Friday, January 8, 2010

တစ်ခါတုန်းက မိန်းကလေးသို့ ...


တစ်ခါတုန်းက မိန်းကလေးသို့ ...

အချစ်ဦး မင်းကတော့ မှတ်မိလိမ့်မယ် မထင်ဘူး ...
တစ်ကယ်တော့ တစ်ဖက်သတ် ကြိတ်ရူးခဲ့ရသူပါ ...
ရင်ထဲမှာ အချစ်ဆူးလေး ဆူးခဲ့ရတယ် ...
မဖြစ်ဘူး လောလောဆယ် ပြန်ချစ်နိုင်ဖို့ဆိုတာ ပြောတဲ့
မင်းရဲ့ ချိုမြမြ စကားတွေကြောင့် ...
အဲ့ဒီအချိန်က ကိုယ့်ရင်ထဲမှာ ရှတသွားခဲ့ရတယ် ...။

မျှော်လင့်ချက်ပါးပါးလေးနဲ့
ကိုယ့်အတွက် အလွမ်းခါးခါးတွေကိုပေး
မသဲကွဲတဲ့ စကားသွား လှလှလေးတွေကြောင့်
တစ်နေ့နေ့မှာ ဖွင့်ပြောလာမယ့်အချိန်ကို စောင့်ရင်း
နောက်ဆုံးတော့လည်း ကိုယ်ပဲအသဲကွဲခဲ့ရတယ် ...။

အချစ်ကြောင့် ဘဝကို ဒူးထောက် အရှုံးပေးချင်လောက်အောင်
ကိုယ်တစ်ကယ်ပဲ ရူးမလောက်ကို ခံစားခဲ့ရဘူးတယ် ....
ရင်ထဲမှာ ဆူးညှောင့်လေးတစ်ချောင်း နစ်ဝင်သွားတဲ့နောက်
ဘဝတစ်လျှောက်မှာ ထပ်ကြပ်မကွာတဲ့
အချစ်ညှောင့်က ရင်ထဲမှာ ဆူးမြဲဆူးခဲ့ရလို့
အချိန်အတော်ကြာအောင် ကု၍မပျောက်ခဲ့ရဘူး ...

ကိုယ်ဟာ ...
အလဲအကွဲဘဝမှာ
အသဲကွဲအရသာကိုခံစားခဲ့ရပြီးနောက်
သိပ်မထူးခြားတဲ့ မင်းရဲ့ အမူအယာတွေကို
တစ်ခါတစ်လေ စိတ်ကူးရတုန်း
အသေအချာ ပြန်တွေးကြည့်တော့
မရေရာတဲ့ အတွေးလေးက
တစ်စတစ်စနဲ့ ပေါ်ပေါ်လာတယ် ...။

တစ်ကယ်တော့ ...
အချစ်ဆိုတာ ...
ကိုယ့်အတွက် မထူးတဲ့ အရူးအဘိဓါန်ကြီးတစ်ခုလိုပါပဲလား ...
မထူးသည့် အရာကြီးကိုပဲ ကိုယ်တစ်ကယ်ရူးမိချင်နေတာပါ ...
ရင်ထဲမှာဆူးလည်း ကိုယ်...ဆက်ရူးမြဲ ရူးသွားတာ ...
တစ်ဖက်သက်ချစ်ခဲ့ဘူးတဲ့
ဟိုတစ်ချိန်ခါတုန်းက .... ကိုယ့်ရဲ့အချစ်ဦး
မင်းမသိခဲ့လေဘူး ...။

စံလင်းထွန်း


(ဝန်ခံချက်။ အချစ်ဦးသို့ ကဗျာတိုတစ်ပုဒ်မှ စာသားများကို ကောက်နှုတ်၍ လွန်ခဲ့သည့် (၇)နှစ်ခန့်က အဖြစ်အပျက်များနှင့် ရောယှက်ကာ အတိတ်ခြေရာကောက်ရင်း အလွမ်းခါးခါး ခံစားမှုများဖြင့် ပြန်လည်ရေးဖွဲ့ပါသည်။)

photo copy from google image.

2 comments:

~ဏီလင်းညို~ said...

စံလင်းရေ...
တစ်ဖက်သတ်အချစ်က ခံစားရ အရမ်းခက်လွန်းတာမို့ ကိုယ်ချင်းစာမိတယ်...။
ပျော်ရွှင်ပါစေဗျာ...။
(မလေး... (မအိမ့်ချမ်းမြေ့)ရဲ့ နောက်ထပ်လင့်ခ်တစ်ခုရှိသေးတယ်...
http://www.ainchannmyay.com/ ပါ... အဲ့ဒါက ပိုပြီးအပ်ဒိတ်ဖြစ်တယ်...)
ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

အချစ်ဦးဆိုတာ မြေးဦးရတောင် မေ့မရဘူးဆိုတာ ကြားဘူးတယ်။ကိုစံလင်းရေ..။