Friday, March 26, 2010

အဖေသို့တမ်းချင်း ...



အဖေသို့တမ်းချင်း ...

အဖေ ...
ဇရာထောင်းလို့ ခန္ဓာရုပ်ပြောင်းခဲ့ပြီနော် ...
ကံကြမ္မာသာ တစ်ချက်စောင်းငဲ့လိုက်ရင်
သားတို့ဘဝ အခုလို ပြောင်းလဲခဲ့ရမှာမဟုတ်ဘူး။

အခုတော့ ... အဖေဟာ ...
ပင်ပန်းကြီး ဆင်းရဲခဲ့ရပြီ ...
ငယ်ငယ်ကတော့ သားကို အဖေကပုခုံးပေါ်တင်ထမ်းခဲ့ဘူးတယ် ...။

သားကြီးလာတော့
အဖေ့ကို သားရဲ့ ပုခုံးပေါ်မှာ ပြန်ထမ်းချင်လာတယ် ...။

နေရာတကာမှာ
အဖေဟာ သားတို့ရဲ့ရှေ့ကနေ
မားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်။

မိသားစုဘဝကို သယာစိုပြေလာဖို့
အဖေဟာ ...
နေ့မအားညမနား ကြိုးစားခဲ့ရတယ်။

မြင့်မားတဲ့ဘဝတောင်တွေပေါ်
ကျော်လွှားဖြတ်သန်းရင်း အဖေဟာ ...
မောပမ်းနေလည်း ညိုးနွမ်းမနေတဲ့ မျက်နှာတွေနဲ့
သားကိုထမ်းလို့ တစ်တောင်တက်တစ်တောင်ဆင်းခဲ့ရတယ်။

အကွေ့အကောက်ဘဝတွေမှာ အဖေဟာ ...
မိသားစုဘဝတွေအတွက်
လမ်းအသစ်တွေဖောက်ကာ ဆက်လျှောက်လာခဲ့တယ်။

ဆူးကြုံနိမ့်မြင့်လောကဓံတရားကို
ကြံကြံခံရင်ဆိုင်တွန်းလှန်ရင်း
တစ်ခါတစ်ရံ နုံးချိနေခဲ့တဲ့ အဖေဟာ ...
သားတို့ရဲ့ရှေ့မှာတော့
အပြုံးယဲ့ယဲ့လေးနဲ့ နေပြနိုင်ခဲ့တယ်။

အရှုံးနဲ့ရင်ဆိုင်လာရတဲ့အခါ
မချိပြုံးတစ်ဝက်နဲ့ အဖေ့ရဲ့ ...
ဟန်ဆောင်အပြုံးတစ်ချက်ကိုတော့
သားအတွက် အဓိပ္ပါယ်တွေရှာမရခဲ့လေဘူး။

အဖေ ...
သားတို့အတွက်
အပြုံးမပျက် အမုန်းမစွက်ဘဲ
ဆင်းရဲတွင်းက ရုန်းထွက်ခဲ့တယ်နော် ...။

အဖေ ...
အဖေ့အသက်တွေလည်းကြီးရင့်ပါပြီလေ ...
အဖေတစ်ယောက်ရဲ့တာဝန်တွေ
သားတစ်ယောက် ပုခုံးပြောင်းထမ်းပါရစေတော့ ...။

အဖေနားပါတော့ ...
တရားရိပ်မှာ ပုတီးစိပ်ကာ
အေးချမ်းစွာ မှေးမှိတ်ရင်း အနားယူပါတော့ ...။

စံလင်းထွန်း

(အရင်က အဖေအတွက် ခံစားပြီး ရေးထားခဲ့တဲ့ ကဗျာဟောင်းတစ်ပုဒ်ပါ။)




copy image location here

1 comment:

အင်ကြင်းသန့် said...

ဘာပြောရမှန်း မသိအောင်တောင် ဖြစ်သွားတယ် စံလင်းရေ...

စံလင်းကဗျာထဲက အကြောင်းအရာတွေက အစ်မအဖေကို အစ်မ ပြောချင်တာတွေနဲ့ သွားတူနေတာကိုး...ရင်ထဲမှာ ထပ်တူခံစားမိတယ်

ခင်မင်စွာဖြင့်
မအင်ကြင်း