Wednesday, April 14, 2010

သင်္ကြန်မြို့တော်သို့ ...



ပီနန် ဘုရားကျောင်းထဲက သပ္ပါယ်စွာတည်ရှိနေတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်


ပန်းဆီမီးများကပ်လှူပူဇော်နေချိန်


ဘုရားစောင်းတန်ထိပ်နားက အတွင်းသို့ လှမ်းမြင်တွေ့ရပုံ


ပီနန်က မြန်မာဘုန်းတော်ကြီးများ


အာရုဏ်ခံစောင်းတန်းတစ်လျှောက် ရွှေပရိတ်သတ်မြင်ကွင်း

ဒီနှစ်သင်္ကြန်မှာ အလုပ်ရှိပေမယ့် အဖော်ကောင်းတော့ ကိုယ့်ဘာသာ အလုပ်ပိတ်ပြီး မြန်မာလူမျိုးတွေ နှစ်စဉ်နှစ်တိုင်း ဆုံနေကျ လုပ်နေကျသင်္ကြန်ပွဲတော်သို့ အားရပါးရ အရောက်လှမ်းချီတက်ခဲ့ပါတယ်။ တာထွက်နောက်ကျချက်ကတော့ မနက်ခင်း (၉)နာရီမှ အိပ်ယာကနိုးလေတယ်။ ဟိုက် ဆိုပြီး နဘေးနားက ဖုန်းကိုကောက်ကိုင် သူငယ်ချင်း ကဗျာဆရာ အန်(န်)စလင်း ကို ဖုန်းလှမ်းအဆက်မှာ မင်းတော်တော်အချိန်မလေးစားတဲ့ကောင်ပဲကွာ ငါတို့ကမင်းတစ်ယောက်တည်းတင် စောင့်မှာမဟုတ်ဘူး.. ခုလူတွေစုံနေပြီ ကားထွက်တော့မှာ နောက်ကျရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲလို့ ကောင်းမွန်စွာ ဆီးကြိုလိုက်သောအသံကြောင့် ကိုယ့်ကိုယ်ကို အိပ်ယာထနောက်ကျတာ နောင်တရလို့မဆုံးဘူး။ ဖြစ်ရမယ်လေ... မနေ့ညက မေ့ပြီး နှိုးစက်မပေးလိုက်တာကိုက ကိုယ့်အမှား။ ချိန်းထားတဲ့အချိန်ထက် နဲနဲနောက်ကျသွားတယ်။ လူစုံတက်စုံ သွားကြမယ့် သင်္ကြန်ကားကြီးထဲမှာ ကိုယ်တစ်ယောက်တည်းအတွက် သူတို့ကစောင့်နေလို့လည်းမဖြစ်ပါဘူးလေ။ ဒါနဲ့ပဲ စိတ်ပျက်လက်ပျက် မှိုင်တွေငေးမောရင်း သင်္ကြန်ပွဲအမှီသွားရလိုသွားရငြားဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ နောက်ထပ်ဘော်ဒါတစ်ယောက်ဆီကို ဖုန်းလှမ်းဆက်တော့ အိုကေ ..သူငယ်ချင်း ဘာမှမပူနဲ့ ငါလာခေါ်မယ်ဆိုပြီး အချိန်းအချက်တွေလုပ် သင်္ကြန်အတွက်နဲ့ အလုပ်တွေပြုတ်ချင်ပြုတ်ပစေဆိုပြီး သူလည်းထွက် ကိုယ်လည်းထွက်ခဲ့ကြပါတော့တယ်။

သင်္ကြန်ပွဲလေးးတစ်ခုအတွက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကတော့ အကုန်စုံစီနဖာ ရေးပြရမယ်ဆိုရင် နိဂုံးပင်ချုပ်နိုင်မယ် မထင်လေဘူး။ သူများတကာရေလောင်းတာခံရလို့ ရေစိုရွှဲရမယ့်သင်္ကြန်အစား ချွေးသံရွှဲရွှဲနဲ့ စက်ဘီးကို လီဘာအကုန်တင်ပြီး သင်္ကြန်မှာကဲရဖို့အရေး (၅)မိုင်လောက်ဝေးတဲ့ ခရီးကနေ အပြေးချီတက်ရပါတော့တယ်။ အဲဒီ့အချိန်မှာ ရင်ထဲ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်တော့တယ်။ အောင့်လည်းမအောင့်တော့ဘူး။ စူးလည်းမစူးတော့ဘူး။ သင်္ကြန်ပွဲအမှီရောက်ဖို့အရေးကလွဲလို့ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်သတိမရတော့ဘူး။

အဲဒီ့မှာစတွေ့တာကတွေ စကြုံရပုံတွေကတော့ ... ဘတ်(စ်)ကားဂိတ်မှာ ဘော်ဒါနဲ့အတူ နှစ်ယောက်သား တစ်နာရီလောက်မှ တစ်စီးလောက်လာတဲ့ ကားကို လည်ပင်းတွေရှည်သထက်ရှည် မျှော်လိုက်ငေးလိုက်ရတာ မျှော်တဲ့ကားက ရောက်မလာဘဲ ကိုယ့်ကိုနှိပ်စက်မယ့် ကြွက်ကားကရှေ့တည့်တည့်မှာ ဘွားကနဲပေါက်ချလာပါတော့တယ်။ ဆရာတွေက ကားပေါ်ကနေ အခန့်သား ထိုင်ပြီးလှမ်းရှိုးတယ်။ အင်း ..ဒီငတိနှစ်ကောင်တော့ ငွေဘယ်လိုညှစ်လိုက်ရကောင်းမလဲဆိုတာတွေများ သူတို့စိတ်ထဲမှာ ဘာတွေရှိနေမလဲဆိုတာ ဘုရားဘုရား မစဉ်းစားရဲတော့ဘူး။ ကားကကိုယ့်ရှေ့မှာရပ်မလိုလိုနဲ့ မောင်းထွက်သွားတော့မှ ဟူးခနဲသက်ပြင်းကို အလုံးလိုက်ကြီးချပြီး သက်မကြီးကို ရှုလိုက်ရတော့တယ်။

ဒီလိုနဲ့ လိုင်းကားတွေ တစ်ဆင့်ပြီးတစ်ဆင့်စီး။ ဇက်ဆိပ်ရောက်တော့ ဇက်စောင့်ရတာ ဇက်ပါညောင်းရပါတယ်။ နောက်ပြီး အော်ရန်းမလေးရှား အော်ရန်းမလေးရှားနဲ့ တံခါးစောင့် ကလားကြီးက သူ့နိုင်ငံသားများကို ဦးစားပေးခေါ်ပြီးနေလေတော့ ကိုယ်တွေက ဟိုးနောက်မှာ ကုပ်ကုပ်ကလေးတွေ။ သြော်... နိုင်ငံခြားသားဘဝ အလုပ်ထဲမှာတင်မဟုတ်ဘူး၊ ဘယ်သွားသွား မျက်နှာမြင် မသနားချင်ပါတဲ့ကျွန်တော်တို့ဘဝတွေကို ကိုယ်ဘာသာကိုယ်ပဲ ပြန်သနားမိနေရရှာတော့တယ်။ နောက်တစ်ခေါက် ထပ်ခေါ်မယ် မလေးရှားလူမျိုးတွေ ကျန်ရှိသေးရင်ရှေ့ကိုတက်လာပါ ဆိုပြီး မလေးလိုအော်ပြောနေတာ နားထဲမှာ ကန့်လန့်ကြီးဝင်သွားသလိုပဲ။ နာရီကိုကြည့်တော့ မနက်ပိုင်းအချိန်က (၁၁)နာရီခွဲတော့မယ်။ နာရီဝက်လောက် ချွေးပြန်အောင်စောင့်မှ ဇက်ပေါ်ကိုချောချောမောမော ရောက်ပါတော့တယ်။ ဇက်တစ်ခုလုံးကလည်း ရွှေမြန်မာများဖြင့် ပြည့်နှက်နေတော့တယ်။ ဘယ်ကြည့်လိုက်ကြည့်လိုက် ခင်ဗျားရွှေလားလို့ လက်ညိုးထိုးမလွဲမေးရင်တောင် ဟုတ်ကဲ့ဆိုတဲ့ အသံတွေက နားထဲမှာ တရစပ်ဝင်ရောက်လာမယ်။ ဒီလိုအချိန်မှာ အော်ပရာစီကင်း ကြွက်ရန်လည်းရှင်းပါတယ်။ အိုတာရော၊ မအိုတာရော (over stay ကိုပြောခြင်းဖြစ်) အကုန်အစုံပလုံ တောကြိုအုံကြား လုပ်ငန်းခွင်နေရာအနှံ့အပြားကနေ အလျှိုလျှိုထွက်ပေါ်လာကြပါတယ်။ မြန်မာတို့ရဲ့ ရိုးရာသင်္ကြန်ပွဲတော်ဟာ တိုင်းတပါးက ကျွန်းကလေးတစ်ကျွန်းပေါ်မှာ ကဗျာဆန်စွာ ဖြစ်ပေါ်နေပါတော့တယ်။

ဇက်ပေါ် ရောက်ရုံနဲ့လည်းမပြီး ဟိုဘက်ကမ်းကို ဇက်လည်းကပ်ရော ဘတ်(စ်)ကားဂိတ်မှာ ပြေးကြ၊ လွှားကြ၊ တိုးကြဝှေ့ကြနဲ့ အရမ်းကို မောလည်းမောရ ပျော်လည်းပျော်ရပါတယ်။ ပုတပုတ နဲ့ ကလားတစ်ကောင်က အော်နေလေရဲ့။ ဘာလဲဟေ့ ဘူတာလား ဘူတလား ကျွန်တော့်နားထဲမှာမရှင်းလို့ နဘေးနားက ဘော်ဒါကိုမေးကြည့်တော့မှ အဲဒါဗုဒ္ဓလို့ပြောနေတာကွ တဲ့။ ဖြစ်မှဖြစ်ရလေကွာ သူ့ကျမှ ပုတဆိုလား ဘူတာဆိုလားပဲ ပြောရင်းဆိုရင်း ရယ်ရသေးတယ်။ ပီနန်ကျွန်းပေါ်က သင်္ကြန်ရက်ထဲမှာတင် ဒီလိုင်းကား သီးသန့် ပြေးဆွဲတာပါ။ ဒါကြောင့်လည်း သီးသန့်တစ်နေရာတည်း ပီနန်ဘုန်းကြီးကျောင်းကိုသွားမှာမို့ ဗုဒ္ဓလို့ အော်ပြီးလူတွေကိုခေါ်နေတာကိုး။ ရွှေများဟာလည်း ကားပေါ်ကို တစ်ပြုံကြီးတက်ကြတာများ ဟိုက် ...မျက်စိရှေ့မှာတင်ကြည့်ရင်း ကိုယ့်တိုင်းပြည်က ရန်ကုန်မှာ ဆူးလေးရှေ့ရောက်သွားသလိုပါပဲလားလို့ ထင်မိလောက်ပါရဲ့။ ဘယ်နေရာက ကားကိုပဲကြည့်ကြည့် ရွှေတွေနဲ့တင်ပြည့်နေကြတာဗျာ ...။ ဒီအချိန်မှာ ဘယ်သူတွေ ဘာပြောပြော ကိုယ်တွေက group နဲ့ဖြစ်သွားပြီဆိုတော့ ပျော်စရာကြီး။ ကားသမားကလည်း ကားပေါ်တက်ရင် လက်မှတ်ဖြတ်ဖို့ တစ်ဆယ်တန်ပေးရင် ပြန်အမ်းဖို့အကြွေမရှိဘူးဆိုပြီး သုံးယောက်ခပေးတာကို တစ်ကျပ်ပဲအမ်းလို့အမ်း တစ်ကျပ်ကို သူ့အတွက် ဘတ်ထားတယ်ထင်ပါရဲ့။ အင်းလေ ..ဒီလိုပွဲမျိုးမှ မဘတ်ရင် သူတစ်သက်လုံးနောင်တလို့ ဆုံးမှာမဟုတ်ဘူးဆိုတော့လည်း လုပ်ပါစေဗျာ။ တစ်ဖက်လူကလည်း သူနဲ့ပြန်ပြောဖို့အချိန်မရှိဘူး ကားပေါ်မှာ နေရာရဖို့အရေး ရှိပါစေတော့ဆိုတဲ့သဘောမျိုးနဲ့ ထားလိုက်ကြတယ်။ ရန်ကုန်က ၄၃ လိုင်းကားအလား လူတွေကြပ်သိပ်အောင်တင်ပြီးမှ ကားကထွက်တော့တယ်။ ဒါတောင် လမ်းကမှတ်တိုင်တွေတိုင်းမှာ တက်လိုက်ကြတဲ့ရွှေတွေ ... ဟိုကလည်းတက် ဒီကလည်းတက်နဲ့။ အဆင်းဆိုတာတော့မရှိတော့ဘူးခင်ဗျ။ တောက်လျှောက်ပါပဲ။

လမ်းတစ်လျှောက် စည်လိုက်တဲ့မြို့တော်ကြီး ဘယ်နေရာကြည့်လိုက်ကြည့်လိုက် အို ...ဗားမားလို့တောင် စိတ်ထဲကနေ ရေရွတ်မိရလောက်အောင်ပါပဲ။ နာရီဝက်လောက် ကားစီးပြီးမှ ရွှေတွေခြေကျင်းလိမ်နေတဲ့ ရွှေလမ်းကြီးထဲရောက်ပါတော့တယ်။ (ကိုယ့်ဘာသာလမ်းနာမည်ပေးထားလိုက်တာ) ကားပေါ်ကနေ တိုးကြဝှေ့ကြ ဆင်းကြပေါ့။ နဘေးပါတ်ဝန်းကျင်က နှစ်နှစ်ဆယ်ကျော်ရင်းနှီးခဲ့ဖူးတဲ့ ဘာသာစကား အသံဗလံများ၊ လူလှုပ်ရှားမှုများကို ကြားရမြင်ရတော့ ကိုယ့်မျက်စိနဲ့ ကိုယ့်နားကိုတောင် မယုံနိုင်အောင် ဖြစ်ရတယ်။ ဟင် ... ငါအခုရောက်တာ မြန်မာပြည်ကို ပြန်ရောက်နေတာတော့ မဟုတ်လောက်ပါဘူးနော် ...ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိလေးနဲ့ ထားကြည့်ရသေးတယ်။ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်တစ်ဝိုက် ရှိသမျှရွှေအင်အားကလည်း သောင်းဂဏန်းလောက်အထိ ရှိမယ်ထင်ပါရဲ့။ အကို့ ..ဘုန်းကြီးကျောင်း ဘယ်နားမှာလည်း လို့ နဘေးနားက ဘော်ဒါက ကိုရွှေတစ်ယောက်ကို လှမ်းအမေး သူက ဟိုဘက်လမ်းကိုချိုးလိုက်ရောက်ပြီဗျ။ လက်ညိုးထိုးပြတဲ့နေရာကို လှမ်းကြည့်လိုက်တော့ ရွှေတွေက အလျှိုလျှိုထွက်လာနေတဲ့ လမ်းထောင့်ချိုးတစ်ခုဆီကို မျက်စိကကြည့်ရင်း ခပ်သွက်သွက်ခြေလှမ်းတွေက အလိုအလျောက် ခပ်သွက်သွက် လှမ်းလျှောက်သွားမိပါတော့တယ်။ အခုမှတစ်ကယ့်ကို ကိုယ့်တိုင်းပြည်ကြီးထဲ ပြန်ရောက်သွားလိုက်သလိုပါပဲ။ တစ်လမ်းလုံးပြည့်နှက်နေတဲ့ ရွှေမြန်မာတွေကိုတွေ့ရတော့ ရင်ထဲမှာ လှိုက်ဖိုရင်း ကြည်နူးပီတိဖြစ်တဲ့စိတ်ကလေးတွေက ရင်ထဲမှာ တစိမ့်စိမ့်ပေါက်ဖွားလာတယ်။ ဒီလိုဖီလင်မျိုးက ရတောင့်ရခဲလေးဆိုတော့ အမိအရကို ခံစားပစ်လိုက်တယ်ဗျာ။

ဘုရားကျောင်းမုဒ်ဦးဝရှေ့မှာ ရေလောင်းသူကလောင်း အော်ဟစ်ကခုန်သူကခုန် သင်္ကြန်ဒိုးပတ်သံ၊ သီချင်းသံတွေကလည်း ရင်ထဲအထိပါ စူညံသွားရတော့တယ်။ ဘုရားကျောင်းဝန်းထဲကို အဝင်မှာ တွေ့ရတဲ့ ကားဆိုင်ကယ်တွေကလည်းအပြည့်။ အော်...ကိုယ့်ရွှေတွေ တိုင်းတပါးမှာ ချမ်းသာနေသူတွေလည်း မနဲပါလား ... အခြေတကျဖြစ်နေသူတွေလည်း မနဲပါလားလို့ တွေးလိုက်မိတယ်။ ဘုရားစောင်းတန်းတစ်လျှောက် ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ ရွှေတောကြီးထဲ ကိုယ်လည်း တိုးရင်းဝှေ့ရင်း ဘုရားပေါ်အရောက်တက်ခဲ့တယ်။ ဘုရားရှေ့မှာ အသာအသာဒူးထောက်ထိုင်ရင်း သရဏဂုံသုံးပါးကို ရင်ထဲကနေ ရွတ်ဖတ်ပြီး ဆုလေးအနဲအကျဉ်းတောင်း၊ ပြီးတော့ သင်္ကြန်အတွင်းမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာရှိကြစေဖို့ ခဏလေးစူးစိုက်ပြီးတော့ မေတ္တာပို့သလိုက်တယ်။ ပြီးတာနဲ့ ဓါတ်ပုံတွေလှည့်ပတ်ရိုက်ပါတော့တယ်။

ကိုယ်ပိုင်ကင်မရာကလည်း ပါမလာတော့ (အမှန်ကမရှိတာ) ဘော်ဒါရဲ့ဘော်ဒါ့ ဘော်ဒါတွေဆီကနေ တစ်ဆင့်ပြီးတစ်ဆင့်လိုက်ငှားခဲ့ရတယ်။ ဘုရားကျောင်းဝန်းတစ်ခုလုံးကို အနှံ့ လျှောက်ရိုက်လိုက်တယ်။ အားရမှ ပြန်ထွက်လာပြီး ပီနန်ကမ်းခြေဆီကို ဆက်လိမ့်တယ်။

ပီနန်ကမ်းခြေကိုအသွား ဘော်ဒါတစ်ယောက်ကလည်း ရင်းဂစ်(၇၀၀)ကျော်တန်ဖုန်းအကောင်းစားတစ်လုံး ပျောက်ကျသွားလို့ ပျော်ရတဲ့အချိန်မှာ သူ့အစား စိတ်မကောင်းဖြစ်ရပါသေးတယ်။ ရွှေအချင်းချင်းတိုးကြဝှေ့ကြနဲ့ ဘတ်(စ်)ကားပေါ်တက်ချိန်မှာ ပြုတ်ကျသွားတယ်ထင်ပါရဲ့။ တွေ့တဲ့သူကလည်း ဖုန်းရတာနဲ့ ဖုန်းကို ချက်ချင်း ပါဝါခလုတ်ပိတ်ထားလိုက်လို့ ဒီဘက်က အခြားဖုန်းတစ်လုံးနဲ့ မစ်(စ်)ကော(လ်)ခေါ်ကြည့်ပေမယ့် မရတော့ပါဘူး။ စိတ်ရင်းမမှန်တဲ့သူ လက်ထဲရောက်တော့လည်း ဘာမှမတတ်နိုင်တော့ပါဘူး။ သူတစ်ပါးဆီက အချိုအချောင်ရတာကိုမှ ကြိုက်တတ်တဲ့ လူမျိုးကြောင့် အဲဒီ့ဖုန်း ပြန်ရဖို့မျှော်လင့်ချက်ဆိုတာလည်း မရှိတော့ဘူးလေ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့လည်း စိတ်ညစ်တာတွေရော မညစ်တာတွေရော စုပြုံပေါင်းရောကာ ဘီယာနဲ့အတူရောစပ်ရင်း လူတွေကိုလည်း ပင်လယ်ထဲမှာ လှိုင်းလုံးတွေအကြားမှာ မျှောချပစ်လိုက်ပါတော့တယ်။ ပင်လယ်လှိုင်းလုံးတွေအကြား လက်ပစ်ကူးရင်း ကမ်းစပ်နဲ့ ဝေးသွားလို့ လူကနဲနဲခရီးလည်းပမ်းထားလို့ နွမ်းလည်းနွမ်းနေတော့ ချက်ချင်းလက်ပမ်းကျသွားတာနဲ့ မဖြစ်တော့ဘူးဆိုပြီး ကမ်းစပ်ကို မနဲရောက်အောင် ပြန်ကူးရတယ်။ ဆက်သာနေရင် ကြွက်တက်ရင်တက်၊ မတက်ရင် လှိုင်းလုံးအကျမှာ ပြန်လိမ့်ပြီး ပင်လယ်အတွင်းပိုင်းထိတဖြည်းဖြည်းရောက်သွားနိုင်တယ်လေ။ နောက်ပြီး ကိုယ်ပေါ်မှာ အသက်ကယ်အင်္ကျီလည်း ပါမလာဘူးဗျ။ ဖြစ်ပုံကများ ရေငုပ်လိုက်ပါတယ်။ မျက်စိတွေရော၊ ပါးစပ်တွေရော၊ နားတွေရော စပ်ဖျင်းဖျင်းနဲ့ အူထူကုန်တာပဲ။ ငံကငံသေး။ ဒါနဲ့ ကမ်းခြေမှာ ဟိုပြေးဒီပြေးလုပ်ရင်း နားနားနေနေ ရေကစားနေရတာ တော်တော်ကို အရသာရှိနေတော့တယ်။

ပီနန်ကမ်းခြေတစ်လျှောက်မှာလည်း ရွှေတွေချည်းပဲ နေရာတိုင်းမှာ ရာနဲ့ ထောင်နဲ့ ချီပြီးတော့ အုပ်စုလိုက် အုပ်စုလိုက်ရှိနေကြတယ်။ တချို့အုပ်စုလေးတွေဖွဲ့ပြီး ပါဆယ်(လ်)ဂိမ်းကစားတာမျိုးတွေလုပ်သူကလုပ်၊ တချို့ ရွှေတစ်စုကတော့ ဂစ်တာနဲ့ဝိုင်းဖွဲ့ရင်း အသဲကွဲသီချင်းတွေဟစ်လိုဟစ်နဲ့ ... ရှာပုံတော်မင်းသားကြီး၊ မင်းသားလေးများကလည်း ဟိုငေးဒီငေးနဲ့ တွေ့သမျှ မြင်သမျှ ရွှေမဒီလေးများကို စူးရဲတဲ့ မျက်လုံးကြီးများနဲ့ လိုက်ကာလိုက်ကာ ကြည့်နေကြလေရဲ့။ အခုမှပဲ အလန်းလေးတွေတော်တော်ပေါမှန်းသိရတော့တယ်ကွ နဘေးနား လူငယ်တွေရဲ့စကားအတိုင်း လန်းတယ်လန်းတယ် ဆိုတာလေးတွေပါပဲလေ။ ဟုတ်ပါရဲ့။ ဒီသင်္ကြန်ကျမှပဲ တိုင်းတပါးမှာ သူသူကိုယ်ကိုယ် ဘဝဝမ်းစာ ရှာဖွေလာတဲ့ ရွက်ပုန်းသီးလေးတွေကို အတိုင်းသား ကိုယ့်မျက်စေ့ရှေ့မှာ တွေ့မြင်နေရတော့ ကိုယ်တောင်မှ ရင်ထဲမှာ ဟာသလိုလို ဘာလိုလို ... ဘေးကတစ်ယောက်ကတော့ ပြောရှာလေတယ် ... သူများတွေများ တွဲလိုက်ကြတာ ချိတ်ကတောင် အရှုံးပေးရလောက်တယ်... ငါတို့များတော့ အင်း ... ဟာဗျာ ... ပြောမနေပါနဲ့တော့ လာချမယ် ... ချီးယာ(စ်) အတိုင်အဖောက်ညီညီ ပုလင်းထောင်ပစ်လိုက်ကြတယ်။ သင်္ကြန်တွင်းမှာ ဘီယာဈေးကကြီးလေတော့ သိပ်တော့ ရေချိန်မကိုက်ခဲ့လေဘူး။ ရှားရှားပါးပါး အမြီးလည်း ထမင်းကြော်နဲ့ နေ့လည်စာ စားတော့လည်း ထမင်းကြော်နဲ့ပေါ့။ (အဆန်းတွေချည်းပါပဲ) စားရင်းသောက်၊ သောက်ရင်းစားကြတယ်။

ကမ်းခြေမှာ အားရအောင် အပမ်းဖြေပြီးမှ ထုံးစံအတိုင်း ဘတ်(စ်)ကားမှတ်တိုင်မှာ ကြိတ်ကြိတ်တိုးတဲ့ ရွှေတွေအကြား ဆူးလေမှာလိုမျိုး ကားလုစီးရပြန်တယ်။ အပြန်လမ်း ဇက်ကြီးပေါ်မှာတော့ တစ်နေကုန်ပင်ပမ်းခဲ့ရမှုတွေကြောင့် ဇက်မကျိုးရုံတမယ် ငိုက်မြည်းချင်စိတ်ကို မနဲထိန်းသိမ်းကာ တစ်နေ့တာလုံး ကျေကျေနပ်နပ်ဖြစ်အောင် အားပါးတရ ပျော်ရွှင်ခွင့်ပေးခဲ့တဲ့၊ ပျော်ရွှင်ခွင့်ရခဲ့တဲ့ သင်္ကြန်မြို့တော်(ခေါ်) ပီလောပီနန်ကျွန်းကြီးကို တိတ်တဆိတ် နှုတ်ဆက်ကျောခိုင်းလာရင်း အတွေးအစအနများကတော့ စီးလာတဲ့ ဇက်ကြီးအောက်က ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးထဲက လှိုင်းလုံးတွေလို ဟိုမှဒီသို့ ကစဥ့်ကလျားပေါ့ ...။


ဖျော်ဖြေရေးမဏ္ဍပ်ရှေ့မှာ တိုးရင်းဝှေ့ရင်း ရိုက်ဖြစ်ခဲ့သော ဓါတ်ပုံများ ...





စောင်းတန်းထဲမှာ ရွှေများရေကစားနေကြစဉ်


တဒုန်းဒုန်း တဂွမ်းဂွမ်း သီချင်းသံတွေအကြား ကဲသူကဲ၊ ကွဲသူကွဲ၊ ပြဲသူပြဲ ....


ဖလားနဲ့အားမရလို့ အဲဒါကြီးကို ဝိုင်းမလာပြီး လောင်းမယ်တဲ့ ...


တီးဝိုင်းစတိတ်စင်ပေါ်ကနေ မိမိရရကို လှမ်းရိုက်ထားတာ ...


စတိတ်စင်ရှေ့က ထောင်ချီမကသော ရွှေပွဲလာများ ...


မုဒ်အပြည့်နဲ့ တီးခတ်နေကြသော အမေ့ရင်သွေး ဝိုင်းတော်သားများ



ကျောင်းဝန်းထဲက စိမ်းလဲ့နေတဲ့ ငါးကန် ...




ဒီမှာလည်း ဓါတ်ပုံတွေရိုက်နေကြတယ် ...


အကျွေးအမွေးနဲ့ ဧည့်ခံတဲ့ ရောင်နီဦး မြန်မာလူငယ်များအဖွဲ့ ...





ပီနန်ပင်လယ်ကမ်းခြေမှ ကြည်နူးဖွယ်ရာ ရှုမြင်ကွင်းများ ...




များပြားလှတဲ့ ရွှေမြန်မာအုပ်ကြီးကြောင့် ရင်ထဲမှာ ငပလီတို့ ချောင်းသားတို့ ရောက်ဖူးသွားတယ်လို့ သဘောထားလိုက်တယ် ...


ရွှေခြေချင်းလိမ်နေတဲ့ စိတ်ကူးထဲက ချောင်းသာသို့လာရာလမ်း


ပီနန်ကမ်းခြေမှ နားနေတဲအချို့ ...


သဲသောင်ပြင်မှာ ပျော်ကြပါးကြ ရေဆော့ကစားကြ ...




မေတ္တာမွန်ဖြင့်
စံလင်းထွန်း

(စာကြွင်း။ လောလောဆယ် ကျန်းမာရေးကြောင့် သိပ်မရေးနိုင်ဘူးဆိုပေမယ့် မနေနိုင်တာနဲ့ ဟိုကအပြန်မှာ တစ်ညလုံး အင်တာနက်မှာ အေးဆေးထိုင်ပြီး ဒီပိုစ့်အတွက် လုံးပမ်းခဲ့ပါတယ်။ နောက်ပြီး ဓါတ်ပုံတွေက ဆိုဒ်တော်တော်ကြီးတော့ အင်တာနက် ကွန်နက်ရှင်ကြောင့် ပုံတွေတင်ရတာမလွယ်လို့ အချိန်နှောင့်နှေးကြန့်ကြာသွားပါတယ်။ နောက်ရက်မစောင့်ချင်တာရယ်၊ အဝေးရောက်မြန်မာများ သင်္ကြန်အမှီ ဒီပိုစ့်လေး ဖတ်ခွင့်ရအောင်ရယ်၊ နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ထူးခြားတဲ့ တိုင်းတပါးက မြန်မာသင်္ကြန်ပွဲတစ်ခုရဲ့ မြင်ကွင်း၊ ရှုခင်းဓါတ်ပုံတွေကြည့်ပြီး ပျော်ရွှင်မှုလေးတွေရအောင် တတ်နိုင်သလောက် အတွေ့အကြုံလေးတွေကို ကြိုးစားပြီးတော့ မျှဝေပေးလိုက်ရပါတယ်။)

10 comments:

အိမ့်ချမ်းမြေ့ said...

မင်္ဂလာသင်္ကြန်ပါကိုစံလင်းထွန်းး)
ဓာတ်ပုံတွေဝေမျှတာ ကျေးဇူးတင်ပါတယ်ရှင်..

ဂျေဂျူဝိုင် said...

သင်္ကြန်က စည်သားပဲဗျ

အင်ကြင်းသန့် said...

စံလင်းရေ...
ဖတ်ရတာ ပျော်စရာလည်းကောင်းတယ်...အရေးကလည်းကောင်းတော့ ရီလည်း ရီမိတယ်...အစ်မတို့မြန်မာလူမျိုးတွေဟာ ဘယ်နေရာမှာပဲ ရောက်နေနေ...ကိုယ့်ရိုးရာသင်္ကြန်ကို အခုလို တစ်ပျော်တစ်ပါး ဆင်နွှဲကြတာကို မြင်ရတော့ ပီတိလည်းဖြစ်မိတယ်...အခုလိုကျတော့ ရင်ဘတ်က မအောင့်တော့ဘူးပေါ့ :)))
အင်း...ပီတိကြောင့်ပဲ ဖြစ်မယ်...ဘာပဲ ဖြစ်ဖြစ်အခုလိုမျှဝေပေးတာ ကျေးဇူးပါ စံလင်းရေ...ပျော်ရွှင်စရာ အပြည့်နဲ့ နှစ်သစ်ဖြစ်ပါစေကွယ်..ရေလည်းလောင်းသွားတယ်နော်...


(ဒါနဲ့ စကားမစပ်...ရောဂါအရခံပြီး ကဗျာတွေရေးနေမယ့် အစား အခုလိုစာတွေရေးပါလား..စာရေးကောင်းတယ်...)

ခင်မင်စွာဖြင့်
မအင်ကြင်း

An Asian Tour Operator said...

့ညီတော်မောင်တို့များ သင်္ကြန်မှာကဲတာ ကိုယ့်အကို ကိုတောင် သတိတယခေါ်ဖေါ်မရဘူး။ သောက်စားတဲ့အကြောင်းလဲ တွေ့တယ်နော။ ဟွင်းးးးး

~ဏီလင်းညို~ said...

စံလင်းရေ.....
ပီနန်းသင်္ကြန်ကတော့ စည်ပါ့ဗျား.......
ကိုဏီတို့ မလက်ကာမြို့လေးထဲမှာတော့ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် တိတ်ဆိတ်နေတယ်ထင်တာပဲလေ......း((
နှစ်သစ်မှာ အစစ အဆင်ပြေပါစေညီရေ........။
ကျန်းမာရေး ဂရုစိုက်ပါဦးဗျာ........။
ကဗျာအသစ်လေးတွေဖတ်ဖို့ ကိုဏီမျှော်နေတာ မမေ့နဲ့ဦးဗျ...နော့်.........။
ခင်မင်တဲ့
ဏီလင်းညို

စံလင်းထွန်း said...

လာလည်မန့်သွားကြတဲ့ အစ်ကိုအစ်မများရော ... တိတ်တဆိတ်ရောက်လာပြီး ပြန်လစ်သွားကြသူများရော အားလုံးပဲ မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်ပါတယ် ...။

ပိုစ့်တင်ပြီးပြီးချင်း လာရောက်ဖတ်မန့်သွားတဲ့ အစ်မအိမ့်ချမ်းမြေ့ရေ ...ကျေးဇူးပါခင်ဗျာ ..။

ကိုဂျေဂျူဝိုင်ရေ ... စည်ချက်ကတော့ လာကြည့်ရင် လူပါအီသွားမယ်နော့် ..။

မအင်ကြင်းရေ ...တကယ်ပြောတာလားခင်ဗျ D:...။ ခုလိုအားပေးနေမှတော့လည်း ကြိုးစားပါဦးမယ်ခင်ဗျ။

ကိုAATO ရေ.. သတိတော့ရတယ်... အကိုတို့ကို အလုပ်ပျက်အောင် အနှောက်ပေးသလိုဖြစ်မှာစိုးလို့ ..။

ကိုဏီးရေ ...နောက်နှစ်ကျရင် ကိုဏီးကိုအလည်ခေါ်မယ်လေ ...။ အားပေးတဲ့ခွန်အားသစ်တွေတိုးပွားရပါတယ်။
လောလောဆယ်တော့ ရေးပြီးသားကဗျာတွေလည်း တင်နိုင်တဲ့အခါ လာတင်ပါ့မယ်ခင်ဗျာ...။

ဒီသင်္ကြန်ပိုစ့်တင်ပြီးတဲ့ ညကတည်း နောက်နေ့လုပ်ငန်းခွင်ပြန်ဝင်ပြီး အင်တာနက်ဆိုင်မထိုင်ဖြစ်လို့ ကွန်မန့်များကို တင်တာနောက်ကျသွားပါတယ်။

သင်္ကြန်ရဲ့အပျော်ဓါတ်တွေကတော့ နှစ်ဆီသို့ရောက်သည့်တိုင်အောင် ကူးစက်ခံနေရတုန်းပဲ။

လောလောဆယ် ကျန်းမာရေးအခြေအနေ၊ အလုပ်အခြေအနေအကြောင်းအရပ်ရပ်တို့ကြောင့် ဘလော့ဂ်ကိုထပ်၍ မခွဲချင်ဘဲ ခွဲရပါဦးမည်။ တစ်ပါတ်တစ်ကြိမ်လောက်တော့ လာပါ့မယ်ခင်ဗျာ ...။

အားလုံးကို ခင်မင်လေးစားတဲ့
စံလင်းထွန်း

နောင်တော် said...

အဲဒီမှာကျတဲ့ သင်္ကြန်ကို ခံစားသွားပါတယ်။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

ကေသရီ said...

ကိုစံလင်းထွန်းရေ
ပီနန်သင်္ကြန်ဓါတ်ပုံလေးတွေမျှဝေပေးတာကျေးဇူးပါ။ ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ပီနန်ဘုန်းကြီးကျောင်းနဲ့ Komtar မှာ အော်ပရာစီလုပ်သွားလို့ ရွှေတွေတော်တော်ပါသွားတယ်လို့ကြားတယ်။ စိတ်မကောင်းလိုက်တာရှင်။

စံလင်းထွန်း said...

ဟုတ်ကဲ့ ကိုနောင်တော်ရေ.. တကူးတက လာလည်သွားတာကျေးဇူး။

အဲဒီ့သတင်း ဆရာမကေသရီ ပြောမှသိရတာပါ။
နောက်ပြီးလတ်တလောကြားနေရတဲ့သတင်းများကတော့ စိတ်မကောင်းစရာတွေချည်းပါပဲဆရာမရေ ...။

စိတ်မကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ ကိုယ့်ဘဝကိုယ်တောင် အနိုင်နိုင်ရယ်မို့ပါ။

ခင်မင်စွာနဲ့
စံလင်းထွန်း

ချော (အစိမ်းရောင်လွင်ပြင်) said...

ပုံလေးတွေကြည့်တာနဲ့တင်အရမ်းစည်တယ်
အစွမ်းကုန်ပျော်ကြတယ်ဆိုတာ သိလိုက်ပါပြီ..
ပျော်ပျော်ရွှင်ရွှင်ပေမဲ့ သရုပ်ပျက်တာမတွေ့ရလို့ ကျေနပ်မိတယ်..
သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ အပျော်ဆုံးပွဲဘဲနော်
ဘယ်ပွဲမှလိုက်မမှီတဲ့ ပွဲတစ်ခုပါ..
အပျော်တွေဝေမျှပေးလို့ကျေးဇူးပါ..