Sunday, February 28, 2010

ပါရမီမဲ့ကလောင်ရဲ့ တိုးသဲ့သဲ့ရင်ခုန်ခဲ့ရခြင်းများ




ပါရမီမဲ့ကလောင်ရဲ့ တိုးသဲ့သဲ့ရင်ခုန်ခဲ့ရခြင်းများ

ချမ်းသာဖို့ ပါရမီမပါပေမယ့်
ဆင်းရဲဖို့တော့ ဇာတာပါလာတယ်။
မွဲနေမြဲမို့ ပါရမီတွေနဲ့
ဆက်လွဲပြီးရင်း လွဲနေခဲ့တာလား။

လက်ထဲမှာ မိမိရရဆုပ်ကိုင်ဖမ်းထားတဲ့
ခမ်းလှမ်းလှမ်းက အိမ်မက်ကမ်းတစ်ခု။
ထုဆစ်နေခဲ့တာ အောင်မြင်မှုဆိုတဲ့ ကဗျာအတု စာအတုတွေပါ။

အတုအယောင်အိမ်မက်တွေထဲမှာတော့
အိမ်မက်ကမ်းဆီကို လက်ပစ်ကူးခတ်ဆဲ လူငယ်တစ်ယောက်
အောင်မြင်မှုကတော့ ခါးထောက်ရင်း
မျက်စိဒေါက်ထောက်ကာ ရပ်လို့ကြည့်နေရှာတယ်။

ညဥ့်နက်နက်သန်းခေါင်ယံညတွေမှာ
အိမ်မက်တွေဟာ ဆက်မက်လို့ကောင်းဆဲ ...

နင်ကျင်သော်လည်း လွှတ်မချဘဲ ခပ်မြဲမြဲကိုင်ထားလိုက်တဲ့
လက်ဖျားထိပ်က ချွန်တမြမြကလောင်သွား
ဓါးသွားလိုထိရှစေတဲ့ အတွေးစတွေနဲ့အတူ။

နှုတ်ခမ်းဖျားထက်မှာတော့ တစ်ခုခုပြောဖို့ ဆွံ့အလာရင်း
မျက်မမြင်နားမကြား နှလုံးသားရဲ့
တဖြည်းဖြည်းချောင်ပိတ်ခြင်းခံထားရမှုတွေ ...
တိတ်တဆိတ်ရုန်းကြွလှုပ်ရှားစပြုလာတော့တယ်။

ဒါလားဟဲ့ ...အောင်မြင်မှု
ပါရမီအတုတွေရောစပ်လို့
ပါတ်ဝန်းကျင်အသေးစား စကားသံတွေအကြား
မျောပါသွားတဲ့အနုပညာ ...
သူတို့ပြောတာ ပါရမီမပါဘူးတဲ့။

ခပ်ယဲ့ယဲ့လှောင်ပြုံးတွေအကြားထဲ
ပါရမီမဲ့ကလောင်ရဲ့ ရင်ခုန်သံကတော့ ...
တိုးသဲ့သဲ့ပဲ ...။

နုံးချိနေတဲ့အင်အားတွေနဲ့ လူငယ်တစ်ယောက်
ကုန်းရုန်းထရပ်လိုက်တယ်။

ကလောင်ကိုလက်ထဲ မြဲမြဲဆုပ်
ရဲဆေးတွေထုတ်သောက်လို့
ဟစ်အော်ကြွေးကြော်ပစ်လိုက်တာက ...

" ဟိတ် ... ဒီမှာ " ခင်ဗျားတို့ဘာပဲပြောပြော
ကျုပ်လက်ထဲ 'ဇွဲ' ဆိုတဲ့ပါရမီတစ်ခုတော့ ရှိနေသေးတာပဲ ...။

စံလင်းထွန်း


photo copy from google image.

3 comments:

Anonymous said...

အားမလျှော့ပါနဲ့

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာက အားပါလိုက်တာ။ ဟုတ်တယ် “ဇွဲ”ဆိုတာကလည်း လူတိုင်းမှာ မရှိနိုင်တဲ့ ပါရမီတစ်ခုလိုပါပဲ... အောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်ပါစေ...

အင်ကြင်းသန့် said...

ကိုစံလင်းထွန်းရေ...ဇွဲဆိုတဲ့ အကောင်းဆုံးပါရမီကို ကိုစံလင်းထွန်းပိုင်ဆိုင်ထားပြီးမှတော့ ဘာကိုများမှုနေစရာ လိုသေးလို့လဲ...

ခင်မင်စွာဖြင့်
အင်ကြင်း