Wednesday, December 30, 2009



အမေတို့ မသိတဲ့ သူတို့အကြောင်း

အမေ ....
အမေမသိပါဘူးလေ ....
သူငယ်ချင်းတွေပြောတဲ့ တိုင်းတပါးဆိုတာ
လရောင်အောက်က ပန်းခင်းလမ်းတဲ့
အဲဒီလိုပဲ သူတို့ယုံကြည်ထားကြတယ်။

တစ်ကယ်တော့ ...မဟုတ်ဘူး အမေ ...
သူတို့ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်နဲ့ ယုံကြည်မှုတွေအတွက်
သား ... အရမ်းဝမ်းနည်းနေမိတယ် ...။

အမေ ...
အမေပြောခဲ့တယ်နော် ...
သားနိုင်ငံခြားထွက်ဖြစ်ရင် ...
အမေတို့ဘဝ ဆင်းရဲတွင်းက လွတ်မြောက်ပြီတဲ့ ...။
နွေးထွေးပျော်ရွှင်တဲ့ မိသားစုဘဝလေးကို
ပျော်ပျော်ကြီး တည်ဆောက်ကြမတဲ့လေ ...
အမေ့စိတ်ကူးတွေ တစ်ကယ်ကိုကောင်းပါတယ်။

ဒါပေမယ့် ...
ဒါတွေလုံးဝမဟုတ်ဘူးအမေရဲ့ ...

သားဒီလိုပြောတော့ အမေယုံကြည်နိုင်ပါ့မလား ...
အမေအံသြသွားမယ်ဆိုတာ သားသိနေပါတယ် ...
ဒါတွေ... အိမ်မက်မဟုတ်ပါဘူး
သားထွက်ခဲ့တဲ့ နိုင်းငံခြားခရီးလမ်းဟာ
တစ်ကယ်တော့ ထင်သလိုတွေ မဟုတ်ခဲ့ရဘူး ။

ဒုက္ခတွင်းထဲကို ခုန်ချမိမှန်းမသိ ကျရောက်ခဲ့ရတဲ့
သားရဲ့အဖြစ်အပျက်ကို အမေမသိခဲ့ရလေဘူး ...
အမေ့ကို သိလည်းမသိစေချင်ပါဘူး ...
ဒုက္ခတွေချည်းပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။

အဲ့ဒီ့ရင်းနှီးမှုတွေအတွက် ရလဒ်က မစို့မပို့ငွေလေးတွေပေါ့။
တစ်ကယ်စုမိဆောင်းမိမှ တစ်လဝင်ငွေ (၁)သိန်းခွဲ (၂)သိန်းလောက်ရယ်ပါ ...
ဒါတောင် ကံကောင်းမှပါနော်...
ဒါတွေအသာထားတော့ ...

သားပြောချင်တာက

သူများနိုင်ငံမှာ သားလိုလူငယ်တွေ ကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြပြီ ...
အလုပ်ရှင်ရဲ့ ခိုင်းစေသမျှ သူပြုသမျှ နုရတဲ့ဘဝဖြစ်နေပြီ ...
ဒီကြားထဲ အေးဂျင့်တွေက ဖြတ်စား၊ ရပ်စားလုပ်ကြသေးတယ် ...
မြန်မာအချင်းချင်း ပြန်ပြီး ကလိမ်ကကျစ်ကျတယ်။

ဒါတွေအမေသိရဲ့လား...
အမေသိရင်းလည်း ရင်ကျိုးမှာပါ ...
တချိန်က သူ့ကျွန်မခံပြီဟေ့ လို့ ကြွေးကြော်ခဲ့တဲ့ မြန်မာတွေ ...
အခုတော့ ...
ကျွန်မှရိုးရိုးမဟုတ်ဘူး ကျွန်စုံ ဖြစ်နေတာ အမေရဲ့...
ကမ္ဘာမှာ မြန်မာဟေ့လို့တောင် မကြွေးကြော်ရဲလောက်အောင်ပါ ...
မြန်မာဆိုတာနဲ့ အသာအယာခေါ်ပြီးခိုင်းတော့တာပဲ ...
ဒီလိုစကားတွေပြောတော့ သားကို လူတချို့က မုန်းချင်မုန်းကြလိမ့်မယ် ...
သူတို့မုန်းချင်မုန်းပါစေ ...
ဒါတွေက အမှန်တရားတွေဖြစ်နေလို့ ပြောနေရတာပါ ...။

အမေ့လိုပဲ ...
အခြားအခြားသော အမေတွေ ...
သူတို့သားသမီးအတွက် ဒီလိုပဲ မျှော်တွေးခဲ့ကြမှာပဲ ...
အမေနဲ့တကွ အမေတွေအားလုံးကို
အမေတို့သားသမီးတွေ ဘာဖြစ်နေပြီလဲဆိုတာ ...
ဟောဒီက ..ကျွန်တော်သာ အသိဆုံးပါဗျာ...။

စံလင်းထွန်း



photo copy from google image.

1 comment:

မြတ်မွန် said...

စိတ်မကောင်းစရာ ကဗျာတစ်ပုဒ်ပါဘဲ။
ကိုစံလင်းရေ အဆင်ပြေပါစေနော်။