Friday, January 8, 2010



သည်လိုနဲ့ ... ငါ့ဘဝ

သူငယ်တန်းဘဝ အားကျခဲ့တာ
ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်
အင်ဂျင်နီယာကြီးလုပ်မယ် ...
တဖြည်းဖြည်း ကြီးပြင်းလာရာ
အရွယ်ရောက်ချိန် ဆယ်ကျော်သက်မှာ
ရည်မှန်းချက်ဟာ တမျိုးတမည်ပြောင်းလဲ
အဆိုးအကောင်းလဲ မသိဆဲဘဲ
ဖြစ်ချင်တာက မိုးထက်မြင့်စိတ်ကူး
ဖြစ်နေတာက ကျူရှင်လခတောင် မှန်မှန်မပေးနိုင်အောင်
ပညာရေးဟာ အောက်ခြေမှာ ယိုင်တိုင်တိုင်
လက်မှိုင်မချဘဲ ကြိုးစားရင်း
ဆယ်တန်းသာအောင်ခဲ့ စိတ်ကူးနဲ့အိမ်မက်
တစ်ကယ်တမ်းဘဝမှာ တစ်ခြားစီသာပင်
အမှတ်စာရင်းဟာ အောင်ရုံသာပဲ
ဘယ်နေရာမှာမှ ဝင်မဆံတဲ့အမှတ်
အသုံးမကျဘူး ကိုယ့်ကိုယ်ကိုယ်သာကြိတ်ဆဲရင်းရူး
ဘာစိတ်ကူးမှ လက်တွေ့ဖြစ်မလာဘူး ...

သည်လိုနဲ့ ...
မျှော်လင့်ချက်တွေကို ခဝါချ
ပြင်မရတော့တဲ့ အတိတ်ကို
အိပ်ယာထဲလူးလှိမ့်ရင်း ကြိတ်လို့သာဆွေး
ငါ့အတွေးထဲမှာတော့ ဖြစ်ချင်တာတွေမဖြစ်သေး
ဖြစ်ချင်တာကို ရအောင်တွေး
မဖြစ်နိုင်တာတွေကြောင့်
စိတ်မှာ စနိုးစနောင့်သာဖြစ်ရ
ဖြစ်ချင်တာတွေက ဟိုးအဝေးက
ဖြစ်ချင်တာတွေက မဖြစ်ရ
ဖြစ်ချင်ရာဖြစ်လို့သာ
နေလိုက်မယ်ဆိုရင်
မဖြစ်သင့်တာတွေ ...ဖြစ်လာတော့မယ်ဆိုတာ
တွေးမိရဲ့သားနဲ့
ဖြစ်သလိုပဲငါ ..နေပစ်ခဲ့တယ် ...။

သည်လိုနဲ့ အနေကြာလာခဲ့ရပေါ့ ...
တစ်စတစ်စ ငါ့ဘဝက
နှစ်ဆယ်ကျော်သက်ရွယ်
လူလတ်ပိုင်းရောက်ချိန်
ဟိုတစ်ချိန်က စိတ်ကူးတွေ
တိမ်လိုပျယ်လွင့် ရွက်လွှင့်နေခဲ့တာ
ဦးတည်ရာမရှိတဲ့ ပင်လယ်ပြင်ထဲ
စိတ်ထဲမှာတော့ ရှာဖွေဆဲ
မရေရာမသေချာတဲ့ ငါ့အိမ်မက်တွေကို ...
ဆက်မက်လို့ကောင်းတုန်း ...။

စံလင်းထွန်း



photo copy from google image.

1 comment:

မြတ်မွန် said...

ရောက်နေတဲ့ နေရာကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်ပါ ကိုစံလင်းရေ..။