Saturday, February 6, 2010

Hip Hop (သို့မဟုတ်) ရေစီးကြောင်းထဲက ဂီတလောက


တစ်နေ့က ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် ရင်းနှီးသူတစ်ယောက်က မိဘမေတ္တာကို ရည်ညွှန်းဖွဲ့ဆိုထားတဲ့ selection သီးချင်းတွေကို လာပေးတယ်။ ဘာအကြောင်းတွေရေးထားလဲလို့ ကျွန်တော်ကမေးမိတော့ နားထောင်ကြည့်ပါ ... ကောင်းတယ် တဲ့။ နားထောင်ဖြစ်အောင် နားထောင်ဖို့လည်း သူက အခါခါတိုက်တွန်း နေပြန်ပါသေးတယ်။ ဒါနဲ့ အလုပ်နားတုန်း သူပေးထားတဲ့သီချင်းတွေကို ကွန်ပျူတာထဲထည့်ပြီး mp3 player ထဲတစ်ဆင့်ထပ်ကူးပြီးမှ အေးအေးဆေးဆေး နားထောင်ကြည့်မိလိုက်တယ်။

အဲဒီ့သီချင်းတွေက ကျွန်တော့်ရင်ထဲကို တည့်တည့်မတ်မတ်ကြီးကိုပဲ ပြေးဝင်သွားလေသလား အောင့်မေ့ရတယ် ...။ ကောင်းလွန်းလို့ တစ်ပုဒ်ချင်းစီကိုတောင် အသေအချာ ခံစားကြည့်မိတယ်။ လူငယ် Hip Hop သမားများရဲ့ အဖေ့ မေတ္တာအကြောင်း၊ အမေ့မေတ္တာအကြောင်းတွေကို ဖော်ညွှန်းရေးဖွဲ့ပြီး သီဆိုထားခဲ့တဲ့ Hip Hop သီးချင်းကောင်းတွေပါ။ အချို့သီးချင်းတွေက ကြားဖူးခဲ့တာတော့ကြာပြီ။ အချို့ကတော့ အခုမှ နားထောင်မိတာ။

ရဲလေးရဲ့ ထိပ်ဆုံးမှာအမေနဲ့ အိမ်ဆိုတဲ့သီချင်း၊ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အမေအကြောင်းအဖေအကြောင်း သီချင်း(၃)ပုဒ်၊ Black Hole အဖွဲ့ရဲ့ Hip Hop အဖေ၊ ကြက်ဖရဲ့ တစ်ကိုယ်တော်ခံစားမှု အဖေသီချင်း၊ ဗျောက်အိုးအဖွဲ့ရဲ့ အမေသီချင်း၊ တချို့သီချင်းတွေ ကြမ်းတမ်းခဲ့သလောက် အမေသီချင်းကျတော့ အရမ်းကောင်းခဲ့တဲ့ ဂျောက်ဂျက်ရဲ့ အမေအကြောင်း မုဒ်အပြည့်နဲ့သီချင်း၊ နန်းစုရတီစိုးရဲ့ မိုးမမြင်လေမမြင်တေးစီးရီးထဲက အမေသီချင်း၊ 9 mm ထဲက မိဘမေတ္တာတရားကို တောင့်တမှုသီချင်း၊ ဖြိုးလေးရဲ့ ဟစ်ဟော့(ဖ်)လူသား သီချင်း၊ အားလုံးပေါင်း (၁၂)ပုဒ်ပါတယ်။ (နောက်မှပဲ သီချင်းတစ်ပုဒ်ချင်းစီက ကျွန်တော်ကြိုက်တဲ့ စာပိုဒ်၊ စာသား၊ တီးလုံးတွေကို ပြန်ခံစားပြီး ရေးပြပါဦးမယ်) ထွက်ခဲ့တာကတော့ အတူတူ မဟုတ်ပါဘူး။ အင်တာနက်ပေါ်က သီချင်းတင်တဲ့ဆိုဒ်ထဲမှာ တစ်ယောက်ယောက်က ရှာရှာဖွေဖွေ စုစည်းတင်ပေးထားပုံရတယ်။ ထွက်ခဲ့သမျှ Hip Hop တေးစီးရီးထဲမှာ ကျွန်တော့်အကြိုက်ဆုံးကိုပြောပြပါဆိုရင် အခုလို ရောသမမွှေပေါင်းစုထားတဲ့ selection သီချင်းမျိုးတွေကို အကြိုက်ဆုံးပဲ။

ဒီသီချင်းတွေ နားထောင်နေရင်း စာရေးစရာအကြောင်းအရာတွေက ခေါင်းထဲမှာ ပေါ်လာတယ်။ ရေးမယ် ရေးမယ်နဲ့ တော်တော်နဲ့ မရေးဖြစ်ခဲ့တဲ့ Hip Hop အကြောင်းဟာ အခုမှပဲ စရေးဖြစ်တော့မယ်ထင်ပါတယ် ...။ Hip Hop ဂီတဟာ ခေတဲ့အရာမဟုတ်ဘူးဆိုတာ သက်သေပြ မှတ်တိုင်ထူခဲ့တဲ့ သီချင်းမျာဟု ကျွန်တော့်အတွေးထဲမှာ ခပ်တိုးတိုးပဲ မှတ်ချက်တွေပေးနေမိတယ် ...။ ဒါက ကျွန်တော့်ရဲ့အမြင်ပါ။ Hip Hop ဆိုတာ အနောက်နိုင်ငံက ကပ္ပလီလူမျိုးတွေရဲ့ ဂီတတစ်ခုမို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တယ်ဟုတစ်မျိုး၊ အရူးထ မြူးကြွနေတဲ့ ဂီတမဟုတ်တဲ့ ပေါက်ကရ အော်ဆိုနေသော သီချင်းများဖြစ်သည်ဟု တစ်မျိုး၊ ရေဗွက်တစ်ခုလို၊ ကောက်ရိုးမီးလို ဖျတ်ကနဲဟုန်းကနဲထပြီးမှ ပြန်ငြိမ်သွားတတတ်တဲ့ ရသမမြောက် တာရှည်မတည်မြဲနိုင်သော သီချင်းများဟုလည်းကောင်း၊ ခေတ်ရေစီးကြောင်းဆိုတာကြီးကို အကြောင်းပြပြီး လုပ်ချင်ရာ လုပ်တယ်ဟူ၍လည်းကောင်း၊ ယဉ်ကျေးမှုကို ဖျက်ဆီးမဲ့ တေးသီချင်းများဟုလည်းကောင်း အမျိုးမျိုးဝေဖန်ရှုတ်ချ ကဲ့ရဲ့ပြီး ဆန့်ကျင်ခဲ့တာတွေ ဒုနဲ့ဒေးရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ Hip Hopဆိုတာ ဂီတမဟုတ်ဘူးလို့ ဂီတသများများက ဝေဖန်ကဲ့ရဲ့ကြခြင်းပင်။ Hip Hop နဲ့ပါတ်သတ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်လေးတွေ ပြန်အမှတ်ရနေမိလို့ ထည့်ရေးချင်ပါသေးတယ်။

ရန်ကုန် သင်္ကြန်တစ်ခုမှာ နာမည်ကြီး ရောခ့်တေးဂီတ အဖွဲ့တစ်ခုရဲ့ ဖျော်ဖြေရေး စတိတ်ခုံရှေ့ မူးမူးနဲ့ ဝင်ကခဲ့တုန်းကပေါ့။ ဒီဝိုင်းထဲမှာ Rapper တွေပါသလား ... Rocker တွေသီချင်းဆိုနေတာပါ ... Rapper တွေပါရင် ဘေးထွက်နေလိုက်နော့ လို့ Rap ဂီတကို လှောင်သလို၊ ပြောင်သလို၊ နှိမ့်ချသလိုမျိုးနဲ့ ပရိတ်သတ်အားပေးမှုကို အခွင့်ကောင်းယူပြီး စင်ပေါ်က Rocker တစ်ဦး အော်ပြောခဲ့ဘူးတာ ကိုယ်တိုင်ကြုံခဲ့ရဘူးတယ်။ တချို့ပရိတ်သတ်တွေတော့ အောက်ကနေပြန်ပြီး အော်ဆဲနေပုံရတယ်။ ကယကံရှင် ထိခိုက်မှာစိုးလို့ ဘယ်သူဘယ်ဝါဆိုတာ ထည့်မရေးတော့ပါဘူး။ ကျွန်တော်က Rapper လည်းမဟုတ်ပါဘူး။ Rocker လည်းမလုပ်တတ်ပါဘူး။ ဂီတမှန်ရင် ဘာမဆိုအားပေးနေမှာပဲ။ နောက်ထပ်ဘာဂီတ အမျိုးအစားတွေပဲ ထပ်၍ပေါ်လာခဲ့သည်ဖြစ်စေဦးတော့ ဂီတကိုခံစားတတ်တဲ့ နှလုံးသားရှိနေတဲ့အတွက် ဆက်ပြီးအားပေးနေရဦးမှာလို့ ရိုးရိုးပဲ တွေးမိပါတယ်။ ကိုယ်တိုင်သဘောပေါက်လို့ ရင်နဲ့လည်းစာနာ နားလည်ထားလိုက်မိတယ်...။

Hip Hop နဲ့ပါတ်သတ်လို့ ငယ်ငယ်တုန်းက ကလေးလူကြီးပါမကျန် အကုန်သိတဲ့ Acid သီချင်းနဲ့ စတင်ရင်းနှီးခဲ့ရဘူးပါတယ် ...။ အသက်(၁၅)နှစ်အရွယ်လောက်မှာ ကျွန်တော်ကိုယ်တိုင် ဂစ်တာတီးတတ်လာတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖေဖော်ဝါရီမှတ်တမ်း သီချင်းကို စဆိုဖြစ်တာကအစ Hip Hop စာသားတွေရဲ့ ကာရံနဘေကျနမှု၊ အလင်္ကာမြောက်မှု၊ ထိထိရှရှစကားလုံးတွေကို ရင်ထဲမှာ တိတ်တခိုး လေးစားအားကျလာမိခဲ့ဘူးတယ်။ ကောင်းတယ်လို့တော့ အသိအမှတ် မပြုခဲ့မိဘူး။

တစ်ခါက ကွန်ပျူတာဖွင့်ရင်း ဗျောက်အိုးရဲ့ အမေသီချင်းကို နားထောင်နေတုန်း နဘေးနားက ထိုင်နေတဲ့ အဖွားအိုနှစ်ဦးက မင်းဖွင့်ထားတဲ့ သီချင်းကောင်းတယ် ဟုထောပနာပြု ချီးကျူးတာခံရဘူးတယ်။ သူတို့ကတောင် လိုက်ဆိုနေလိုက်သေးတယ်။ ဘာတဲ့ အမေ ... အားလုံးအတွက်ရင်ဆိုင်တဲ့အမေ ... သားသမီးများ ခိုလှုံခွင့်ပေး ... ရေလိုကြည်လင် စိမ့်စမ်းအေးတစ်ခုလိုပဲ ...။ ကျွန်တော့်မှာ ရီရသေးတယ်။ တစ်ခါတစ်လေကျတော့ ဆိုဟန်မှာ ငိုသံပါရောပါလာတတ်သေးတဲ့ Hip Hop သီချင်းတွေ နားထောင်မိရင်း ကိုယ်တိုင် မျက်ရည်တောင်ကျမိတယ် ...။ အမှတ်အတိုင်း ဝန်ခံတာပါ။ ကျွန်တော့်ကိုယ်က စိတ်နုနယ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် တချို့လည်း ဒီလိုပဲခံစားရတယ်လို့ ပြောကြလေတယ်။ လက်ရာမြောက်တဲ့ အနုပညာ ဖန်တီးချက်တိုင်းဟာ ရင်ကို အမှန်တစ်ကယ်ပဲ ထိရှစေတာပါလားဆိုတာ သဘောက်ပေါက် နားလည်မိလိုက်ပါတယ်။

တစ်ခုတော့ရှိတယ်။ လူသိများတဲ့ ဂျောက်ဂျက်လို သီချင်းမျိုးတွေကိုတော့ မဝေဖန်ရဲပါဘူး။ ကြိုက်တယ်လို့လည်း မပြောဝံ့ပါဘူး။ သို့သော် မကြာခဏတော့ နားထောင်နေမိတာ ဝန်ခံရမှာပဲ...။ ယနေ့ ခေတ်လူငယ် အများစုရဲ့လက်ကိုင်ဖုန်း၊ အိမ်ဆောင် mp3 player တွေထဲမှာ ဒီလိုသီချင်းမျိုးတွေ နေရာယူလာတာကိုတော့ အတော်ပဲ အံ့သြမိတယ်။ ဂျောက်ဂျက်ထက်ကြမ်းတဲ့ သီချင်းတွေလည်း Hip Hop လောကမှာ ရိုက်သတ်လို့ မကုန်နိုင်အောင် ပေါ်ထွက်ခဲ့ပါသေးတယ်။ ဂျောက်ဂျက်ဆိုတာလောက်တော့ သူတို့နဲ့ယဉ်လိုက်ရင် ပါမွှားလေးဖြစ်သွားပြီ။ ယုတ်အစွဆုံး လိဒ်ပိုင်းဆိုင်ရာနဲ့ ပါတ်သတ်ပြီး ညစ်ညစ်ညမ်းညမ်းအော်ဟစ်ဆိုထားတဲ့ တရားမဝင်တေးသီးချင်းတွေပါ။ ဒီကိစ္စနဲ့ပါတ်သတ်လို့တော့ ကျွန်တော်လည်း ဘာမှမပြောတတ်။ မဝေဖန်တတ်တော့လောက်အောင်ပါပဲ။ ရှုထောင့်အမျိုးမျိုးနဲ့ တွေးကြည့်၊ သုံးသပ်ကြည့်မိပါတယ်။ ပြောရတော့ခက်ခက်ပဲ။ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာဦးမလဲဆိုတာကိုသာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေမိတယ်။

နောက်ပိုင်းမှာ Hip Hop ဂီတရဲ့ ဆန်းသစ်တီထွင်မှုတွေဟာ အံမခန်းလောက်အောင်ကို လက်ရာမြောက်ပီပြင်လာခဲ့ပါတယ်။ အပြိုင်အဆိုင်တေးစီးရီးတွေလည်း အသီးသီးထွက်ပေါ်လာခဲ့ကြတယ်။ ဒီရေလှိုင်းတက်သလို Hip Hop လှိုင်းလုံးတွေက မြန်မာပြည်ထဲသို့ တရွေ့ရွေ့ဝင်ရောက်ရိုက်ခတ်သွားလိုက်တာ နေရာအနှံ့ပြန့်ကျဲသွားတဲ့အထိအောင်ပါပဲ။ ကလေးလူကြီးပါမကျန်အောင် အကုန်လုံးသိသွားကြတယ်။ ပြန့်ကျဲသွားတဲ့ သောင်ပြင်ပေါ်က Hip Hop ရေလှိုင်းတွေကို လိုက်လံရှင်းလင်းဖို့ရာ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်နေတာတော့ အသေအချာပါပဲ။ နိုင်ငံတကာမှာရော၊ မြန်မာပြည်မှာရော Hip Hop ဂီတရေစီးကြောင်းဟာ ခရီးတစ်ခုထိ ပေါက်ရောက်နေပါပြီ။ တစ်ချိန်က ဟစ်ဟော့ဖ်ဟာ ရေပွက်တစ်ခုပမာ ...ခုတော့ မရေမတွက်နိုင်အောင် ဒီရေတွေတက်သလို လှိုင်းဂယက်တွေ ထခဲ့ပါပြီ။

Hip Hop ဂီတနဲ့ ပါတ်သတ်လို့ပဲဖြစ်ဖြစ်၊ အနုပညာသမားတိုင်းကို လေးလေးစားစားနဲ့ အကြံပြုချင်တာလေး တစ်ခုတော့ရှိပါတယ်။ ခေတ်ရေစီးကြောင်းထဲလိုက်တဲ့သူပဲဖြစ်ဖြစ်၊ ခေတ်နှောင်းခေတ်ကျန်ထဲမှာ ပျော်ပိုက်မွေ့လျော်နေသူပဲဖြစ်ဖြစ် ကိုယ်ဖန်တီးတဲ့အနုပညာဟာ လူတွေအတွက်၊ လောကအတွက် ကောင်းကျိုးပြု အကျိုးဖြစ်ထွန်းစေမယ့် အနုပညာဖန်တီးမှုတွေပဲ ဖြစ်လာစေချင်တဲ့ ဆန္ဒတစ်ခုတည်းပါပဲ ...။



စာဖတ်သူအား အစဉ်လေးစားလျက် ...
စံလင်းထွန်း



(မိမိစိတ်ခံစားချက် အတွေးအမြင်များပေါ် တည်းမှီပြီး စာဖတ်သူအတွက် အသိတစ်ခုရစေချင်သော စေတနာသန့်သန့်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ တစ်စုံတစ်ယောက်အား ထိခိုက်လိုသော မသိုးမသန့် စိတ်များဖြင့် ရေးသားခဲ့ခြင်းမဟုတ်ကြောင်း ကြိုတင်ဝန်ခံပါရစေ။ အကယ်၍ စာဖတ်သူအနေနှင့် အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှု ရှိခဲ့မည်ဆိုပါက မရင့်ကျက်သေးတဲ့ မိမိစာအရေးအသားတွေအတွက် သည်းခံ ခွင့်လွှတ် နားလည်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။)

photo copy from google image.

1 comment:

ကျော်ညိုသွေး said...

ကျွန်တော်လည်း နောက်ဆုံး ဂျောက်ဂျက်ကနေ classic ဖြစ်တဲ့ လေဘာတီမမြရင် သီချင်းတွေအထိ အကုန်လုံးခံစားလို့ရတယ်ဗျ။ ဒါမှ ဒါဖြစ်နေတဲ့ သူတွေကတော့ အရူးတွေလို့ပြောလို့ရပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိတဲ့လောကကြီးမှာ သူများအကြိုက်ကိုတော့ လှောင်ပြောင် နှိမ်ချတတ်တဲ့လူမျိုးတွေ အများကြီးရှိသေးတယ်။ အဲ့လိုလူတွေကတော့ အင်္ဂါစုံလျှက် လူစဉ်မမှီသူများလို့ပဲ ခေါင်းစဉ်တပ်ချင်မိတယ်။

ခင်ဗျားအနေနဲ့ ဂျောက်ဂျက်ကို ကြိုက်သည်မကြိုက်သည်ကတော့ ကိုယ့်ဆန္ဒနဲ့ကိုယ်မို့ ဘယ်သူ့ အမြင်ကိုမှ ဂရုမစိုက်သင့်ပါဘူး။ ပင်ပန်းပါတယ် အဲ့လိုဂရုစိုက်နေတာ။ သူများကို မထိခိုက်ဖို့ပဲလိုတာပါ။ ကိုယ့်ဘာသာကိုယ် တိတ်တခိုးကြိတ် နှစ်သက်နေတာက ဘယ်သူ့မှ ထိခိုက်တာမှမဟုတ်ပဲလေ။

ပြီးတော့ ဘယ်ကောင်မတွေကို ဘယ်လို ဖြုတ်ခဲ့တယ်။ ဘယ်လိုငါ ချခဲ့တယ်လို့ ဂျောက်ဂျက်မဆိုခဲ့ဖူးတာကို တော့ အသိအမှတ်ပြုမိတယ်။ :D

သူ့သီချင်းတွေ ပြန်ကြည့်ရင်...အချိုးမပြေတဲ့ ပြည့်တန်ဆာမတွေအကြောင်း လှောင်ပြောင် သရော်ပြီး စောင်းမြောင်းရေးဖွဲ့ထားတာနဲ့ ရန်ဖြစ်တဲ့သီချင်းတွေပဲရှိတယ်။ ဘယ်ကောင်မကို ဘယ်လို လုပ်ခဲ့တယ်ဆိုတာတွေ မပါဘူး။

စာရေးထားတာတွေ အများကြီးဖတ်သွားတယ်။
ရေးထားတာကောင်းတယ်။ ဆက်လက်အားပေးနေပါဦးမယ်။ ကျန်းမာပျော်ရွှင်ပါစေ။