Sunday, July 11, 2010

အိမ်အပြန်လမ်းဝေး ....


အိမ်အပြန်လမ်းဝေး ....

ခလုတ်ထိမှ အမိအဘတဆိုတဲ့ ဆိုရိုးစကား
ကျွန်တော့်လိုလူအတွက် ထားခဲ့တာလား
လောကမာယာတောထဲ ပညာရှာရင်း
အဿပြာပါ စုဆောင်းလိုတဲ့ကျွန်တော်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်ဒူးကိုယ်ချွန်ချင်ခဲ့တဲ့ကျွန်တော်
အိမ်ကိုကျောခိုင်းခဲ့တာ နှစ်တွေအတော်ကြာခဲ့ပြီလေ ...။

အဲ့ဒီ့အိမ်ကလေးမှာ ကျွန်တော့်ရဲ့အနန္တမေတ္တာကျေးဇူးရှင် မိဘနှစ်ပါးနဲ့
ညီအစ်ကိုမောင်နှမ သွေးရင်းသားရင်းများ ကျန်နေခဲ့တယ်။

အဲ့ဒီ့အိမ်ကလေးဟာ နွေးထွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့အိမ် ...
မိဘရင်ခွင်ကြားမှာ ကြီးပြင်းလာရင်းခိုလှုံခဲ့ရတဲ့အိမ် ...
ပူလောင်ခြင်းတွေ ကင်းမဲ့နေတဲ့အိမ် ...
ဆိတ်ငြိမ်မှုတွေနဲ့ အေးချမ်းနေတဲ့ အိမ် ...
မိဘအရိပ်ရှိရာအိုအေစစ်လေးတစ်ခု ...

လောကမာယာထဲက ကျွန်တော့်အတွက် အမြဲတမ်းဆီးကြိုလင့်နေတဲ့အိမ် ...
မာယာတောကအပြန်လမ်းကိုစောင့်ကြိုရင်း မျှော်နေမယ့်အိမ် ...
ကျွန်တော့်အတွက်ဆိုရင် အမြဲတမ်းတံခါးဖွင့်ထားတဲ့အိမ် ...

လောကမှာ နောက်ထပ်ရှာမတွေ့နိုင်တော့တဲ့အိမ်လေး ...
အဲဒီ့အိမ်လေးဆီကို
ကျွန်တော်ဘယ်တော့များမှ ပြန်ရမှာပါလိမ့်လို့
တွေးရင်း တွေးရင်းနဲ့ ....
မိုးလင်းခဲ့တဲ့ ရက်ပေါင်းတွေလည်း မနဲတော့ဘူး ...။


စံလင်းထွန်း

လာလည်သူအပေါင်း မင်္ဂလာပါခင်ဗျာ...။ ဟိုတလောက ကျန်းမာရေးမကောင်းတာရယ်၊ ဘဝအဆင်မပြေမှုတချို့တွေကြောင့် စိတ်ဖိစီးမှုတွေများနေချိန်မှာ အင်တာနက်မသုံးဖြစ်ဘဲ ဘလော့ဂ်ကို အသာလေးပစ်ထားခဲ့ပါတယ်။ အဲသည့်အချိန်အတွင်း စာတွေကဗျာတွေ မရေးဖြစ်ခဲ့တဲ့ရက်တွေများပြီးတဲ့နောက်ပိုင်းမှာ စိတ်သစ်၊ လူသစ်၊ အားအင်သစ်တွေ ပြန်လည်မွေးဖွားခဲ့ပြီး ရေးထားဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ အရင်လို ခံစားမှုတွေ နက်ရှိုင်းမှုမရှိတော့သလို ကဗျာလက်ရည်လည်းကျသွားပါတယ်။ စာလေးတွေ၊ ကဗျာလေးတွေကိုလည်း အဆင်ပြေသလို လာတင်သွားပါမယ်။ လောလောဆယ်နှလုံးသားက အရင်လို ခံစားမှုအကြမ်းကြီးတွေ၊ အလန်းကြီးတွေ ရေးနိုင်ဖို့အင်အားသိပ်မရှိတော့သလို ခံနိုင်ရည်လည်း နဲနေပါတယ်။ တဖြည်းဖြည်းအားယူပြီး အများအကျိုးရှိစေဖို့ ပိုစ့်ကောင်းလေးတွေရေးတင်နိုင်အောင် ကြိုးစားပါဦးမယ်။ အဲသည့်အထဲမှာ အကြမ်းလေးတွေလည်း ရံဖန်ရံခါပါမယ်။ အလန်းလေးတွေလည်း ပျော်စေပျက်စေထည့်ရေးမယ်။ လတ်တလောဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ ဘဝအစိတ်အပိုင်းတွေကိုလည်း အမှတ်တရအဖြစ်ရေးချင်ရေးမယ်။ ခံစားမှုအလိုက် ရေးချင်တာဆိုတော့ ရင်ဖွင့်ဒိုင်ယာရီဘလော့ဂ်လေးတစ်ခုပေါ့ဗျာ။ လောလောဆယ်ကတော့ အလုပ်ထဲမှာ အဆင်ပြေပျော်ရွှင်အောင်နေထိုင်ရင်း ဘဝအတွက်လုံးပမ်းနေတုန်းပါပဲ။ အရင်ကရေးဖော်ရေးဖက်တွေကိုလည်း သတိရနေပါတယ်။ စာဖတ်သူအပေါင်း စိတ်၏ကျန်းမာခြင်းနဲ့ ကိုယ်၏ကျန်းမာခြင်းတို့ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

photo copy from google image.

5 comments:

အင်ကြင်းသန့် said...

စံလင်းရေ....အားသစ်အင်သစ်တွေ မွေးဖွားပြီးမှ ရေးထားတဲ့ကဗျာလေးကို လာဖတ်တယ်။ အတူတူပါပဲ အစ်မတို့တွေလည်း အဲဒီအိုအေစစ်လေးကို ဘယ်တော့များမှ ပြန်နိုင်ပ့ါမလဲလို့တွေးရင်းတွေးရင်းနဲ့ပဲ ဘ၀တွေထဲမှာ ၀ဲလည်နေတုန်းပါပဲ။ ဒီလိုပဲ အားတင်းရင်းဆက်လျှောက်နေကြရတုန်းပါပဲ....

ဒါနဲ့ကျန်းမာရေးကို လုံးဝကောင်းသွားသည်အထိ ဂရုစိုက်လိုက်ပါဦး။ ကျန်းမာသွားတဲ့အခါကျရင် ဘလော့က ဘယ်အချိန်ရေးရေးရတာပဲ....

အစစအဆင်ပြေပျော်ရွှင်ပါစေ

ခင်မင်စွာဖြင့်
မအင်ကြင်း

ကိုဇော် said...

ကျန်းမာရေးကို ဂရုစိုက်ပါဗျာ။
ကျန်းမာမှ လုပ်ချင်တာတွေ ၊ လုပ်လိုတာတွေ လုပ်နိုင်မှာပေါ့။

ပျော်ရွှင်ပါစေ။

ရဲရင့်နီ said...

ပြန်ခြင်ပေမယ့် ပြန်ခွင့်မရှိသေးတဲ့အိမ်...
အတူတူ ပြန်နိုင်အောင်ကြိုးစားကြရအောင် ညီလေး..

ဇွန်မ said...

အကိုစံလင်းထွန်း ပြန်နေကောင်းပြီဆိုတော့ ကဗျာ ဆောင်းပါးကောင်းလေးတွေ ဆက်ဖတ်လို့ရပြီပေါ့နော်၊ ဆေးပန်းချီကားလေးနဲ့ ဆောင်းပါးလေးက လိုက်ဖက်တယ်။ ပျော်ရွှင် ကျန်းမာပါစေ။

အဖြူရောင်နတ်သမီး said...

ကျန်းမာရေးတော့ အထူးဂရုစိုက် ကိုစံလင်းထွန်းရေ...
တနယ်တကျေးမှာ မိဝေး..ဖဝေးနဲ့ ပြုစုမယ့်သူရှိတာမဟုတ်ဘူး...