ သောင်တင်နေကြဆဲပါ။ တချို့က အချိန်တန်လို့ အိမ်ပြန်ဖို့ အခြေအနေပေးပေမယ့်၊ တချို့ အချိန်တန်တာတောင် အိမ်မပြန်နိုင်အောင် ဒုက္ခ ပင်လယ်တွေ ဝေနေကြတုန်းပါ။

၉။ မိဝေးဘဝေး သင်းကွဲငှက်ငယ်တစ်ကောင်ဟာ သူတစ်ပါးအသိုက်အမြုံမှာ ကြရှည်ရပ်တည်နိုင်ပါ့မလား။ မျိုးမတူတဲ့ သူစိမ်းတရံတွေရဲ့ အငြူအစူဒဏ် တွေကို ကြာရှည်ခံနေနိုင်ဦးမှာလား။

၁၀။ မိကွဲ၊ ဘကွဲ၊ မယားတကွဲ၊ သားတကွဲနဲ့ ဘဝတွေ တစ်စစီပြန့်ကျဲနေရတဲ့ဘဝမှာ ကြာရှည်ခိုအောင်းပြီး မနေချင်ပါနဲ့။ ကိုယ်ဖျားနာရင်တောင် ဘယ်သူကမှ တယုတယလာပြုစုမှာ မဟုတ်ဘူး။

၁၁။ အချိန်တန်လို့ အိမ်ပြန်ကြရတာ လောကဓမ္မာတာပါ။ သင်လည်း အိမ်ပြန်ဖို့အချိန်တန်နေပြီလား...။

မေတ္တာဖြင့်
စံလင်းထွန်း