Saturday, September 11, 2010

ပုထုဇဉ်အလွမ်း ...


ပုထုဇဉ်အလွမ်း ...

ရတာမလို လိုတာမရတဲ့ဘဝ
ဆန္ဒနဲ့ဘဝကလည်း တစ်ထပ်တည်းမကျ
မရတာကိုမှ အခါခါတမ်းတမိ
မေ့ချင်တာကိုကျ ဘယ်အခါမေ့မမှန်းသိပါရဲ့လည်း
ရင်ထဲမှာ တိုးတိုးတိတ်တိတ်ပဲ ဟန်ဆောင်ကြိတ်မှိတ်ကာမေ့ထားမိဆဲ ...။

နှလုံးသားကိုမှ ညာမိသူ
အရှုံးသမားလိုဘဝနဲ့ ကိုယ့်ဝေဒနာ ကိုယ်မသိသူပါ ...
အကွပ်မရှိတဲ့ကြမ်းဟာ ပရမ်းပတာတဲ့
အချစ်မရှိတဲ့ နှလုံးသားဟာတော့ ကြမ်းလာခဲ့သလိုပါပဲ

အဖြူရောင်ကိုမှ အမှောင်ဆိုးချင်ခဲ့သူ
အနှောင်အဖွဲ့တွေကိုမှ တမင်ရှောင်လွှဲချင်တဲ့သူ
ပူလောင်နေတဲ့ ဘဝထဲမှာလည်း
အနှောင်အဖွဲ့တွေနဲ့သာ နေခဲ့ရသူပါ ...။

တစ်စုံတစ်ခုကို ရှောင်လွှဲချင်ပေမယ့်
ကမ္ဘာကြီးဟာ သူ့အတွက်တော့ ကျဉ်းကျဉ်းလေး
လောကဓံတရားကို ရှောင်ခွာပြေးနေပေမယ့်
မလွတ်မြောက်နိုင်သေးတဲ့ သံသရာစက်ဝန်းမှာ
အနှောင်အဖွဲ့တွေနဲ့သာ ထပ်ခါတစ်လဲလဲကျဉ်လည်လာခဲ့ရင်းပေါ့ ...။

ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ သူ့ဘဝ
အချိန်တန်တာတောင် နပိန်ကန်တာမခံရသေး
ဒီလိုနဲ့ ဇိမ်ခံမဝသေးလို့
အိမ်ပြန်ဖို့အကြောင်းကလည်း ဖန်မလာပြန်သေးပါဘူး ...။

ရင်ထဲမှာတော့ ဆွေးဆွေးမြေ့မြေ့
အလွမ်းတွေကိုလည်း ကြူးကြူးရင့်ရင့်
အိမ်ကိုလွမ်းလို့ ကဗျာတိုတွေစပ်
အလွမ်းသီချင်းတွေကိုတောင် ဆိုနေတတ်ခဲ့ပြီ ...။

ဒီလိုနဲ့ ... လျော့ရဲရဲဘဝဆင်းရဲတွင်းမှာ
မလျှော့ဇွဲနဲ့ အားတင်းလာခဲ့ရင်း
အိမ်အလွမ်းသီချင်းတွေကိုလည်း ဆိုညည်းခဲ့ရင်း ...။

အရင်ကတစ်ပိုင်းတစ်စနဲ့ပဲ စပ်ထားခဲ့တဲ့ကဗျာကို ဒီကနေ့မှ အပြီးသတ်စပ်မိတယ်။ ဟိုတစ်ပြတ် ဒီတပြတ် ခံစားချက်တွေကို ချရေးထားတာမို့ ရှေ့နောက်တွေအစဉ်မကျခဲ့ရင်လည်း သီးခံပြီးဖတ်ပေးပါခင်ဗျာ။ ဒါ့အပြင် ကဗျာနဲ့တင် လွမ်းတာအားမရလို့ အိုးနင်းခွက်နင်းနဲ့ သီချင်းတစ်ပုဒ်လည်းထပ်ဆိုထားပါသေးတယ်။ အဆင်ပြေသလိုပဲ တယ်လီဖုန်းနဲ့ ရီကောဒ့်လုပ်ထားတာပါခင်ဗျာ။ နောက်က အဆိုတော် ပူစူးရဲ့မူရင်းအသံ နည်းနည်းလေးထပ်နေတယ်။ ဒီမှာ ဒေါင်းလုပ်ပြီးနားဆင်နိုင်ပါတယ်။

မေတ္တာဖြင့် ...

6 comments:

မြတ်မွန် said...

အချိန်တန်ရင် အိမ်ပြန်ရမှာပါပဲ။
အိမ်ပြန်ရောက်ရင်တော့ အလွမ်းတွေ ညိမ်းသွားမယ် ထင်ပါတယ်..။

လင်းခေတ်ဒီနို said...

တစ်စုံတစ်ခုကို ရှောင်လွှဲချင်ပေမယ့်
ကမ္ဘာကြီးဟာ သူ့အတွက်တော့ ကျဉ်းကျဉ်းလေး
လောကဓံတရားကို ရှောင်ခွာပြေးနေပေမယ့်
မလွတ်မြောက်နိုင်သေးတဲ့ သံသရာစက်ဝန်းမှာ
အနှောင်အဖွဲ့တွေနဲ့သာ ထပ်ခါတစ်လဲလဲကျဉ်လည်လာခဲ့ရင်းပေါ့ ...။

သိပ်ကောင်းတဲ့ ကဗျာလေးဗျာ . . . .

ဇွန်မ said...

ကဗျာကောင်းလေးတွေ ဖတ်ချင်ရင် ရောက်ရောက်လာတတ်ပါတယ်

အင်ကြင်းသန့် said...

စံလင်းရေ....အိမ်လွမ်းတာကတော့ အားလုံး ခံစားချက်တွေအတူတူပဲ နေကြမှာပါ။ ဒါပေမယ့်လည်း ဒီိလိုပဲ အခြေအနေအရ ရေကြည်ရာမြက်နုရာမှာပဲ အလိုက်သင့်စီးမျောနေနေကြရတယ်။ တစ်နေ့နေ့မှာတော့ အိမ်ပြန်ခွင့်ရှိနိုင်ကောင်းပါရဲ့။ အဓိကကတော့ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်တော့မှ စိတ်ဓါတ်ကျ အရှုံးမပေးမိစေနဲ့နော်....

ခင်မင်စွာဖြင့်
မအင်ကြင်း

ခိုင်နုငယ် said...

တစ်ချိန်မှာတော့ အိမ်ပြန်ချိန်ဆိုတာ ရှိလာ
အုံးမှာပါ။ ရောက်လာခဲ့ပါတယ်။မင်္ဂလာပါ။
ကိုစံလင်းထွန်းရေ လင့်ခ်လည်းချိတ်သွားပါတယ်။

Shwe Thiri Khit said...

လည်လည်းလည် ဖတ်လည်းဖတ်သွားပါ၏
ကောင်းပါတယ် များများရေးနော်
www.shwethirikhit.com