Sunday, December 27, 2009

ဝါသနာ၏ မြစ်ဖျားခံရာ



မှတ်မှတ်ရရ ကျွန်တော့်ဘဝနေ့လေးတစ်နေ့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်(၈)တန်းကျောင်းဘဝ (၁၅)နှစ်အရွယ်ဝန်းကျင်လောက်သာရှိဦးမယ်။ အရွယ်ငယ်တော့ စိတ်တွေလည်း အတော်လေးကိုး ကစားတတ်တဲ့အရွယ် လူပျိုပေါက်စဆိုပါတော့။ (အခုလည်း လူပျိုပါနော်..)အဟက် ..အရာရာကို မြင်မြင်သမျှ လက်တဲ့စမ်းချင်တဲ့အရွယ်မို့ (မိန်းမကိစ္စကလွဲလို့) မကောင်းတာရော၊ ကောင်းတာရော အစုံလုပ်ဘူးပါတယ်။ အဲဒီအထဲမှာ ကောင်းတယ်လို့ပဲ ပြောရမလား မကောင်းဘူးလို့ပဲ မြင်ရမလား၊ ကောင်းမလေးတစ်ယောက်ကို ရည်းစားစာလိုက်ပေးဘူးတယ်။ (ကြုံတုန်း ဖောက်သည်ချတာ)ရည်းစားစာကလည်းပေးချင်သေးတယ်။ ရေးကလည်း မရေးတက်တော့ အခင်ဆုံး သူငယ်ချင်းတစ်ယောက်ဆီမှာ " သူငယ်ချင်းရာ မင်းအကိုက တော်ကီကောင်းတယ်...ငါ့အတွက် ရည်းစားစာ တစ်စောင်လောက် ရေးပေးပါကွာ " လို့ မနည်းပြောဆိုပြီး အပူကပ်ရတယ်။ သူ့အကိုကလည်း အဲဒီအချိန်က ကျောင်းမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးဆိုပဲ။ သူရေးတဲ့ စာတွေကိုဖတ်ပြီး ကောင်မလေးတွေ ကြွေသွားတာပဲတဲ့။ နောက်တော့ ဇာတ်လမ်းတွေဖြစ်ကုန်ကြတယ်။ တဖြည်းဖြည်းအဆင်ပြေသွားကြတယ်တဲ့။ အင်း... ကျွန်တော့်အလှည့်ကျတော့ တစ်မျိုးဗျ။ ကောင်မလေးလက်ထဲမှာ တစ်စက္ကန့်တောင် မကြာလိုက်ဘူး။ အဲဒီစာလေး စက်ဘီးတက်ကြိတ်ခံလိုက်ရတယ်။ ဖြစ်ပုံကလည်း ကြည့်ဦး။ စာရေးတော့လည်းတခြားတစ်ယောက်။ စာပေးတော့လည်း အကိုကြီးတစ်ယောက်ကို သူရဲကောင်းအရာထားပြီး စာလိုက်ပေးခိုင်းတယ်။ အဟဲ.. ကျွန်တော်ကတော့ နောက်လိုက်ပေါ့။ သူပေးရင် ကျွန်တော့်စာပေါ့။ ပိုင်ချက်ကတော့။ အချစ်နဲ့ပါတ်သတ်လာရင် အဲဒီလောက်သတ္တိကောင်းတာ။ အစွမ်းအစရှိတာ။ အားကိုးချင်လောက်တာ။ ရာဇဝင်ထဲက အချစ်သူရဲကောင်းတောင် အရှုံးပေးရလောက်တယ်။

ဒါနဲ့ အဲဒီစာပေးလေည်းပေးရော ကောင်မလေးက ဘာလုပ်လိုက်တယ်မှတ်သလဲ...။ စက်ဘီးစီးရင်းကနေ ရုတ်တရက် စာကို ဆွဲယူပြီး မြေကြီးပေါ် ပစ်ချလိုက်တယ်။ အဲဒီစာလေးကားလမ်းပေါ်ကို ဝဲကျပြီး စက်ဘီးတာရာနဲ့ တက်ကြိတ်ခံလိုက်ရတဲ့ မြင်းကွင်း အခုထိ မျက်စိထဲမှာမြင်ယောင်တုန်း။ ကျွန်တော့်နှလုံးသားတွေကိုပါ ဆွဲကြိတ်သွားသလားတောင် အောက်မေ့ရတယ်။ အချစ်နဲ့ ပါတ်သတ်လို့ ပထဆုံးအကြိမ် ပြင်းပြင်းရှရှ ထိတွေ့ခံစားလိုက်ရတာပါ။ ကဗျာဆန်ဆန်ပြောရရင် အိပ်မောကျနေတဲ့ လူတစ်ယောက်ကို ရုတ်တရက် လျှပ်စစ်ကြင်စက်နဲ့ အတို့ထိခံလိုက်ရသလိုပဲ နှလုံးသားထဲမှာ ကြိမ်းစက်သွားသလိုပဲ။ အချစ်ကြောင့် နှလုံးသားမှာ အနာတရ ဖြစ်သွားတယ်ဆိုပါတော့။

ဒီလိုအဖြစ်မျိုး တချို့တွေလည်း ကြုံဖူးကြမှာပါ။ ဒါပေမယ့် အချစ်ရဲ့ခံစားချက်တွေကို ဖြေသိမ့်ကြပုံချင်း မတူညီကြဘူး။ လူတချို့က အရက်နဲ့ ဖြေချင်ဖြေမယ်။ အခြား အပျော်အပါးတစ်ခုခုနဲ့ ဖြေချင်ဖြေမယ်။ ကျွန်တော်ကတော့ အမျိုးမျိုးဖြေကြည့်ဘူးပါတယ်။ အရက်ချတယ်။ ဆေးလိပ်သောက်တာ၊ ကွမ်းစာတာကအစ တဖြည်းဖြည်း ပေါက်ကရတွေ လျှောက်လုပ်ကြည့်ဘူးတယ်။ လူပုံစံသာ ဂျလေဘီဒီဇိုင်းဖြစ်လာတယ်။ အချစ်ကြောင့်ခံစားလိုက်ရတဲ့ ဝေဒနာကတော့ ပြေမသွားဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့နေလာရင်း ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုနဲ့ စမ်းဖြေကြည့်ရင်း အဲဒါကိုပဲ တစ်စိုက်မတ်မတ် စိတ်တွေနှစ်ထားရင်း နေလာလိုက်တာ ဂီတ၊ အနုပညာကို တော်တော်လေးစွဲလန်းသွားတဲ့ အထိပါပဲ။

ဥပမာ - ရင်ထဲမှာခံစားချက်တစ်ခုခု ဖြစ်လာတဲ့အခါမျိုးမှာ တချို့က အရက်သောက်ပြီး သီချင်းတွေအော်ဆိုတယ်မို့လား။ ကျွန်တော်က အရက်လည်းသောက် သီချင်းလည်းဆို၊ ဂီတာလည်း နဲနဲပါးပါးတီးတတ်တော့ ကိုယ်တိုင်တီးဆိုပေါ့ဗျာ။ နောက်တော့ ကိုပိုင်သံစဉ်တွေရှာပြီး ကိုယ်ခံစားရတဲ့ အရာလေးတွေကို သီချင်းရေးဖွဲ့ကြည့်တယ်။ ပြီးတော့ အဲဒီသီချင်းကို အထပ်ထပ်အခါခါ ဆိုညည်းကြည့်တယ်။ ဘာနဲ့မှ မတူတဲ့ ခံစားမှုတစ်မျိုးကို ထိတွေ့ခံစားရတယ်။ တဖြည်းဖြည်း ဝါသနာကနေ တက်မက်ခုံမင်မှု၊ နောက်စွဲလန်းမှုသို့ အသွင်ကူးပြောင်းလာတယ်။ ကိုယ်ရဲ့အနုပညာဖန်တီးမှုက ကိုယ့်ရဲ့ခံစားချက်တွေကို ပြေလျော့စေခဲ့တာပါပဲ။ ဒါတွေကို ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းအတွက် အစပျိုးခဲ့တဲ့ မျိုးစေ့တစ်စေ့ (သို့မဟုတ်) ဝါသနာရဲ့ မြင်ဖျားခံရာအစတွေမှန်း ဟိုတစ်ချိန်တုန်းက မတွေးမိခဲ့ဘူး။ လူဆိုတာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလေ...။


ကြိုးစားပါဦးမည်...
စံလင်းထွန်း


photo copy from google image.

3 comments:

မြတ်မွန် said...

ဘာမှ မလုပ်ဘဲ ခံစားမှုတစ်ခုရှိတိုင်း စာတွေ ကဗျာတွေရေးပါလို့ အကြံပြုပါတယ်ရှင်။
ခံစားမှုတွေကို ကဗျာအဖြစ် အသက်သွင်းလိုက်ပါ..အရမ်းအကျိုးရှိပါတယ် ကိုစံလင်းရေ..အကြံပေးခြင်းပါရှင်။

စံလင်းထွန်း said...

ဟုတ်ကဲ့ ..မမြတ်မွန်

အကြံပေးတာ ကျေးဇူး။

ကဗျာတွေ၊ စာတွေပိုပြီးပီပြင်လာအောင် အသက်သွင်းနေဆဲပါ။

PhyoPhyo said...

ရည်းစားစာလေး ပေးဖို့များ ကြောက်တတ်လိုက်တာ .. အခုတော့ ဒီလို မဟုတ်လောက်တော့ပါဘူး .. စာတွေရေးဖြစ်နေတာ .. ပျော်နေတယ်မဟုတ်လား .. အမေ ကို တိုင်တည်ရေးထားတဲ့ ကဗျာလေးလဲ ကောင်းတယ် .. အမေတို့ မသိတဲ့ သူတို့အကြောင်း .. တကယ်တော်ပါတယ် .. မအားတဲ့ကြားက ကဗျာတွေစာတွေ ရေးနိုင်တာ .. အမြဲလာဖတ်ပါမယ် .. အောင်မြင်ပျော်ရွှင်ပါစေ