Sunday, April 25, 2010

ဒဏ်ရာတွေအကြားက နှစ်သစ်ကို ကြိုဆိုပါတယ် ...။


(၂၀၁၀)ဧပြီလမှာ နှစ်သစ်ကူးခြင်းက ပျော်စရာတွေလည်းရှိခဲ့သလို၊ ဒဏ်ရာတွေတသီကြီးရလိုက်ပါတယ်။ ထူးထူးခြားခြား လောကသစ္စာတရားတချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့မိပါပြီ။ ဧပြီလဟာ ကျွန်တော့်မွေးလ၊ ပြီးတော့ မွေးရက်ကလည်း သင်္ကြန်အပြီးမှာ။ မွေးနေ့လက်ဆောင်အဖြစ် လောကဓံတရားက ကျွန်တော့်အတွက် ဒုက္ခလှလှလေးတွေ ထုပ်ပိုးပေးလိုက်ပါတယ်။ မလိုချင်လည်း ဖွင့်ကြည့်ရမယ့် အဲသည့်ဘဝစာမျက်နှာထက်မှာ ဒူးထောက်အရှုံးပေးချင်လောင်အောင် စိတ်ပျက်စရာတွေနဲ့ချည်း ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော့်ဘဝမှာ ဖြတ်သန်းရင်း ကြုံတွေ့ခဲ့ရတဲ့ ဘဝတွေကတော့ ချိုတစ်လှည့်ခါးတစ်လှည့်တွေပါ။ လောလောဆယ်ကတော့ ခါးချည့်နေတော့တာပါပဲ။

အဲသည့်ဒုက္ခလှလှလေးတွေထဲက ဘဝခါးခါးတစ်ခုကိုပြောပြပါဆိုရင် ဟိုတစ်နေ့က ကျွန်တော် ခေါင်းကွဲသွားတယ်။ ရိုးရိုးကွဲတာမဟုတ်။ ပြေးရင်းလွှားရင်းနဲ့ ကွဲသွားတာ။ ပြေးတာတောင် သေပြေးရှင်ပြေး ဘဝအရေးအတွက် ကြောက်လန့်တကြားပြေးလွှားရင်းနဲ့ မတော်တဆ ထိခိုက်မိတဲ့ ဒဏ်ရာပါ။ စက်ရုံမှာ အော်ပရာစီမဟုတ်ပေမယ့် ကြွက်တွေအများကြီး ဝင်သောင်းကျန်းသွားတယ်လေ။ အဲသည့်နေ့က စက်ရုံထဲကကို သံတွေခိုးလာတဲ့ သံကားကြီးတစ်စီးဝင်လာပါတယ်။ သံတင်သံချ လုပ်တဲ့ကုလားတွေကို ကြွက်တွေက လိုက်ဖမ်းတာပါ။ ကိုယ်တွေကလည်း ကြွက်မြင်တာနဲ့ သိတဲ့အတိုင်း ပြေးရမယ်ဆိုတဲ့ အသိက ဦးနှောက်ထဲမှာ အိုတိုမက်တစ် မက်ဆေ့ခ်ျပို့ထားပြီးသားဆိုတော့ တန်းကနဲကိုပြေးတာပါပဲ။ ပြေးရင်းက သံတိုင်နဲ့ ခေါင်းဆောင့်မိပြီး ကွဲသွားတယ်။ ရုတ်တရက်မို့ ခေါင်းနဲ့တိုက်မိပြီး ခဏလေး သတိလစ်မေ့မျောတော့မလို ဖြစ်သွားသေးတယ်။ ဒါပေမယ့် ပြေးရမယ်ဆိုတဲ့အသိကြောင့် ချက်ချင်းကုန်းထပြေးပါတယ်။ သွေးတွေကလည်း ချင်းချင်းကိုနီလို့ပါပဲ။ သေပြေးရှင်ပြေး ပြေးရတာမို့ ဘာကိုမှလှည့် မကြည့်နိုင်ဘဲ တောထဲကနေလွတ်အောင် ထွက်ပြေးရပါတယ်။ စက်ရုံနောက်ဘက်က တောအုံကြီးထဲကို ပြေးဝင်ပြီး အချိန်တော်တော်ကြာကြာ တောထဲကနေ ဖောက်ထွက်ရပါတယ်။

ဖြစ်ချင်တော့ သူတို့ ဖမ်းတာက ကုလားတွေ၊ ကိုယ်တွေက ဗမာဆိုပေမယ့် ကုလားတွေနဲ့အတူတူ ရောပါပြေးမိရက်သားဖြစ်သွားတော့ မထူးလက်စနဲ့ ဆက်ပြေးနေရတော့တာပေါ့။ ဒီအချိန်မှာ အဖမ်းခံရရင်လည်း မချောင်ဘူး။ ရှင်းရခက်သွားပြီ။ တောထဲမှာ ကျန်နေခဲ့လို့လည်းမဖြစ်ဘူး။ ကိုယ်တစ်ယောက်တည်း မိသွားနိုင်တယ်လေ။ မိရင်ဘာလုပ်မလဲ သံခိုးကုလားနဲ့ လုပ်ဖော်ကိုင်ဖက်ပါဆိုပြီး ကိုယ့်ကို အမှုဖွင့် တရားစွဲဆိုရုံတင်မက ထောင်ဒဏ်တွေပါနှစ်ရှည်လများ ကျသွားနိုင်တဲ့အထိပါ။ ထောင်နှုတ်ခမ်းပေါ်မှာ သီသီကလေး ကပ်ပြေးခဲ့ရတဲ့နေ့လေးတစ်နေ့ပေါ့ဗျာ။ ဘယ်လိုမှ ထင်မှတ်မထားခဲ့တဲ့ ဘဝခါးခါး အမှတ်တရတစ်ခုပါပဲ။

တောထဲမှာပြေးရင်းပြေးရင်း ခေါင်းကလည်း ဒဏ်ရာနဲ့မို့ တဆစ်ဆစ်နာကျင်ကိုက်ခဲလာတယ်။ မျက်လုံးတွေလည်း ပြာဝေလာတယ်။ နေပူရှိန်နဲ့မို့ ဒဏ်ရာက ပိုပိုဆိုးရွားလာပါတယ်။ အတူတူပြေးဖော်ပြေးဖက် ဘော်ဒါတစ်ယောက်က သူ့ကိုယ်လုံးနဲ့ ကိုင်းတောတွေပေါ် လှမ့်ချပြီး လမ်းကိုဖောက်ပါတယ်။ မျက်ရိုင်းတောကြီးကလည်း ထူပိန်းနေပြီး ကျွတ်တွေ၊ ခြင်တွေကလည်း ကိုက်လိုက်တာ လွန်ပါရော။ အားလုံးကျွန်တော်တို့ ဗမာလေးယောက် တောထဲမှာ မျက်စေ့လည်တိုင်ပတ်နေတယ်။ ဒါပေမယ့်ဖုန်းလိုင်းကဝင်နေသေးတော့ အတူတူပြေးလာတဲ့ ဘော်ဒါတစ်ယောက်က အပြင်ကလူ တစ်ယောက်ကို ဖုန်းဆက်ပြီး တောထဲကနေ ထွက်ပေါက်ကို ရှာမေးတယ်။ ကျွန်တော့်ဖုန်းကတော့ ပြေးရင်းလွှားရင်း ဘယ်နားကျကျန်ခဲ့မှန်းကိုမသိဘူး။ ကြွက်ကလည်း ကျွန်တော်တို့ လယ်ကွင်းဘက်ကို ဖြတ်အပြေးမှာ ဆိုင်ကယ်နဲ့ လယ်ကွင်းထဲအထိဆင်းလိုက်ပါတယ်။ ကျွန်တော့်နောက်မှာ ဝါးတစ်ရိုက်သာသာအကွာပဲရှိတော့တယ်။ အဲသည့်အချိန်က စိတ်ဓါတ်ကျပြီး နေခဲ့ဖို့ စိတ်ကူးမိပါသေးတယ်။ ဒါပေမယ့် ငါ့ဘဝမှာ လျှောက်လှမ်းရမယ့် ခရီးတွေအများကြီးကျန်သေးတယ် မိသာစုအရေး၊ ကိုယ့်ဘဝအရေးဆိုတာတွေ ခေါင်းထဲမှာ တွေးမိခိုက် မဖြစ်သေးဘူးဆိုတဲ့ အသိတရားကြောင့် လွတ်အောင်ပြေးခဲ့ရပါတယ်။ နေကပူ၊ ချွေးကထွက်၊ ဒဏ်ရာကြောင့် သွေးကလည်းထွက်နဲ့ ရေကလည်းဆာ မောကလည်းမောပမ်းလို့ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ဒုက္ခစုံကို အခုမှ ကိုယ်တိုင်ကိုယ်ကျ အသေအချာကို ခံစားခဲ့ရပါတယ်။

(၂)နာရီလောက် နေပူကြီးထဲမှာ ပတ်ပြေးပြီးမှ လုံခြုံတဲ့ မြန်မာအသိတွေရဲ့ အိမ်တစ်အိမ်မှာသွားပြီး နားနေရပါတယ်။ ခေါင်းကဒဏ်ရာကလည်း ဒီအချိန်မှာ ဆေးခန်းသွားပြချင်ပေမယ့် လက်ထဲမှာ ပိုက်ဆံကလည်းမရှိ၊ ဆေးခန်းသွားဖို့ကလည်း မလွယ်ဆိုတော့ ညနေစောင်းတဲ့အထိ အဲဒီ့အိမ်မှာပဲ စောင့်ရပါသေးတယ်။ သွေးထွက်တာတော့ တိတ်သွားပါပြီ။ ခေါင်းတစ်ခါမှ မကွဲခဲ့ဘူးတာ အခုမှပဲ ခေါင်းကွဲတဲ့အရသာကို ကောင်းကောင်းကြီး ခံစားလိုက်ရတယ်။ သြော်... ဒုက္ခလှလှလေးတွေတွေ့မှ သံဝေဂတရားတွေက ရင်ထဲမှာတိုးလို့ပွားများလာမိတော့တယ်။ လောကမှာ ဘယ်အရာမှမမြဲဘူးဆိုပြီး ကိုယ်ပေါ်က ဒဏ်ရာရဲ့နာကျင်မှုတွေကို ဖြစ်တည်ပျက် တရားနဲ့ရှုမှတ်ပြီး ဖြေဖျောက်ကြည့်တယ်။ အနည်းငယ်ပြေလျော့ချင်သလိုဖြစ်လာတယ်။ ညနေ(၅)နာရီလောက်မှာ ဖျားချင်သလိုလိုဖြစ်လာတယ်။ ဒါပေမယ့်မယ့် စိတ်ဓါတ်နဲ့ ကျွန်တော်တောင့်ထားခဲ့တယ်။ အဲသည့်နေ့ညပိုင်းမှာတော့ ဆေးခန်းသွားပြီး ခေါင်းကဒဏ်ရာကို ချုပ်လိုက်ရပါတယ်။ အခုတော့တော့ အဆင်ပြေသွားပါပြီ။ အဲသည့်တုန်းက ပြေးရင်းသတိလေးတစ်ချက်လွတ်လိုက်တာနဲ့ ဖြစ်သွားခဲ့တဲ့ဒဏ်ရာပါပဲ။ ဆင်ခြင်စရာ သတိ သတိ။

အခုလက်ရှိဘဝအခြေအနေအရ ဘလော့ဂ်ကိုဖြတ်သင့်ဖြတ်ရပါမည်။ ဖြတ်မည်ဆိုတာကိုတော့ မသေချာသေးပေမယ့် ကြုံတွေ့ဖြတ်သန်းရတဲ့ ဘဝအစိတ်အပိုင်းထဲက အခြေအနေတွေကို ကြုံရင်ကြုံသလိုတော့ ဘလော့ဂ်ပေါ်မှာ ပိုစ့်တွေအဖြစ် လာ၍တင်နေပါဦးမယ်။ လောလောဆယ် အသေအချာပြောနိုင်တာကတော့ တိုင်းတစ်ပါးဘဝမှာ ဝမ်းစာကျောင်းရတဲ့ဘဝဟာ မရေရာပါ။ သေချာခြင်းတွေကတော့ မရေရာခြင်းတွေပဲ ... ဆိုတဲ့ တိုင်းတပါးရောက် ဘဝကို ဖော်ညွှန်းထားတဲ့ သီချင်းလေးတစ်ပုဒ်ထဲက စာသားတွေလိုပါပဲခင်ဗျာ ...။ ကိုယ့်တိုင်းပြည်၊ ကိုယ့်မိဘအရိပ်မှာ ခိုလှုံရတာလောက် အေးချမ်းမှုကို ပေးနိုင်မယ့်နေရာ ကျွန်တော် ရှာမတွေ့သေးပါဘူး။ အရာအားလုံး သဗ္ဗေသတ္တာ ကမ္မသကာ ပါပဲလေ ...။

ဒဏ်ရာတွေအကြားက
စံလင်းထွန်း

3 comments:

အင်ကြင်းသန့် said...

စံလင်းရယ်...ဖတ်ရတာ မသက်မသာ ရှိလိုက်တာ ... တော်တော်လည်း စိတ်မကောင်းဖြစ်မိတယ်... အခြေအနေအရ ဘလော့ကို ဖြတ်ချင်လည်းဖြတ်ပေါ့လေ...ပိတ်တော့မပစ်ပါနဲ့...အခွင့်သာရင် ဘ၀ထဲက အတွေ့အကြုံတွေကို အခုလိုပဲ ရေးတင်ပါဦး...ဒါပေမယ့် နောက်တစ်ခါတင်မယ့် ဘ၀အတွေ့အကြုံတွေက သာယာချိုမြိန်ဖွယ်ရာ အတွေ့အကြုံမျိုးတွေ ဖြစ်ပါစေလို့ အစ်မဆုတောင်းပေးပါတယ်...

ခင်မင်စွာဖြင့်
မအင်ကြင်း

ညလင်းအိမ် said...

ညီရယ် စိတ်မကောင်းလိုက်တာ ... ခုလိုအမြဲဖြစ်နေရင် မကောင်းဘူးလေကွာ ...
ဘာမှန်းသေချာမသိပေမယ့် အဆင်ပြေမယ့် တခုခုကို ရွေးချယ်ကြည့်ပါလား .. ဘ၀ဆိုတာ ခါးတာမှန်ပေမယ့် ... ရပ်တည်နေကြရအုန်းမှာပဲမလား ...

အဆင်ပြေချောမွေ့ပါစေဗျာ ...

စံလင်းထွန်း said...

မအင်ကြင်း ... အစ်မပြောသလိုပဲ ဆက်ရေးဖို့ အားသစ်တွေမွေးနေပါတယ်။ များမကြာမီမှာ တင်နိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ အခုလို စာတွေကိုစောင့်ဖတ်ပေးနေတဲ့အတွက်လည်း ကျေးဇူးအရမ်းတင်နေမိပါတယ်။

ကိုညလင်းအိမ် ... နာမည်ပြောင်းသွားတော့ ဘယ်သူများလဲလို့။ စိတ်မကောင်းဖြစ်ပေးတာ၊ အကြံဥာဏ်ပေးတာ ကျေးဇူး။ အဆင်ပြေမယ့်ဟာကိုရွေးဖို့ လောလောဆယ်မှာ ဘိုင်ပြတ်နေတယ်။ အဲသည့်အတွက် အရင်စုရဦးမယ်ဗျာ ...။ ကျေးဇူးပါဗျာ။

ခင်မင်တဲ့
စံလင်းထွန်း