Tuesday, July 20, 2010

နာလန်ထူစ နှလုံးသားနဲ့ သူ့ရဲ့ဘဝ


နာလန်ထူစ နှလုံးသားနဲ့ သူ့ရဲ့ဘဝ

လောကမှာငြိမ်းသက်ရခက်တဲ့
လောဘဒေါသမောဟဆိုတဲ့မီး(၃)မီးကို
သတိတရားနဲ့ ချုပ်တည်းထားလိုက်တဲ့အခါ
အရာရာဟာ သာယာမှုအပြည့်နဲ့
ငြိမ်သက်ခြင်းတရားများ သက်ဝင်သွားချိန်မှာ
အေးချမ်းစွာမှေးမှိတ် အသိစိတ်ကလေးကြောင့်
ဘဝအပူမီးများ တဖြည်းဖြည်းလျော့ပါးသွားတော့တယ် ...။

မျက်ကန်းတစ္ဆေမကြောက်မို့ ငါးပါးမှောက်ခဲ့သလို
မောဟတွေရင်မှာပိုက် ဒေါသမီးတွေလောင်မြိုက်လို့
သောကခရီးရှည် လျှောက်လှမ်းခဲ့တဲ့ သူ့ဘဝဟာလည်း
တဖြည်းဖြည်း လုံးပါးပါးရင်း
အပြစ်ကင်းမဲ့တဲ့ နှလုံးသားတစ်စုံက
အချိန်တွေကုန်မှ ခြေကုန်လက်ပမ်းကျခဲ့ရတယ်။
နာလန်ထူစ နှလုံးသားနဲ့ သူ့ရဲ့ဘဝဟာလည်း
အသိတရားတွေက တစ်စတစ်စနဲ့ တိုးတက်လာခဲ့တယ် ...။

သူဟာ လောကသစ္စာတရားအချို့ကို ရှာတွေ့ပြီးပြီ ...
အရင်လို သောကအငူမှာ ထိုင်ကာငိုယိုမနေတတ်တော့ ...
ဒေါသအမြစ်ဟာလည်း အရင်လိုမကျစ်လစ်တော့ဘူး ...

လောဘအသစ်ရှာချင်တဲ့စိတ်ဟာလည်း
ဒေါနတစ်ဖြစ်လည်းပန်းတွေလို ညိုးနွှမ်းသွားခဲ့ပြီ ...။

နောင်အခါမှာ မောဟဖြစ်လာမယ့်
လောဘဒေါသတွေကို ချုပ်တည်းနိုင်ခဲ့လို့
နောက်ဆုံးတော့ ...
သောကကင်းစင်ပြေးတဲ့
မောဟပင်လယ်ရဲ့အဝေး ... ဟိုမှာဘက်က
မနောအလှကမ္ဘာအသစ်ကလေးထဲမှာ
လောကအမြင်တွေကျယ်ခဲ့ရပြီပေါ့ ...။


ဒီကဗျာလေးက ကျွန်တော့်ဘဝနဲ့သက်ဆိုင်သလားလို့ မေးရင် မငြင်းဆန်နိုင်ဝံ့သလို သက်ဆိုင်သည်ဟုလည်း မပြောသာပါ။ ဒါပေမယ့် တစ်စုံတစ်ယောက်သော သူရဲ့ဘဝအတွက်လည်း ရည်ညွှန်းလျက်သား ဖြစ်သွားပါတယ်။ တိုက်ဆိုင်မှုရှိလို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကဗျာလေးဖတ်ပြီး အားလုံး ဘဝအမောတွေ ဖြေလျော့နိုင်ကြပါစေ ... ဘဝအသိတရားတွေ တိုးတက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...။
ရင်ကိုအေးမြစေသား ...
စံလင်းထွန်း

7 comments:

ကိုဇော် said...

ကဗျာကောင်းပဲ..
တိုက်ဆိုင်သူများ ယူနိုင်ကြစေ။

အင်ကြင်းသန့် said...

စံလင်းရေ....ကဗျာလေး ဖတ်ပြီး စိတ်ထဲမှာ ဘ၀အမောလျော့သွားစေဖို့ အသိလေးရလိုက်တယ်။ ကျေးဇူးပဲ....

ခင်မင်စွာဖြင့်
မအင်ကြင်း

အဖြူရောင်နတ်သမီး said...

နှစ်ယောက်တအိမ်မက်ကဗျာပေါ့ အကိုရယ်..

မျိုးဟန်ကို said...

လာဖတ်ပါတယ် အစ်ကိုရေ ...

အဖြူရောင်နတ်သမီး said...

အကိုရေ...
ပျောက်နေလို့...
နေကောင်းရဲ့လား..
အဆင်ပြေပါစေနော်...

စံလင်းထွန်း said...

သူငယ်ချင်းမျိုးဟန်ကိုရေ လာလည်တာကျေးဇူး။

မအဖြူရောင်နတ်သမီးရေ ...
ကျနော်နေကောင်းပါတယ်ခင်ဗျာ ...။
အင်တာနက်မရှိလို့ လာမတင်ဖြစ်သေးတာပါ။
မေးတဲ့အတွက်လည်းကျေးဇူးပါ။

ခင်မင်စွာနဲ့
စံလင်းထွန်း

ဇွန်မ said...

ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားတယ်နော် စာသားလေးတွေ လန်းတယ်