Saturday, February 13, 2010

အတိတ်ဒဏ်ရာကောက်ကြောင်း ... (ချစ်သူများနေ့အမှတ်တရ)




အလွမ်းများက တစ်စခန်းထခဲ့ပြန်ပေါ့။ ချစ်သူများနေ့ (vallen tine day) ကိုရောက်တိုင်း ချစ်သူအနားမရှိသည့်နေ့ဟု ရင်ထဲမှာ ဟာတာတာခံစားမိရပါသည်။ ချစ်သူထားရစ်ခဲ့လို့လည်းမဟုတ် ချစ်သူမရရှိခဲ့လို့ ချစ်သူအနားမရှိတဲ့နေ့ဟု သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

ချစ်သူဆိုတာ ကိုယ်တစ်ကယ်ချစ်ရတဲ့သူသာ ဖြစ်ရမည်။ ကျွန်တော့်ဘဝမှာ လက်ချိုးရေတွက်လို့ ရလောက်အောင်တော့ ရည်စားအနည်းငယ် ထားခဲ့ဘူးပါသည်။ သို့သော် ကွဲ၊ ပြဲ၊ ပြန်မဆက် ရင်ကွဲပက်လက်တွေသာ ဖြစ်ခဲ့ရသည်။ တချို့ကလည်း တာ့တာပြ လက်ခါချခဲ့ပါသည်။ သို့ပေသော်လည်း ခဏတော့ခံစားမိသည်။ အနုပညာ သမားစိတ်ဓါတ်ရှိတဲ့သူဟု ကိုယ်တိုင်ခံယူထားလေတော့ တစ်ခါတစ်ခါ ရင်ထဲမှာ နင့်နင့်ကာကာ ခံစားမိတတ်သေးသည်။ တစ်ခါတစ်လေ စိတ်ကူးထဲမှာတောင် အမှတ်မထင် တိုက်ဆိုင်မှုရှိလာရင် လွမ်းတတ်သလိုလို။ တစ်ကယ်တမ်းကျတော့ မလွမ်းပြန်ဘူး။ ကိုယ်ကတောင် မိန်းကလေးတစ်ယောက်ဘက်က စဉ်းစားပြီး ကိုယ့်လုပ်ရပ်ဟာ လွန်ရာများကျနေသလားလို့ မေးခွန်းထုတ်မိတိုင်း ထိုမိန်းကလေးကို ပြန်သနားနေမိတယ်။ ရည်းစားဖြစ်ခဲ့ဘူးတဲ့ မိန်းကလေးတိုင်းကို ချစ်တော့ ချစ်ခဲ့ပါသည်။ အချစ်စစ် အချစ်မှန်နဲ့လားဆိုရင်တော့ ပြောရခက်ခက်ပဲ။ ဒီလိုပြောတော့ ကျွန်တော့်ကို သွေးအေးအေးနဲ့ ရက်စက်သူကြီးလို ထင်မိမှာပဲလေ။

နောက်ဆုံးတော့လည်း ရည်းစားထားဘူးသွားတယ်ရှိတာပေါ့၊ အပြစ်ပြောတဲ့သူရှိတော့လည်း ကိုယ်ကထားချင်လို့ ထားတာပဲကွာ ... ဘယ်တတ်နိုင်ပါ့မလဲ ဟု ကိုယ့်ဘက်ကိုယ်ယက် အတ္တတစ်ဝက်နဲ့ ထည့်တွေးလိုက်တယ်။ သည်လုပ်ရပ်တွေ မှားရင်လည်း အဲဒီ့အမှားတွေအတွက် အခုအချိန်မှာ ပြန်ပြီးမှ နောင်တမရချင်တော့ပါဘူး။

ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေတာက ပထမဆုံးနဲ့ နောက်ဆုံးမိန်းကလေးတစ်ယောက်ပါ။ ရှေ့ဆုံးမှာကတော့ ဒီကဗျာလေး ဖတ်ကြည့်ဖူးတဲ့သူ သိပါလိမ့်မယ်။ နောက်ဆုံးအတွက် ရေးထားတဲ့ကဗျာကတော့ ခုထိမတင်ဖြစ်သေးပါဘူး။ ဘဝပေးအခြေအနေအကြောင်းအမျိုးမျိုးကြောင့် နောက်ဆုံးမိန်းကလေး တစ်ယောက်ကိုတော့ ရည်ရွယ်ထားခဲ့ပါလျက်နဲ့ ကံကြမ္မာ မျက်နှာသာမပေးခဲ့လေသလား ဘဝပြန်ဌာန်းချက်ကပဲ ရက်စက်လေသောကြောင့်လား မသိ။ သူမနဲ့ ကျွန်တော့်ရဲ့ ဆုံမှတ်တွေဟာ ပြိုင်တူပြေးနေတဲ့ ရထားသံလမ်း နှစ်ကြောင်းလို ဘယ်တော့မှမဆုံနိုင်တော့တဲ့ လွဲချော်မှုကြီး ဖြစ်သွားခဲ့ပါသည်။ အစကတည်းက ဒဏ်ရာတွေနဲ့ ရလာခဲ့တဲ့ နှလုံးသားဟာ အဲ့ဒီနောက်မှာ တဖြည်းဖြည်း ထပ်ပြီးတော့ ကြေမွလာခဲ့ပါတော့သည်။

ဘဝမှာ အချစ်နဲ့ပါတ်သတ်လို့တင်မကဘဲ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်း ဒဏ်ရာတွေရရှိခဲ့ဘူးသည်။ ထိုကာလများတွင် ဒိုင်ယာရီစာအုပ်တစ်အုပ်သည်သာ ကျွန်တော့်အတွက် အကောင်းဆုံး ရင်ဖွင့်ရာ နေရာတစ်ခုဖြစ်ခဲ့သည်။ ရင်ထဲမှာ ခံစားမိတိုင်း တစ်ယောက်တည်း တိတ်တိတ်ကလေးသာ ကြိတ်ဆွေး ကြိတ်ကြေကွဲခဲ့ပြီး ဘယ်တော့မှ မီးမလာတဲ့ ညစဉ်ညတိုင်းရဲ့ ညဥ့်သန်းခေါင်ယံချိန်တွေမှာ ဖယောင်းတိုင်မီး ငုတ်တိုလေးကို အဖော်ပြုပြီး ဒိုင်ယာရီစာအုပ်အထက် မျက်ရည်စက်တွေနဲ့ ခံစားချက်တွေကို စကားလုံးစာသားတွေအဖြစ် ပြောင်းလဲကာ ဘဝနာနာ စိတ်နာနာနဲ့ ရေးချခဲ့ရတဲ့နေ့ရက်တွေက မနဲလှတော့။ ထိုစာတွေကို ရင်းနှီးသူတစ်ယောက်တစ်လေတော့ အတင်းတောင်းတာနဲ့ ပေးဖတ်ဖြစ်ခဲ့ဘူးသည်။ ကျွန်တော့်မျက်နှာကို တစ်လှည့်ကြည့်၊ စာအုပ်ကိုကြည့်လိုက်နဲ့ သူဖတ်တာကိုတောင် အားနာသွားသလိုဖြစ်ခဲ့တာ သတိထားမိခဲ့သည်။ ဒါမှမဟုတ် ကျွန်တော့်ကိုများ သနားသွားလေသလား မပြောတတ်။

တစ်ခါတစ်လေ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေက အစိုင်အခဲတွေအဖြစ် တင်းမာပေါက်ကွဲချင်လာတိုင်း ဂစ်တာတီးရင်း သီချင်းတွေအော်ဆိုပစ်ခဲ့ပါသည်။ စိတ်ခံစားချက်များကို စာအုပ်တွေထဲမှာ နှစ်မြုပ်ထားရင်း ဖြေဖျောက်ယူခဲ့ရသည်။ ဒဏ်ရာတွေက ဘဝရဲ့အားမာန်တစ်ခု ဖြစ်စေခဲ့သည်။ ခံစားမှုတွေဖြစ်လာလေလေ ကိုယ့်ဘဝတိုးတက်မြင့်မားလာအောင် ကြိတ်ကြိုးစားမိလေလေဖြစ်လာသည်။

သည့်နောက်ပိုင်းမှာ ခင်မင်ရင်းနှီးသူတချို့ကလွဲ၍ လူတွေနဲ့ ခပ်စိမ်းစိမ်းဖြစ်လာခဲ့သလိုပဲ။ ဂစ်တာတစ်လက်ကိုင်ရင်း လမ်းသရဲဖြစ်တော့မလိုလို၊ ဇာတ်ပွဲထဲ လိုက်ဖြစ်တော့မလိုလို ဖြစ်ခဲ့ဘူးလေသည်။ အိမ်ကအတင်းအကြပ် တားမြစ်သောကြောင့် ထိုစိတ်ကူးများကို မြောင်းထဲလွှင့်ပစ်ခဲ့ရသည်။ လူငယ်ဘဝ ဆယ်ကျော်သက် (၁၅)နှစ်အရွယ်လွန်ကာလအပိုင်းအခြားများသည် ကျွန်တော့်ဘဝကို အတော်လေး အထီးကျန်ဆန်စေခဲ့သလို ပါတ်ဝန်းကျင်ကိုလည်း သိပ်ဂရုမစိုက်ဖြစ်ခဲ့။ ကိုယ်လုပ်ချင်ရာတွေကိုသာ တကုပ်ကုပ်နဲ့ ဇွတ်တရွတ်လျှောက်လုပ်နေခဲ့ရင်း အထီးအကျန်ဘဝများကို ရင်မှာနာကျည်းလို့ ခါးခါးသီးသီး ကျော်လွန်ဖြတ်သန်းခဲ့သည်။

တစ်ခါတစ်လေ ကျွန်တော့်ကို ပါတ်ဝန်းကျင်က အစွန်းရောက်သူ၊ တစ်ယူသန်သူ၊ ခေါင်းမာသူ၊ ဇွတ်တရွတ်သမား၊ ခပ်အေးအေး ခပ်ဆွေးဆွေးနဲ့ ခပ်ကုပ်ကုပ်နေတဲ့ကောင်၊ လက်ကြောမတင်းသူ၊ ယဉ်ယဉ်လေးရူးနေတဲ့ကောင်၊ ဂျလေဘီ၊ ကလေကချေ စသဖြင့် အမျိုးမျိုး ဝေဖန်ကဲ့ရဲ့တာတွေရှိပါသည်။ ကျွန်တော့်မှာ ဒါတွေကို ဂရုမစိုက်အား၊ သူတို့နှင့်လည်း တုဘက်ပြီး ပြန်ပြောမနေနိုင်။ ကျွန်တော်ဆိုတာ ဘယ်လိုလူစားမျိုးပါဟုလည်း သူတို့နားလည်သဘောပေါက်အောင် ပြန်ရှင်းပြဖို့ အချိန်မပေးခဲ့၊ အချိန်လည်းမရှိခဲ့။

တစ်ခါတစ်လေ ပါတ်ဝန်းကျင်ဆိုတာကြီးကိုထည့်တွက်နေရင် ကိုယ့်ဘဝကိုယ်မပိုင်သလို၊ ကိုယ်လုပ်ချင်တာ တွေတောင် ဘယ်တော့မှ လုပ်ဖြစ်တော့မှာ မဟုတ်တော့ဘူး။ ပါတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့စိတ်၊ မသွားဝံ့၊ မလာဝံ့၊ မပြောဝံ့၊ မဆိုဝံ့ဖြစ်နေလို့ကတော့ ဘဝဟာ ဘာမှမတိုးတက်ဘူး၊ လူဖြစ်ရှုံးတာနဲ့ အတူတူပဲလို့ ရိုးရိုးပဲတွေးပြီး ကိုယ်လုပ်စရာရှိတာတွေကို ရှင်းရှင်းပဲလုပ်ခဲ့သည်။ ကြာလာတော့ လူတွေနဲ့ ခပ်စိမ်းစိမ်းတောင် ဖြစ်လာချင်သလိုပဲ။ ကိုယ်က တမင်စိမ်းတာမဟုတ်။ စာအုပ်တွေ၊ အတတ်ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေထဲမှာ အချိန်ရှိသလောက် ဘဝကို နှစ်မြုပ်ထားခဲ့လို့ပဲ ဖြစ်လိမ့်မည်။ စကားပြောရင်တောင် သိပ်ပြီး စိတ်မရှည်ချင်တော့။ အထေ့အငေါ့ စကားလုံးတွေနဲ့ ခပ်ရိုင်းရိုင်း (လူတွေရဲ့အမြင်) ပွင့်ပွင့်လင်းလင်း ပြောင်ပြောတတ်လာသည်။ တချို့က ရိုင်းစိုင်းသူဟု ထင်မြင်ပြီး အဝေးမှ ခပ်ခွာခွာနေကြသည်။ တချို့က ကိုယ့်ကို နားမလည်နိုင်အောင် ရှိသည့်အမူအရာ။ ဘာပဲဖြစ်ဖြစ် ဒါတွေကို အသေအချာ ဂရုစိုက်မနေခဲ့ပါဘူး။

လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတော့ မြန်မာပြည်က သူငယ်ချင်းဟောင်းကြီး တစ်ယောက်နဲ့ ဖုန်းပြောမိသေးသည်။ ဟေ့ယောင် မင်းကို တစ်ခုပြောစရာရှိတယ် ..တဲ့ ကျွန်တော်က ဘာများလဲပြောစမ်းပါဦး ဆိုတော့ မင်းကောင်မလေးတော့ နောက်တစ်ယောက်နဲ့ ချိတ်တိတ်တိတ်ပဲ တဲ့ မင်းသူ့ကို သိပ်သတိရမနေပါနဲ့ကွာ မေ့ပစ်လိုက်စမ်းပါ... လောကမှာ မိန်းမတွေပေါလွန်းလို့ သူငယ်ချင်းက ဂရုဏာဒေါသောနဲ့ ဆုံးမစကားတွေပြောရင်း ကျွန်တော့်ကို အားပေးနေရှာသည်။ အဲသည့်နေ့က ဖုန်းပြောပြီးတော့ ကြေကွဲကွဲနဲ့ ဒိုင်ယာရီးစာအုပ်ထဲမျာ စာတွေသာထိုင်ရေးဖြစ်ခဲ့သည်။ ဘဝဆိုတာ ဒီလိုပါပဲကွာ လို့လည်း ကိုယ့်ဘာသာ အားပေးစကားဆိုလိုက်ပါတော့သည်။



သန်းခေါင်ယံည အလွမ်းများမှာ
တစ်ကိုယ်ရေ တစ်ကာယပဲ နေထိုင်ခဲ့တယ် ...။
ပြောင်းခဲ့တဲ့စိတ်တွေကိုလည်း အပြစ်မမြင်ဘူး။
နှောင်းခဲ့တဲ့ အတိတ်တွေကိုလည်း ပြန်မရချင်တော့ဘူး။
ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်လာမယ့်
လောကဓံတရားတွေကိုလည်း မမှုဘူး။

သံသရာဆိုတာရှိသရွေ့ဒီဒဏ်ရာတွေ
အခါခါ ထပ်မရပါစေနဲ့တော့လို့ပဲ ဆုတောင်းတယ်။

တဖြည်းဖြည်း အသက်သွင်းခဲ့တဲ့
လောဟာနယ်စိတ်ကူးတွေဟာ
ရုပ်လုံးပေါ် လက်ရာမမြောက်သေးပေမယ့်
အစိုင်အခဲတစ်ခုစာလောက်တော့ရှိခဲ့ပြီ ...။

ရှေ့ဆက်ဘာတွေဖြစ်လာဦးမလဲ ...။
စိတ်ဝင်စားတယ် ...။
ဒါကြောင့် လမ်းပျောက်ပေမယ့်
ရှာဖွေပြီး ဆက်လျှောက်နေလိုက်တယ် ...။

အနှောက်အယှက်တွေ အရိပ်တစ်ခုလို
အနောက်ကနေ တစ်ကောက်ကောက်လိုက်
တစ်ခါတစ်ရံမှာ စိတ်ပျက်စွာ လက်မှိုင်ချလိုက်နဲ့
ဒါပေမယ့် ...
ရှုံးနိမ့်ကြောင်းသင်္ကေတတော့ မပြခဲ့ဘူး ...။

ဒါ ...
ကျွန်တော့်ဘဝ ဖြတ်သန်းမှု ပုံသဏ္ဍာန်တွေပါပဲ။

မေတ္တာမွန်ဖြင့်
စံလင်းထွန်း


(စာကြွင်း ။ ချစ်သူများနေ့အမှတ်တရစာရေးခဲ့ရင်း တိုက်ဆိုင်မှုတွေရှိလာလို့ ကိုယ့်ဘက်က ခံစားချက်တွေကို ပိုပိုသာသာအလေးပေး ရေးသားမိလိုက်သလိုပါပဲ ...။ အမှတ်တရစာဟာ အသဲကွဲစာဖြစ်နေလေပြီ ...။ ခိုတစ်ကောင်လို ငြီးတွားတဲ့ သံစဉ်မဲ့စည်းချက်အလွမ်းခတ်သံတွေ ရောစွက်နေလေ၏။ ခံစားမှုများ စွန်းထင်းနေတဲ့ ကလောင်ဟာ တော်တော်လေး ပြင်ရခက်လို့ ပြင်ယူဖို့လည်း ကြိုးစားနေတုန်းပါ။ သည်စာကို ဆုံးအောင်ဖတ်ပေးတဲ့သူများအတွက်လည်း အားနာမိပါတယ်။)

That photo copy from google image.

4 comments:

ညလင်းအိမ် said...

ဖြစ်ရလေဗျာ ... ဘာမှမပြောတော့ပါဘူး ...

သဒ္ဓါလှိုင်း said...

မင်္ဂလာပါ...။ချစ်သူများနေ့အထိမ်းအမှတ်ပိုစ့်လေးဖတ်သွားပါတယ်..

ခင်တဲ့
သဒ္ဓါ

Flower said...

ချစ်သူများနေ့ဆိုတာ လူတိုင်းအတွက် အပျော်သက်သက်ကြီဘဲ မဟုတ်တာတော့ သေချာပါတယ်..
ပျော်နေသူတွေရှိသလို ငိုနေသူတွေလဲ ရှိနိုင်ပါတယ်..
ဒီအထဲမှာ ကိုယ်တွေလို ပျင်းနေသူတွေလဲ အများကြီးဘဲနေမှာပါ..
လွမ်းနေသူတွေကတော့ စာအဖြစ်ချရေးလို့ရတာပေါ့..
ပျင်းနေသူတွေကတော့ ဘာလုပ်ရပါ့?

မြတ်စုလှိုင် said...

ပို့စ်လေးဖတ်ပြီးစိတ်မကေင်းပါဘူး။
ဖူးစာမပါဘူးလို့ပဲမှတ်လိုက်ပေါ့နော်