Thursday, March 25, 2010

အမေသို့တမ်းချင်းများ (၁) ...



အမေသို့တမ်းချင်း ...


အမေ ...
သတိရခြင်းတွေကို စာရွက်ပေါ်မှာချရေးရင်း
ရင်ထဲမှာ ဟာတာတာဖြစ်လာတုန်း ဗလာစာမျက်နှာမှာ
နောင်တတရားတွေကို ဆင်ခြင်ကာရေးချမိပါတယ် ...။

ကဗျာလည်းမပီ စာလည်းမညီ ကာရံလည်းမထိတဲ့
သည်စာတွေကို ...
ခံစားချက်တွေ ပီပြင်လာလို့
အလွမ်းတွေ ညီညာလာလို့
သတိရခြင်းတွေ ပိုပိုလာလို့
နောင်တတရားတွေကို
စာရွက်ပေါ်မှာ ကဗျာမဖြစ်နဲ့
ညီညီညာညာ ပီပီပြင်ပြင် စီရီကာ
ရေးချလိုက်မိတယ် ...။

အမေ ...
သတိရခြင်းဆိုတာ တိုက်ဆိုင်မှုရှိမှတဲ့ ...
ပြောစမှတ်တော့ ရှိကြလေတယ် ...။

ဒါဆိုရင် ...
အမေ့အတွက် သတိရခြင်းတွေဟာ ...
နေ့စဉ်နှင့်အမျှလောက် တိုက်ဆိုင်ခဲ့လိမ့်မယ် ...။

တစ်ခါတုန်းက ...
အမေအနားမှာရှိခဲ့တဲ့သားဟာ
အခုတော့ ရေမြေခြားမှာ ဘဝဝမ်းစာရှာနေဖွေရတယ် ...။

အချိန်ကို မလေးစားတဲ့သား
နေမြင့်မှ အိမ်ရာထတတ်တဲ့သား
အမေနှိုးမှ ထတတ်တဲ့သား
အခုတော့ အချိန်တွေကိုလေးစား
အချိန်နဲ့သွား အချိန်နဲ့စား အချိန်တွေကြားမှာ
ဘဝအတွက် လှုပ်ရှားနေရပြီ ...။

အမေ ချက်ကျွေးတိုင်း စားခဲ့တဲ့ ထမင်းနဲ့ဟင်းတွေ
အခုတော့ ကိုယ်တိုင် ချက်ပြုတ်နေရပြီ ...။

အမေ လျှော်ဖွတ်ပေးသမျှ ဖြူဖြူစင်စင်အဝတ်တွေ
မဝတ်ခဲ့ရတော့တဲ့အခါ ကိုယ်တိုင်လျှော်ဖွတ်ဝတ်ဆင်မိတိုင်း
အမေကို ခဏခဏသတိရတတ်လာတယ် ...။

အမေဆုံးမတိုင်း မကျေမချမ်းဖြစ်ခဲ့ရတဲ့ ကျွန်တော်
အခုတော့ ...
ကိုယ့်ကိုယ်ကိုယ်ကျေကျေနပ်နပ်
ပြန်ဆုံးမတတ်လာပြီ ...။

အမေ စေခိုင်းတတ်တိုင်း ညူညူစူစူ လုပ်ခဲ့တဲ့ကျွန်တော်
အခုတော့ ...
သူတပါးခိုင်းသမျှ မညူမစူု လုပ်နေရတယ် ...။

အမေ့ရဲ့ဆုံးမမှု၊ သွန်သင်မှု
လမ်းပြမှု၊ ကြင်နာယုယမှု
အေးချမ်းတဲ့ မေတ္တာ ဂရုဏာစစ်စစ်တွေဟာ ...
အခုချိန်မှာတော့ နောင်တတရားတွေနဲ့
ရင်ထဲမှာ အသေအချာ သတိရနေခဲ့ပါတယ် ...။

အမေ ....
အမေ့အတွက်ရေးနေတဲ့
ကဗျာတွေဟာ မညီညာပါဘူး ...
စာတွေကလည်း မပီကလာပီကလာပါပဲ ...
ကာရံတွေကိုလည်း အသေအချာ မစီရီတော့ပါဘူး ...။

ဒါပေမယ့် ...
အလွမ်းတွေဟာ ညီညာနေတယ် ...
သတိရခြင်းတွေဟာ ပီပြင်စွာ ရင်မှာဖြစ်ပေါ်နေတယ် ...။

နောင်တ တရားတွေကို ...
အသေအချာစာထဲမှာ စီကာရေးချရင်း
တိုက်ဆိုင်မှုရှိလာလို့ အမေကိုသတိရလာတဲ့အခါတိုင်း
ရင်ထဲမှာ ခပ်တိုးတိုးလေး ရေရွတ်နေမိခဲ့တာဟာ ...
အမေ ... ကျန်းမာပါစေ ...
အမေ ... ချမ်းသားပါစေ ...
အမေ ... သက်ရာကျော်ရှည်ပါစေ ..လို့သာ ...။

စံလင်းထွန်း


copy image location here

2 comments:

ကိုအောင် said...

ကဗျာကို ဖတ်ရူသွားပါတယ်၊ အားပေးလျက်ပါ။

အင်ကြင်းသန့် said...

ဒီကဗျာလေးလည်း အတူတူပါပဲ...ထပ်တူ ထပ်မျှ ခံစားရပါတယ်...

စံလင်း ကဗျာလေးတွေ ကောင်းတယ်...သဘာဝကျတယ်

ခင်မင်စွာဖြင့်
မအင်ကြင်း