Sunday, January 16, 2011

ဂဘောက်တိဂဘောက်ချာ ကျွန်တော့်စာ (၄)


ဘလောဂ့်မရေးတာကြာပြီဖြစ်တဲ့ ကျွန်တော်တစ်ယောက် (၃)လတာကာလအတောအတွင်းထဲမှာ အပြောင်းအလဲတွေ အတော်များခဲ့ပါသည်။ ဘဝသံသရာအချိုးအကွေ့ ဝင်္ကမ္ဘာဝဲဂယက်ထဲ တဝဲလည်လည်နေခဲ့ရင်း ကိုယ်ကျဉ်လည်ရာဘဝတစ်လျှောက်မှာ ဖြတ်သန်းရင်း တွေ့ဆုံကြုံကြိုက်ခဲ့ရတဲ့ အဖြစ်အပျက်တွေကတော့ အချစ်၊ အလွမ်း၊ အမုန်း၊ အဆွေး၊ ဝမ်းနည်း၊ ဝမ်းသာပျော်ရွှင်မှုတွေကို ရောသမမွှေပေါင်းစည်းထားတဲ့ ဇာတ်လမ်းတွေအလား (သို့တည်းမဟုတ်) စိတ်ဝင်စားဖွယ်ရာ စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတဲ့ ဝထ္ထုစာအုပ်ကောင်းတစ်အုပ်လိုမျိုး ဘဝစာမျက်နှာတွေကို တစ်ရွက်ပြီးတစ်ရွက် စိတ်ဝင်တစား ရှေ့ဆက်လှန်လှောဖတ်ရှုသွားရသလိုမျိုးပါပဲ။

ဒီဂဘောက်တိဂဘောက်ချာကို နိဒါန်းပျိုးရမည်ဆိုလျှင်လည်း အပြောင်းအလဲ ကစပြီးပြောရတော့မှာပါပဲ။ အပြောင်းအလဲဆိုတာတော့ လူတိုင်းမှာ ရှိတတ်ကြစမြဲပါပဲ။ ကောင်းသောအပြောင်းအလဲနဲ့ ဆိုးသောအပြောင်းအလဲဆိုပြီးတော့ ခွဲခြားသတ်မှတ်နိုင်တာပေါ့လေ။ မနေ့ကရှိတဲ့စိတ်နဲ့လူဟာ ဒီကနေ့လည်းပဲ မပြောင်းလဲဘဲ စိတ်အညစ်အနွမ်းတွေဖြစ်နေဦးမယ်ဆိုရင် ဒီလူဟာ ဘာမှထူးခြားတဲ့ ပြောင်းလဲတိုးတက်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။ လူ့ခန္ဓာကိုယ်ပေါ်က အညစ်အကြေးကိုတော့ ရေနဲ့သန့်စင်ဆေးကြောလို့ ရနိုင်ပေမယ့် စိတ်မှာဖြစ်ပေါ်နေတဲ့ သောကအညစ်အကြေးကိုတော့ အဲဒီ့စိတ်နဲ့ပဲ ပြန်ပြီးသန့်စင် ဆေးကြောပစ်ရပါမယ်။ ကျွန်တော့်ဘဝတစ်လျှောက်မှာလည်းပဲ အတိုက်အခိုက်တွေနဲ့ အနှောက်အယှက်တွေ အလွန်ပေါများခဲ့ပါသည်။ လောကဓံရဲ့ ရိုက်ခတ်မှုအောက်မှာ ခရီးသွားနေတဲ့လှေတစင်းလိုမျိုး အဲဒီ့မုန်တိုင်းအကြားမှာ လဲပြိုကျမသွားအောင် ပဲ့ပြင်ထိန်းသမ်းလာခဲ့ရင်း ပြောင်းလဲမှုတစ်စုံတစ်ရာလည်း ဖြစ်ပေါ်လာခဲ့ရသည်။ ထိုပြောင်းလဲမှုမှာ စိတ်အပြောင်းပင်ဖြစ်ပါသည်။ လွန်ခဲ့သည့်လများ အတောအတွင်းမှာကတည်းက စတင်ခံစားခဲ့ရသော ရောဂါဝေဒနာဆိုးတစ်ခုကြောင့် သတိဆိုတဲ့ သံဝေဂတရားတွေ အလိုလိုဝင်ရောက်လာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လောကဓမ္မဓိဌာန်နည်းနဲ့ တည့်တည့်ကြီး မြင်ကြည့်ရှုမှတ်ခဲ့ပါသည်။

အပုပ်ကောင်မှာ အရုပ်ဆောင်နေတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ မတည်မြဲခြင်းဆိုတဲ့ သင်္ခါရသဘောတရားကြီးဆိုတာ တဖြည်းဖြည်းရိပ်စားလာမိခဲ့တယ်။ မတည်မြဲတဲ့ဒီအပုပ်ခန္ဓာကိုယ်ကြီး အသက်ဆက်ရှင်ဖို့အတွက် နေ့စဉ် တစ်နေ့တာလုံလောက်တဲ့ ဝမ်းစာကိုတော့ အမြဲတမ်းဖြည်းတင်းနေခဲ့ရတယ်။ ဒါပေမယ့် စိတ်ပြည့်ဝဖို့အတွက် စိတ်အစာကိုဖြည့်ဖို့ကျတော့ မေ့လျော့ပျက်ကွက်နေခဲ့သည်မှာ အကြိမ်ရေမနဲလှတော့။ ဒီခန္ဓာကိုယ်ကြီး တည်ငြိမ်ဖို့ကိုတော့ အစစအရာရာပြုပြင်ဖာထေးခဲ့ပေမယ့် စိတ်ဓါတ်ကြံ့ခိုင်မှုအတွက် စိတ်လေ့ကျင့်ခန်းလုပ်ဖို့ကျတော့ မေ့လျော့ပျက်ကွက်နေခဲ့သည်။ ပုထုဇဉ်လူသားတစ်ယောက်ရဲ့ စရိုက်သဏ္ဍာန်အတိုင်း အတ္တတွေအရောင်ဆိုပြီး လောဘ၊ ဒေါသ၊ မောဟ တရားတွေရင်မှာပိုက်ကာ တမြေ့မြေ့ လောင်မြိုက်လာလိုက်တာ ဒီခန္ဓာကိုယ်ကြီး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စိတ်ရောဂါဆိုးကြီးတစ်ခု သေချာပေါက် ဝင်ရောက်လာမှာ အမှန်ပါပဲ။ ဥပမာ - လူတစ်ယောက်ဟာ ငယ်စဉ်ကိုယ်ရည်မှန်းထားသည်က ဆရာဝန် တစ်ကယ်တမ်း ဖြစ်လာခဲ့တာက သူနာပြုဆရာတစ်ယောက်ဆိုရင် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ညီခဲ့လို့ လက်ရှိဘဝနဲ့ ရောင့်ရဲတင်းတိမ် မနေနိုင်ဘဲ မဖြစ်နိုင်တော့တဲ့ ဆရာဝန်ဘဝကို စိတ်ကူးယဉ် လက်လှမ်းချင် နေဦးမယ်ဆိုရင် ဒီမဖြစ်နိုင်တော့တဲ့ စိတ်ကူးယဉ်မှုကြီးအပေါ်မှာ နေ့စဉ်နှင့်အမျှ စိတ်ဟာဖိစီးမှု ဖြစ်နေတဲ့ အတွက် နောက်ဆုံးတော့ အဲ့ဒီ့စိတ်ကပဲ သူ့ကိုပြန်ပြီးဒုက္ခပေးတော့တာပါပဲ။

မီးဘေးရှောင်မလောင်ခင်တားဆိုတဲ့ စကားပုံလေးတစ်ခုရှိပါသည်။ ဒီလိုပဲ ကျွန်တော်တို့တွေမှာလည်း နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲ အကြပ်အတည်းတွေကို နည်းအမျိုးမျိုးနဲ့ ဖြေရှင်းနေရတဲ့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာချို့ယွင်းဖောက်ပြန်မှုများ တစ်နည်းမဟုတ်တစ်နည်းနည်းနှင့်တော့ လူတိုင်းလိုလို ကြုံတွေ့လာနိုင်ပါသည်။ ထိုသို့မကြုံလာသေးခင်ကတည်းက ကြိုတင်ကာကွယ်တားဆီးရမည်မှာ ဘယ်သူမပြု မိမိအမှုတာဝန်တစ်ခုပင်ဖြစ်ပါသည်။

ကျန်တာတွေအသာထားဦး။ ယခုလက်ရှိမှာ ငွေရှာဖို့အတွက်တိုင်းတပါးထွက် အလုပ်လုပ်နေကြတဲ့ သူတွေကိုသာ ကြည့်တော့။ (မိမိအပါအဝင်) အချို့လည်း အလုပ်ကကောင်း၊ သူဌေးကကောင်း၊ အေးဂျင့်ကကောင်းနဲ့ ကောင်းတဲ့ အတွေ့အကြုံတွေနဲ့မို့ စိတ်ကောလူကော ကျန်းမာကောင်းမွန်ပြီး ဘဝဟာလည်း အဆင်ပြေချောင်လည်နေကြပါသည်။ သို့သော်လည်း နိုင်ငံခြားထွက်လာသူ လူအတော်တော်များများမှာ အစမှအဆုံး စင်းလုံးချောအဆင်ပြေကြတယ်ဆိုတဲ့သူက ရှားတော့အရှားသား။ လူတိုင်း တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့တော့ နေ့စဉ်ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရင်း ဘဝနေရေး ချောင်လည်ဖို့ နည်းအမျိုးမျိုးနဲ့ ဖြေရှင်းနေကြရပါသည်။

သည်နေရာမှာ စိတ်ဓါတ်က တော်တော်လေးအရေးပါအရာရောက်လာပါပြီ။ စကတည်းက နိုင်ငံခြားကို ထွက်မလာခင်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ခံယူချက်ကြီးကြီးမားမားထားလို့ ရည်မှန်းချက်တွေ များစွာထားထားခဲ့တဲ့လူမျိုးတောင်မှ သူ့ရဲ့စိတ်ဓါတ် ဘယ်လောက်အထိကြံ့ခိုင်မှုရှိသလဲဆိုတာ သူတစ်ပါး တိုင်းပြည်ရောက်မှ စတင်အစမ်းအသပ်ခံခဲ့ရတာပါ။

နဂိုကတည်းကိုက စိတ်ခံစားတတ်လွယ်လွန်းသူ၊ ပင်ကိုယ်စိတ်ပျော့ညံ့လွန်းသူမျိုးဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေပြီ။ သည်နေရာမှာ တချို့ကထင်ကြတယ်။ လူကအပင်ပန်းခံနိုင်ရင် အဆင်ပြေကြမှာပဲလို့။ တကယ်တော့ ဒါဟာ လွဲချော်နေတဲ့အယူအဆတစ်မျိုးလို့ ဆိုရမှာပါ။ လူ့ဘဝအဆင်ပြေမှု ဆိုတာ လူရော စိတ်ရော စပ်ဆက်နေတဲ့အတွက် လူကျန်းမာမှ စိတ်ချမ်းသာသလို၊ စိတ်ချမ်းသာမှလည်း လူကျန်းမာလာနိုင်မှာပါ။ ကျွန်တော်ဒေါက်တာလည်းမဟုတ်သလို စိတ်ပညာရှင် ဆရာဝန်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တွေ့၊ စာတွေ့အနဲငယ်လောက်ကို အခြေခံပြီး ပြောပြ၊ ရေးပြ နေရခြင်းသာ ဖြစ်ပါသည်။ လိုတိုရှင်းကို ပြောရလျှင် ကျွန်တော်အပါအဝင် လူအများစုမှာ နေ့စဉ်ဘဝရပ်တည်မှု အကြပ်အတည်း အခက်အခဲတွေကို နည်းအမျိုးမျိုးနဲ့ ဖြေရှင်းကြရင်းက ကိုယ်ခန္ဓာပင်ပမ်းနွမ်းနယ်ရုံ မျှတင်မကဘဲ စိတ်ရဲ့ဖိစီးမှုဝေဒါနာဒဏ်ကိုပါ အလူးအလဲခံစားနေကြရပါသည်။ သူတစ်ပါးတိုင်းပြည်က ကိုယ်နဲ့မရင်းနှီးတဲ့ သူစိမ်းတရံတွေအကြားမှာဆိုတော့ ပိုပြီးဆိုတာပေါ့။ ဆွေမရှိ၊ မျိုးမရှိရတဲ့အကြား မိဝေးဘဝေး အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ဝေးကွာနေရတာစသဖြင့် စသဖြင့် ဒါတွေလည်းပါတာပေါ့။

တလောက သတင်းဆောင်းပါးတစ်ပုဒ် အမှတ်မထင်ဖတ်လိုက်ရသည်။ နိုင်ငံခြားထွက် အလုပ်လုပ်ကြပြီး မြန်မာပြည်ကို ပြန်လာတဲ့လူတွေထဲမှာ စိတ်ကျရောဂါဝေဒနာရှင်တွေ အတော်ပင် တိုးပွားလာကြသည်ဆိုပဲ။ ဆောင်းပါးထဲမှာလည်း အထက်က ကျွန်တော်ပြောခဲ့သလို နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေကို လူအများစုဟာ နည်းအမျိုးမျိုးနဲ့ ဖြေရှင်းနေကြရင်းမှ မူလစိတ်ဓါတ်အခံ အားနည်းသူအချို့မှာ ရရှိလာတတ်တဲ့ ရောဂါများပင်ဖြစ်ပါသည်။ သည်နေရာမှာ တစ်ခုဖြည့်စွက်ပြီးပြောချင်တာက နှလုံးရောဂါဖြစ်ကြတဲ့သူတွေလည်း အတော်များများ ရှိနိုင်တယ်ဆိုတာပါပဲ။ မျက်စိနဲ့မတွေ့ဘူးပေမယ့် မြန်မာအချင်းချင်း တစ်ယောက်စကား တစ်ယောက်နားမှာ ကြားသိခဲ့ရတာက နှလုံးရောဂါကြောင့် အသက်(၂၀)ကျော်အရွယ် လူငယ်လေး တစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ရတဲ့သတင်းတစ်ခုပါ။ နောက်တစ်ခုက သွေးတိုးရောဂါတို့ အစာအိမ် ရောဂါတို့လည်း အဖြစ်များနိုင်ပါသည်။ သွေးတိုးနဲ့ နှလုံးရောဂါကလည်း ဆက်စပ်နေတယ် ထင်ပါတယ်။ မကြာခဏ ဒေါသထွက်တတ်သူမျိုး၊ အကြောက်အလန့်ကြီးတတ်သူမျိုးများဟာ သွေးတိုး၊ နှလုံးရောဂါ စတာအဖြစ်များပါသည်။ ငွေဆိုတဲ့ အရာလေးတစ်ခုအတွက် ကိုယ့်ဘက်က ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေကလည်း မနဲမနောပါ။ (သည်နေရာမှာ အရာရာကို တစိမ့်စိမ့်တွေးတောကာ ခံစားပြီး စာရေးသားနေကြတဲ့ စာရေးဖော်ရေးဖက်တွေကိုပါ သတိပေးလိုက်ခြင်းဖြစ်ပါတယ်။) လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းကောင်း ရောဂါတစ်ခုဆိုတာ တစ်ချိန်ချိန်မှာ အကြောင်းတမျိုးမျိုးကြောင့် ဖြစ်မလာနိုင်ဘူးလို့ တတ်အပ်မပြောနိုင်ပါဘူး။ ဒါကြောင့် မီးဘေးရှောင်မလောင်ခင်တားကြဖို့ လူတိုင်းလူတိုင်း ကိုယ်စီ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ စေတနာနဲ့ ကိုယ်တွေ့၊ စာတွေ့တွေကို အခြေခံထားပြီး အသိပေးနှိုးဆော်လိုက်ရပါတယ်။

မေတ္တာဖြင့်
စံလင်းထွန်း

(ဂဘောက်တိဂဘောက်ချာဆိုတဲ့အတိုင်းပဲ စာအရေးအသားတွေ ပီပြင်ချောမွေ့မှုမရှိသေးပါဘူး။ ရေးလက်မရှိတော့ ပိုပြီးအားစိုက်ရေးရပါတယ်။ အာရုံအမျိုးမျိုးကြားကနေ စာကိုအာရုံထည့် ရေးထားရတဲ့အတွက် အမှားအယွင်း တစ်စုံတစ်ရာလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ဒီဂဘောက်တိ ဂဘောက်ချာကြီးက ဆက်ရေးမယ်ဆိုရင် မပြီးနိုင်မစီးနိုင်အောင်ကို အများကြီးကျန်နေပါသေးတယ်။ လောလောဆယ်တော့ အရေးကြီးတာကို အရင်ဦးစားပေးပြီးမှ ရေးတင်လိုက်ရတာပါ။ အင်တာနက်ဆိုင်ကိုလည်း ပုံမှန်မရောက်နိုင်သေးလို့ပါ။ ကျန်းမာရေးကြောင့်လည်းပါတာပေါ့။ အခြေအနေပေးရင် ရေးတော့ရေးပါဦးမယ်။)

2 comments:

မြတ်မွန် said...

ကိုစံလင်းထွန်းရေ..အလုပ်အဆင်ပြေပါစေ။
နေမကောင်းဘူးထင်တယ်နော်။ ကျွန်မတောင် ပျောက်နေလားလို့ သတိရလိုက်ပါသေးတယ်။ အစစအရာ အဆင်ပြေပါစေ ရှင်။ ကျန်းမာရေးလည်း မြန်မြန်ကောင်းပါစေနော်။

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်..
ကျမလည်း ခါးနာပျောက်ရင် အပြေးလေ့ကျင့်ခန်းလေး လုပ်မလားလို့..။
ဒီမှာက အလုပ်နဲ့ လက်နဲ့မပြတ်တော့ အပြင်ထွက်ပြီး လုပ်ရတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းတို့ အပြေးလေ့ကျင့်ခန်းတို့ နဲ့ဝေးနေတာ..။
ဟိုနား ဒီနား နည်းနည်းပြေးလွှားလိုက်ရင် မောတတ်နေတယ်..။
အသက်ကြီးမှ ဆိုရင် မလွယ်ဘူး..။
ဒီမှာက ပင်လယ်ကမ်းစပ်မှာပြေးရမှာဆိုတော့ နှလုံးအတွက်လည်း လေကောင်းလေသန့်ရတယ်လေ။