Thursday, January 27, 2011

ကျွန်တော်ပြောပြချင်နေတဲ့ ကျွန်တော့်ရင်ထဲက စကားစုများ


လတ်တလောမလေးရှားမှာ အရမ်းကို အဖမ်းအဆီးကြမ်းနေပါတယ်။ ကြမ်းတာမှ ရိုးရိုးကြမ်းတာမဟုတ်ဘူး။ ရေရေလည်လည်ကို ပွဲကြမ်းနေတာပါ။ တရုတ်နှစ်သစ်ကူးကလည်း နီးနေတာတကြောင်း၊ နှစ်သစ်ကူးခါစမို့ တကြောင်း၊ နောက်ပြီးသူတို့အစိုးရ ခေါင်းဆောင်ပိုင်းတွေ အပြောင်းအလဲ လုပ်တဲ့အခါမျိုးမှာလည်း ဒါမျိုးတွေ ရှိတတ်ပါတယ်။ အဖမ်းအဆီးကြမ်းပုံများကတော့ မပြောနဲ့တော့ ကျွန်တော်တောင် ဟိုတစ်နေ့က ကေအယ်လ်ကိုအသွား ဘတ်(စ်)ကားပေါ်မှာအစစ်ခံလိုက်ရသေးတယ်။ သူတို့ကပုံမှန်နေရာ၊ ပုံမှန်အချိန်မှာ ပုံမှန်စစ်တာမျိုးမဟုတ်ဘဲ လူတွေမထင်မှတ်တဲ့ အချိန်အခါမျိုးမှာ ရှောင်တခင် ဝင်ရောက်စစ်တာမျိုးတွေ လုပ်တတ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဟိုင်းဝေးကားလမ်းတွေပေါ်မှာ အသွားလမ်းကော၊ အပြန်လမ်းကော ယာဉ်ကြောနှစ်ကြောလုံးကို ဘလောက်အကြီးစားကြီးတွေနဲ့ ပိတ်ပြီး စစ်တာဆေးတာမျိုးတွေ ရှိလာပါတယ်။

ကိုတာရာရာပါတ်ဝန်းကျင်က ရွှေမြန်မာဆိုင်များ အနီးအနားတဝိုက်မှာ ဆိုရင်လည်း Rela လို့ခေါ်တဲ့ ပြည့်သူ့စစ်တွေနဲ့ မလေးရဲတွေ ပူးပေါင်းပြီး တွေ့တဲ့လူတိုင်းကို ပါတ်(စ်)ပို့(စ်) စာအုပ် (ဒါမှမဟုတ်) ဂျလန်းကဒ်ဖြစ်ဖြစ် ထုတ်ပြခိုင်းပြီး နေထိုင်ခွင့်ပါမစ်ကို မှန်မမှန်စစ်ဆေးလေ့ရှိပါတယ်။ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်းလိုလို အော်ပရာစီဝင်လေ့ရှိပါတယ်။ ခုနောက်ပိုင်းဆိုရင် လူတွေမထင်မှတ်တဲ့ ကြားရက်တွေပါ ဝင်ဆွဲလာပါပြီ။ သူတို့ကတော့ မသင်္ကာတဲ့ နေရာမှန်သမျှလိုက်စစ်၊ လိုက်ဆွဲနေအုန်းမှာပဲ။ အော်ပရာစီဆိုတာနဲ့ ရွှေတွေဖိန့်ဖိန့်တုန်အောင်ကိုကြောက်ကြပါတယ်။ အော်ပရာစီဝင်တဲ့နေရာမှန်သမျှ ပါမစ်ရှိရှိ၊ မရှိရှိ တွေ့သမျှ နိုင်ငံခြားသား ကလေးလူကြီးပါမကျန်အောင် အကုန်ကားပေါ်ကို အရင် တက်ခိုင်းတယ်။ ရဲစခန်းရောက်မှ မှန်တာ၊ မမှန်တာကို အသေးစိတ်စစ်ဆေးတယ်။ တချို့ဆိုမှန်ရက်ကြီးနဲ့ သူဌေးကလာမရွေးလို့ ထောင်နန်းစံသွားရတာမျိုးတွေတောင်ရှိပါတယ်။ ဒါတွေတင်လားဆိုတော့ ဒါနဲ့တင်ဘယ်ကဦးမလဲ။ ဒီ့ထက်ဒီ့ထက်မကကို မသိသေးတာတွေ အများကြီး ရှိနေပါသေးတယ်။

ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဘဝထဲက အဖြစ်အပျက်တချို့ကိုရေးချမယ်ဆိုရင်တောင် ဒီစာတစ်ပုဒ်တော့ ဖြစ်မြောက်နေပါပြီ။ ဒါပေမယ့် တစ်ခါတစ်လေကျ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမိနေသလိုပဲ။ ကိုယ်ကြုံခဲ့ရတဲ့ဘဝမှာ တချို့ကိစ္စအနဲငယ်ကိုတော့ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ အကောင်းထက် အဆိုးဘက်က များလွန်းလို့ ထပ်ပြီးတော့တောင် မရေးချင်တော့။ အခုရေးချင်တာက အများကိစ္စတွေကိုပါ။ မလေးရှားမှာ မြန်မာတွေနဲ့ ပါတ်သတ်တဲ့ စိတ်မကောင်းစရာ သတင်းတွေအကြောင်း အရင်စပြောရမှာပါပဲ။ တချို့ဘလောဂ့်တွေနဲ့ ဂျာနယ်၊ သတင်းမီဒီယာတွေမှာ ခဏခဏကြားသိနေရတဲ့ နိုင်ငံခြားရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝပြဿနာပေါင်းစုံ အကြောင်းအရာအချို့ထဲက အနဲငယ်လောက်ကို ဒီစာထဲမှာ ထည့်ပြီးရေးချင်လာတယ်။ နိုင်ငံခြားရောက်မြန်မာလူမျိုးတွေ သူတပါးရဲ့အဖိအနှိပ်ခံဘဝ ဖြစ်နေရတဲ့ အကြောင်းအရင်းက စရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကျဉ်လည်ခဲ့ရတဲ့ဘဝ၊ ကြုံဖူး၊ သိဖူး၊ ကြားဖူး၊ မြင်ဖူးခဲ့သမျှတွေဟာ တဖြည်းဖြည်းနဲ့ နောက်ဆုံးတော့ ကျွန်တော့်ကို ဒီဘလောဂ့်ပေါ်မှာ စာတွေရေးဖြစ်လာဖို့ အထိအောင် တွန်းအားတွေပေးခဲ့တာလို့တောင်ထင်ပါတယ်။

လတ်တလော ကျွန်တော်ဖတ်မိသမျှ သတင်းအချို့ထဲက ဟိုတလောက မြန်မာမိန်းကလေးများ အစော်ကားခံရတဲ့ကိစ္စ၊ မြန်မာအမျိုးသမီးနှစ်ဦး သေဆုံးသွားတဲ့သတင်း၊ မလေးရှားမှာ မြန်မာတချို့ လူဆိုးဂိုဏ်းကြီးများနဲ့ ပေါင်းပြီး ဒုစရိုက်လုပ်ငန်းတွေ လုပ်နေကြတဲ့အကြောင်း၊ နိုင်ငံခြားသွားတဲ့ မြန်မာလူမျိုးတွေ တချို့ အေးဂျင်စီနဲ့ ကြားပွဲစားများက အမျိုးမျိုးဒုက္ခအဖုံဖုံပေးနေကြတဲ့အကြောင်း၊ အဆိုးဆုံးကတော့ မြန်မာအချင်းချင်း ရိုက်နှက်သတ်ဖြတ်ကြတဲ့သတင်းတွေပါ။ စကားကြီးစကားကျယ်လို့ထင်ကြေးပေးတဲ့ စာတွေကို သိပ်ပြီးမရေးချင်တော့ပေမယ့် မဖြစ်မနေမိုလို့ ထပ်ရေးလိုက်ရပါတယ်။ ကိုယ့်အမျိုးကို ကိုယ်မှပြန်မချစ်ရင် ဘယ်သူကလာချစ်ဦးမှာလဲ။ ကိုယ့်အချင်းချင်း ဖြစ်နေကြတဲ့ အရှုပ်တော်ပုံကြီးဟာ သံသရာလည်နေသရွေ့တော့ ကမ္ဘာမှာ မြန်မာဟေ့လို့ မကြွေးကြော်ပါနဲ့တော့။ မြန်မာဆိုတာနဲ့ အသာအယာ ခေါ်ခိုင်းလိမ့်မယ်လို့သာမှတ်ပါတော့။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရသလိုမျိုး အကျင့်စာရိတ္တပျက်ပြားကြတဲ့ မြန်မာလူမျိုးစု အနည်းငယ်ကြောင့် ကျန်တဲ့လူလိမ္မာ ရွေမြန်မာတို့ခမျာမှာ သူတို့ရဲ့ဂယက်တွေ ရိုက်ပုတ်တဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ အဆိုးအကောင်း ရောပြွမ်းနေတဲ့ လောကဓမ္မတာအရ ဒီအကြောင်းအရာတွေ ထပ်ရှိနေဦးမှာ မှန်တယ်ဆိုပေမယ့် အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်၊ ယဉ်ကျေးမှု အစဉ်အလာတွေကိုတော့ တတ်နိုင်သလောက် ကိုယ်စီ ထိန်းသိမ်းသွားသင့်တယ်လို့ မြင်ပါတယ်။ အိုင်တီခေတ်ကြီးထဲမှာ အရူးထပြီး ဒီစကားတွေပြောနေရခြင်းမဟုတ်ပါ။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကိုယ်တိုင်တွေ့ကြုံ၊ ခံစား၊ ကြားသိရဖူးပြီဖြစ်လို့ ထိုအတွေ့အကြုံ၊ အကျိုးဆက်များထဲမှ ရလာခဲ့တဲ့ အတွေးအမြင်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်ပြီးဖြစ်လို့ ခုလိုမျိုးရေးချလိုက်တာပါ။

နောက်ထပ်ရေးချင်တဲ့ အကြောင်းအရာတစ်ခုက မြန်မာပြည်မှာ စစ်မှုမထမ်းမနေရတဲ့ဆိုတဲ့သတင်းနဲ့ ပါတ်သတ်လို့ နိုင်ငံခြားရောက် မြန်မာတွေ အတော်များများအကြားထဲမှာ ဂယက်ရိုက်နေကြတဲ့ကိစ္စပါ။ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရင်း သူတစ်ပါးတိုင်းပြည်မှာ မျက်နှာငယ်ငယ်နဲ့ ငွေရှာနေရတဲ့ အချန်မျိုးမှာ ကိုယ့်နိုင်ငံထဲက ထွက်လာတဲ့ သတင်းကြောင့် တချို့ဆို အိမ်မပြန်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့သူနဲ့ လောလောဆယ်ပြန်မယ့် အစီအစဉ်ကိုတောင် ဖျက်သိမ်းလိုက်ကြတဲ့သူနဲ့ လူတိုင်းနီးပါးလိုလို ဒီစံနစ်ကို ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ အဆိုးဆုံးကတော့ မလေးရှားက မြန်မာတွေ ဘေးကြပ်နံကြပ် ဖြစ်နေတဲ့အချိန်ပါ။ ဒီမှာလည်း မြန်မာအချင်းချင်း အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားလုပ်ချင်ကြတဲ့ သူတွေရှိသလို မလေးရှားရဲကပါ တစ်ခါထပ်ပြီးတော့ ဒုက္ခပေးတယ်။ ဒါနဲ့တင်လားဆိုတော့ နိုးပါ။ ဒီနိုင်ငံသား လူမိုက်များကလည်း တောလိုက်မုဆိုးများလို သားကောင်ရဲ့ အလစ်အငိုက်ကို အမြဲတမ်း ချောင်းနေလေ့ ရှိပါတယ်။ ကြုံရင်ကြုံသလို လုယက်ဆွဲစားတတ်ရုံတင်မက အခန့်မသင့်ရင် လူကိုပါ ဒုက္ခအပေးခံ ရပါသေးတယ်။ တချို့ မြန်မာမိန်းကလေးများ ဘဝတွေလေလွင့်ပျက်စီးနေကြပါတယ်။ သူတပါး အစော်ကား ခံရရင်တောင်မှ တိုင်စရာနေရာမရှိ။ အားကိုးအားထားစရာမရှိကြပါ။ ဒီလိုနဲ့ တချို့ဘဝတွေ ရေတိမ်နစ်လိုနစ်၊ တချို့ဘဝတွေဆုံရှုံး၊ တချို့ဘဝတွေက လမ်းပေါ်မှာ တေပေလေလွင့်လို့ တချို့သောသူများရဲ့ဘဝတွေသာ ယိုင်တိုင်တိုင်နဲ့ မုန်တိုင်းအကြားမှာ ရပ်တည်ဖို့ အိမ်ကလေးတစ်လုံး ဆောက်နေခွင့်ရပါတယ်။

တစ်ကယ်တော့ နိုင်ငံခြားထွက် ငွေရှာရတဲ့အလုပ်ဟာ အပြောလွယ်သလောက် စိတ်ကူးနဲ့ လက်တွေ့ဟာ အတော်ကွာခြားပါတယ်။ စကတည်းက အစစအရာရာ ကြိုတင်ပြင်ဆင်ပြီးမှ ထွက်လာသူတွေတောင်မှ ဒီရောက်ပြီး ဒုက္ခတွေကြုံကြရသေးတာပဲ။ ဘာမှကြိုတင်ပြင်ဆင်လာခဲ့မှု တစ်ခုမှ မရှိဘဲ လူချည်း ဗလာသက်သက် ရောက်လာခဲ့သူတွေဆိုရင် ဘယ်လောက်ဆိုးတဲ့ ဒုက္ခတွေကို ဘယ်နှစ်ဆလောက် ပိုခံစားရမလဲဆိုတာ တွေးပြီး မစဉ်းစားတတ်အောင်ကိုပါ။ တချို့ကျတော့ သေမြေကြီး ရှင်ရွှေထီး ဟေ့ဆိုပြီး ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလိုမျိုး အားကြိုးမာန်တက် ဇွဲနဘဲကြီးကြီးနဲ့ ကြိတ်မှိတ်ပြီးတော့ နိုင်ငံခြားခရီးလမ်းကို လျှောက်လှမ်းကြရင်း တဖြည်းဖြည်း အမြင့်ကိုရောက်လာကြပါတယ်။ အဲဒီ့လို စိတ်ဓါတ်မျိုးနဲ့ တကယ်သတ္တိကောင်းသူတွေ နိုင်ငံခြားမှာ တိုးတက်ကြီးပွားကြတာ များပါတယ်။ အဲဒီလိုလူမျိုးတွေကို မြန်မာပြည်မှာတုန်းက လက်ချိုးရေလို့ ရလောက်အောင်သာ တွေ့ဖူးကြုံဖူးခဲ့ပေမယ့် နိုင်ငံခြားမှာတော့ ကြီးပွားချမ်းသာချင်တဲ့ မြန်မာလူမျိုး အများကြီးကို ကြုံဆုံးဖူးပါတယ်။ စာနဲ့ရေးပြလို့ မကုန်နိုင်သလို လက်ချိုးရေလို့လည်း မရပါဘူး။ ဒါပေမယ့် ဇွဲနဲ့ကြိုးစားကြရင်း လမ်းခုလတ်မှာ လောကဓံဆိုတဲ့ တရားနဲ့ ထိပ်တိုက် ရင်ဆိုင်ကြုံတွေ့ရလေ့ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ တချို့က အောက်ကို ပြုတ်ကျသွားသလို၊ ဘဝမြင့်သထက် မြင့်တက်သွားကြရသူတွေလည်း ဒုနဲ့ဒေးပါ။ လမ်းခုလတ်မှာတင် အပေါ်မရောက်၊ အောက်မရောက်နဲ့ လမ်းစပျောက်နေကြတဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။

ဘယ်အရာမဆို အဆိုးအကောင်းတွေ ရောပြွမ်းနေတဲ့ လောကသဘာဝတရားကြီးထဲမှာ သူတို့လည်း အဆိုးအကောင်းတွေနဲ့ ရောလျက်တည်ရှိ နေတဲ့ နိုင်ငံခြားဆိုတဲ့ သံသရာဝဲဂယက်ထဲမှာ ကိုယ့်အတွက် စားပေါက်များ ချောင်လည်လာလေမလားဆိုတဲ့ မျှော်လင့်ချက်တွေကို ကိုယ်စီပိုက်လို့ အဲဒီဝဲဂယက်ထဲမှာ တဝဲလည်လည် ကျင်လည်နေခဲ့ကြရတာပေါ့။

ဒီနိုင်ငံမှာတော့ အေဂျင်စီနဲ့ အလုပ်သမားအကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားအကြားမှာ မတော်မတရားမှုတွေ အများကြီးရှိနေတုန်းပါပဲ။ ရတဲ့လစာငွေနှုန်းထား မြန်မာငွေ နှစ်သိန်းဝန်းကျင်လောက်အတွက်နဲ့ ကိုယ့်ဘက်ကပြန်ပြီး ပေးဆပ်လိုက်ရတဲ့ အရာတွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပါ။ တချို့က အလုပ်ထဲမှာ မတော်တဆထိခိုက်မိပြီး လက်ကလေးတွေ၊ ခြေချောင်းကလေးတွေ ပြတ်သွားတယ်။ တချို့ကျတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးရုံတင်မကဘဲ မိမိအသက်ပါ ပေးဆပ်လိုက်ရတာမျိုးတွေတောင် ရှိပါတယ်။ မိန်းကလေးများဆိုရင် ကိုယ်မနှစ်သက်တဲ့ တပါးသူရဲ့ မတရားအစော်ကားခြင်းခံရလို့ အရှက်နဲ့ အသက်ကို လဲသွားသူတွေတောင် ရှိပါတယ်။

လူတွေကထင်ကြတယ်။ နိုင်ငံခြားရောက်ရင် ငါတို့ဘဝတွေဟာ ကောင်းစားလာကြမှာပဲလို့။ တစ်ကယ်တော့ နိုင်ငံခြားမှာ ငွေရှရတဲ့အလုပ်ဟာ အပြောလွယ်သလောက် အလုပ်ခက်ဆိုသလို တကယ့်လက်တွေ့ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက တော်ရုံတန်ရုံလူကို မူလရည်မှန်းချက်တွေ ပျက်စီးသွားစေတတ်ပါတယ်။ ငွေရှာထွက်လာတာ အိမ်အပြန်မှာ ငွေမပါဘဲ လက်ချည်းဗလာနဲ့ ပြန်ရောက်လာတဲ့သူတွေရှိသလို၊ ကျန်းမာရေး ချို့ယွင်းချက် တစ်ခုခုကြောင့် ရောဂါတွေကိုသယ်လာပြီး အိမ်ပြန်ရောက်မှ ဆေးကုသကြရတဲ့သူတွေလည်း မနဲမနောပါ။ နိုင်ငံခြားမှာ ဆေးကုသစရိတ်စကဟာ သူ့နိုင်ငံသားထက် နှစ်ဆနှုန်းထားမြှင့်တင်ထားလို့ အင်မတန်ကိုဈေးကြီးပါတယ်။ အားကိုးရှိတဲ့ မြန်မာပြည်ကို ပြန်ရောက်တော့လည်း ဟိုကနေကိုယ်ရှာထားသမျှ အိမ်ကိုပို့ထားတာလေးတွေ အိမ်ပြန်ရောက်တော့ ဆေးဖိုးဝါးခနဲ့ အကုန်ပြန်ပြောင်တော့ပါပဲ။ တချို့မိဘတွေရဲ့ သားသမီးတွေဆိုရင် မျှော်သမျှော် ပေါ်မလာတဲ့ အဖြစ်မျိုးနဲ့ ကြုံကြရရှာပါတယ်။ သေရင်တောင် နိုင်ငံခြားမှာ ခွေးသေဝက်သေ သေကြရလို့ အိမ်ကမိဘတွေတောင် သိမသွားကြရရှာပါဘူး။ တချို့ကျတော့ နိုင်ငံခြားမှာတင် လုံးဝ ဘာသတင်းအစအနမှ မကြားရတော့ဘဲ အိမ်နဲ့ အဆက်အသွယ်ပြတ်သွားလိုက်တာ နောက်ဆုံး အစအန လုံးဝ ပျောက်သွားကြသူတွေလည်း ရှိပါသေးတယ်။ တချို့က အိမ်ကိုမပြန်ဖြစ်တော့ဘဲ နိုင်ငံရပ်ခြားမှာ အိမ်ထောင်ရက်သား ကျလို့ ဘဝတွေတောင် အရောင်ပြောင်းနေကြပါသေးတယ်။

အဆိုးဆုံး အဖြစ်အပျက်ကတော့ ကိုယ့်တိုင်းပြည်က လူ့သားအရင်းအမြစ်တွေ သူတစ်ပါး တိုင်းပြည် နိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အလဟဿ ဆုံးရှုံးနစ်နာနေရခြင်းတွေပဲဖြစ်ပါတယ်။ ဒီအကြောင်း အချင်းအရာတွေအားလုံးကို ခြုံငုံပြီး ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတစ်ခုပဲ အတွေးထဲမှာ ဖြစ်ပေါ်လာတယ်။

ကျွန်တော်ကျဉ်လည်ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်က ရင်မှနားလည်ခဲ့မိတဲ့ အသိတရားတချို့နဲ့ တစ်ခါတစ်ရံ ခံစားမိပြီး ဘာအကြောင်းကြောင့်လဲလို့ တွေးတောဆင်ခြင် မိလိုက်တိုင်း အဲဒီ့အတွေးစတွေထဲက ပေါ်ပေါက်လာတဲ့ စကားလုံးတချို့ကို စာအုပ်ပေါ်မှာ ဟိုတုန်းက ကြုံသလို ကောက်ပြီးရေးချမိခဲ့ဖူးပါတယ်။ အဲဒီ့စာကြောင်းအတိုလေးတွေ အချို့ထဲက နိုင်ငံခြားနဲ့ပါတ်သတ်တဲ့ တချို့စာတွေကို အများလည်း စဉ်းစားကြည့်ရ၊ ဖတ်ကြည့်ရအောင် မူရင်းအတိုင်းပဲ အောက်မှာထည့်ရေးထားပါတယ်။ ကျွန်တော့် ရေးထားတဲ့ စာသားတချို့ကို လူတိုင်းနှစ်သက်ချင်မှ နှစ်သက်လိမ့်မယ်၊ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ လူတိုင်းကို ဆိုလိုထားခြင်းလည်း မဟုတ်ပါ။ သို့သော်လည်း ကျွန်တော့်အတွေးနဲ့ အရေးသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဲဒီ့စာတွေထဲကနေ တစ်စုံ တစ်ယောက်သော သူတွေအတွက် တစ်စုံတစ်ရာသော အကျိုးတရား တစ်ခုတစ်လေလောက် ဖြစ်ထွန်းသွားခဲ့မယ်၊ သူတို့မှာပိတ်ဆို့နေတဲ့ အသိဥာဏ်တခါးတွေ ဟင်းလင်းပွင့်သွားခဲ့မယ် ဆိုရင်ပဲ ကျွန်တော်ဒီစာကို အချိန်ကုန်၊ လူပင်ပမ်းခံ ရေးသားရကျိုးနပ်ပြီလို့ ယူဆရင်း ရင်ထဲမှာ လေးလေးနက်နက် ယုံကြည်ထားလိုက်မိပါတယ်။

၁။ ငွေကြေးချမ်းသာချင်ရင် တိုင်းတစ်ပါးထွက်ပြီး အလုပ်လုပ်ရမယ်လို့ ဘယ်ပညာရှိတွေက လမ်းခင်း ချပြခဲ့လို့လဲ။

၂။ လောကမှာ ဘယ်အရာမဆို အချောင်ရတယ်ဆိုတာမရှိဘူး။ သူတစ်ပါးတိုင်းပြည်ကိုရောက်တိုင်းလည်း ငွေတွေ လွယ်လွယ်ရလိမ့်မယ်မထင်နဲ့။

၃။ တစ်ကယ်တော့ တိုင်းတစ်ပါးဆိုတာ အဆင်မပြေတဲ့ဘဝအကြပ်အတည်းတွေကို ယာယီဖြေရှင်းဖို့အတွက် ထွက်ပေါက်တစ်ခုသာဖြစ်သင့်တယ်။

၎။ ကိုယ့်တိုင်းပြည်ကဆင်းရဲတော့ လူတွေနည်းအမျိုးမျိုးနဲ့ တိုင်းတစ်ပါးထွက်ပြီး အလုပ်လုပ်ကြရင်း ငွေရှာကြတယ်။ ကိုယ့်တိုင်းပြည်မှာ ဆင်းရဲပေမယ့် မချမ်းသာရင်တောင်မှ နေဖို့၊ စားဖို့အတွက်လောက်တော့ ကျန်ရှိနေသေးတယ် ဆိုတာ သူတို့မသိကြဘူး။ တိုင်းတစ်ပါးမှာထက်စာရင် ကိုယ့်တိုင်းပြည် ကမှ ကိုယ့်ဘဝ အတွက် အာမခံချက်တွေ ပိုကောင်းနိုင်ဦးမယ်။

၅။ နိုင်ငံခြားရောက်တိုင်း ကြီးပွားချမ်းသာမယ်လို့ဆိုရင် လူတွေအားလုံး နိုင်ငံခြားကိုချည်း ထွက်ကုန်ကြတော့မှာပေါ့။

၆။ ကိုယ့်တိုင်းပြည်က မွေးထုတ်လိုက်တဲ့ လူ့သားအရင်းအမြစ်တွေ၊ နောက်ပြီး သူတို့ရဲ့ အတတ်ပညာတွေနဲ့ သူတစ်ပါးနိုင်ငံအတွက် အကျိုးပြုဖို့ တိုင်းတစ်ပါးနိုင်ငံထဲမှာ လူရော၊ ပညာတန်ဖိုးရော စတေးပစ်လိုက်ကြတယ်။ အဲဒါကောင်းသလား ...။

၇။ အဲဒီ့တိုင်းပြည်ထဲမှာ မွေးပြီး တဖြည်းဖြည်းပညာရေ ပြည့်ဝရင်းကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ဟာ တစ်ချိန်မှာ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် တစ်ဘက်တစ်လမ်းကနေ အကျိုးပြန်ပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်။

၈။ ငွေဆိုတဲ့ အိမ်မက်တစ်ခုအတွက်နဲ့ တိုင်းပြည်ကလူငယ်တွေ အဝေးကိုလွင့်စင်ဖိတ်ကြဲလို့ မျှော်လင့်ချက်တွေကို ကျောက်ချပြီးတော့ နိုင်ငံခြားမှာ ယနေ့အထိ သောင်တင်နေကြဆဲပါ။ တချို့က အချိန်တန်လို့ အိမ်ပြန်ဖို့ အခြေအနေပေးပေမယ့်၊ တချို့ အချိန်တန်တာတောင် အိမ်မပြန်နိုင်အောင် ဒုက္ခ ပင်လယ်တွေ ဝေနေကြတုန်းပါ။

၉။ မိဝေးဘဝေး သင်းကွဲငှက်ငယ်တစ်ကောင်ဟာ သူတစ်ပါးအသိုက်အမြုံမှာ ကြရှည်ရပ်တည်နိုင်ပါ့မလား။ မျိုးမတူတဲ့ သူစိမ်းတရံတွေရဲ့ အငြူအစူဒဏ် တွေကို ကြာရှည်ခံနေနိုင်ဦးမှာလား။

၁၀။ မိကွဲ၊ ဘကွဲ၊ မယားတကွဲ၊ သားတကွဲနဲ့ ဘဝတွေ တစ်စစီပြန့်ကျဲနေရတဲ့ဘဝမှာ ကြာရှည်ခိုအောင်းပြီး မနေချင်ပါနဲ့။ ကိုယ်ဖျားနာရင်တောင် ဘယ်သူကမှ တယုတယလာပြုစုမှာ မဟုတ်ဘူး။

၁၁။ အချိန်တန်လို့ အိမ်ပြန်ကြရတာ လောကဓမ္မာတာပါ။ သင်လည်း အိမ်ပြန်ဖို့အချိန်တန်နေပြီလား...။

မေတ္တာဖြင့်
စံလင်းထွန်း

Tuesday, January 25, 2011

ငါ့သမိုင်းကြောင်း ...


ငါ့သမိုင်းကြောင်း ...

ဘာကိုအရှုံးပေးရမှာလဲ
ငါ့ဘဝသမိုင်းမှတ်တိုင်မှာ အရှုံးဆိုတာမရှိသေး
ဘာကိုဒူးထောက်ရမှာလဲ
ငါ့ဒူးခေါင်းတွေဟာ သံမဏိလိုမာကျောနေတုန်း
ဘာကိုသိမ်ငယ်နေရမှာလဲ
ငါလည်းပုခုံးနှစ်ဘက်ကြားခေါင်းပေါက်တဲ့လူပဲ
ဘာကိုမျိုသိမ့်ထားရမှာလဲ
ဟောဒီ့ကလက်တွေဟာ ခံစားရသမျှရေးချပစ်လိုက်ဖို့ပဲ
ဘာကိုတွေးကြောက်နေရဦးမှာလဲ
ဖြစ်တည်ပျက်နေတဲ့ လောကနိယာမတရားကြီးပဲမို့လား
ဘာကြောင့်ဆင်းရဲနေရမှာလဲ
ငါဟာစိတ်ဓါတ်တွေကြွယ်ဝချမ်းသာနေတာမဟုတ်လား
ဘာကြောင့်အရာရာကို ခံစားနေရမှာလဲ
ဝင်ပြီးရင်ထွက်တဲ့လေလိုမျိုး ခံစားလာရသမျှ ပင့်သက်နဲ့တစ်ခါတည်း မှုတ်ထုတ်ပစ်လိုက်ရင်ရတာပဲ ...။

ဒါပေမယ့်
ငါမဟုတ်တဲ့ငါဟာ
ငါလို့သုံးစွဲရတာ အတ္တကြီးလို့တော့မဟုတ်
ငါ့စိတ်ဓါတ်ကို မြှင့်တင်ထားလိုက်တာ
ငါ့ကိုလူတိုင်းကနားလည်ချင်မှနားလည်မယ်
သူတို့နားလည်ဖို့မလိုဘူး
ငါ့ကိုယ်ငါနားလည်ဖို့လိုတယ်
ငါ့သမိုင်းကိုငါဘာသာ ကောင်းအောင်စိုက်ထူနိုင်ဖို့လိုတယ်
အဓိကဟာ စိတ်ဓာတ်ပဲ
ရှေ့ကိုဦးတည်ပျံသန်းနေတဲ့ငှက်ဟာ မြေအောက်ကိုပြုတ်ကျမှာ မကြောက်တတ်သလို
ရည်မှန်းချက်တွေပြင်းထန်နေတုန်း ငါ့စိတ်ဓါတ်တွေဟာလည်း
ဟောဒီ့က လောကဓံမုန်တိုင်းတွေအကြားထဲမှာ
ဘယ်တော့မှလဲပြိုသွားမှာမဟုတ်ဘူး။

ငါ့မှာလူတွေကိုးကွယ်တဲ့ငွေမရှိဘူး
ငါ့မှာလူတွေအားထားတဲ့ဂုဏ်ဒြပ်အခြံအရံတွေမရှိဘူး။

ဒါပေမယ့် ...
အဲဒီ့အရာတွေထက် တန်ဖိုးရှိတဲ့အရာတွေ ငါ့ဆီမှာရှိတယ်။
သူတို့က ငါ့ဘဝကို တွန်းတင်နေတုန်းပဲ
ဒါကြောင့်ငါမရှုံးသေးဘူးလို့ပြောရဲတာပေါ့။

စံလင်းထွန်း


မှတ်ချက်။ လတ်တလော ဘဝအခက်အခဲကြားမှာ မုဒ်အပြည့်နဲ့ ရေးဖြစ်လိုက်တာပါ။

Sunday, January 16, 2011

ဂဘောက်တိဂဘောက်ချာ ကျွန်တော့်စာ (၄)


ဘလောဂ့်မရေးတာကြာပြီဖြစ်တဲ့ ကျွန်တော်တစ်ယောက် (၃)လတာကာလအတောအတွင်းထဲမှာ အပြောင်းအလဲတွေ အတော်များခဲ့ပါသည်။ ဘဝသံသရာအချိုးအကွေ့ ဝင်္ကမ္ဘာဝဲဂယက်ထဲ တဝဲလည်လည်နေခဲ့ရင်း ကိုယ်ကျဉ်လည်ရာဘဝတစ်လျှောက်မှာ ဖြတ်သန်းရင်း တွေ့ဆုံကြုံကြိုက်ခဲ့ရတဲ့ အဖြစ်အပျက်တွေကတော့ အချစ်၊ အလွမ်း၊ အမုန်း၊ အဆွေး၊ ဝမ်းနည်း၊ ဝမ်းသာပျော်ရွှင်မှုတွေကို ရောသမမွှေပေါင်းစည်းထားတဲ့ ဇာတ်လမ်းတွေအလား (သို့တည်းမဟုတ်) စိတ်ဝင်စားဖွယ်ရာ စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတဲ့ ဝထ္ထုစာအုပ်ကောင်းတစ်အုပ်လိုမျိုး ဘဝစာမျက်နှာတွေကို တစ်ရွက်ပြီးတစ်ရွက် စိတ်ဝင်တစား ရှေ့ဆက်လှန်လှောဖတ်ရှုသွားရသလိုမျိုးပါပဲ။

ဒီဂဘောက်တိဂဘောက်ချာကို နိဒါန်းပျိုးရမည်ဆိုလျှင်လည်း အပြောင်းအလဲ ကစပြီးပြောရတော့မှာပါပဲ။ အပြောင်းအလဲဆိုတာတော့ လူတိုင်းမှာ ရှိတတ်ကြစမြဲပါပဲ။ ကောင်းသောအပြောင်းအလဲနဲ့ ဆိုးသောအပြောင်းအလဲဆိုပြီးတော့ ခွဲခြားသတ်မှတ်နိုင်တာပေါ့လေ။ မနေ့ကရှိတဲ့စိတ်နဲ့လူဟာ ဒီကနေ့လည်းပဲ မပြောင်းလဲဘဲ စိတ်အညစ်အနွမ်းတွေဖြစ်နေဦးမယ်ဆိုရင် ဒီလူဟာ ဘာမှထူးခြားတဲ့ ပြောင်းလဲတိုးတက်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။ လူ့ခန္ဓာကိုယ်ပေါ်က အညစ်အကြေးကိုတော့ ရေနဲ့သန့်စင်ဆေးကြောလို့ ရနိုင်ပေမယ့် စိတ်မှာဖြစ်ပေါ်နေတဲ့ သောကအညစ်အကြေးကိုတော့ အဲဒီ့စိတ်နဲ့ပဲ ပြန်ပြီးသန့်စင် ဆေးကြောပစ်ရပါမယ်။ ကျွန်တော့်ဘဝတစ်လျှောက်မှာလည်းပဲ အတိုက်အခိုက်တွေနဲ့ အနှောက်အယှက်တွေ အလွန်ပေါများခဲ့ပါသည်။ လောကဓံရဲ့ ရိုက်ခတ်မှုအောက်မှာ ခရီးသွားနေတဲ့လှေတစင်းလိုမျိုး အဲဒီ့မုန်တိုင်းအကြားမှာ လဲပြိုကျမသွားအောင် ပဲ့ပြင်ထိန်းသမ်းလာခဲ့ရင်း ပြောင်းလဲမှုတစ်စုံတစ်ရာလည်း ဖြစ်ပေါ်လာခဲ့ရသည်။ ထိုပြောင်းလဲမှုမှာ စိတ်အပြောင်းပင်ဖြစ်ပါသည်။ လွန်ခဲ့သည့်လများ အတောအတွင်းမှာကတည်းက စတင်ခံစားခဲ့ရသော ရောဂါဝေဒနာဆိုးတစ်ခုကြောင့် သတိဆိုတဲ့ သံဝေဂတရားတွေ အလိုလိုဝင်ရောက်လာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လောကဓမ္မဓိဌာန်နည်းနဲ့ တည့်တည့်ကြီး မြင်ကြည့်ရှုမှတ်ခဲ့ပါသည်။

အပုပ်ကောင်မှာ အရုပ်ဆောင်နေတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ မတည်မြဲခြင်းဆိုတဲ့ သင်္ခါရသဘောတရားကြီးဆိုတာ တဖြည်းဖြည်းရိပ်စားလာမိခဲ့တယ်။ မတည်မြဲတဲ့ဒီအပုပ်ခန္ဓာကိုယ်ကြီး အသက်ဆက်ရှင်ဖို့အတွက် နေ့စဉ် တစ်နေ့တာလုံလောက်တဲ့ ဝမ်းစာကိုတော့ အမြဲတမ်းဖြည်းတင်းနေခဲ့ရတယ်။ ဒါပေမယ့် စိတ်ပြည့်ဝဖို့အတွက် စိတ်အစာကိုဖြည့်ဖို့ကျတော့ မေ့လျော့ပျက်ကွက်နေခဲ့သည်မှာ အကြိမ်ရေမနဲလှတော့။ ဒီခန္ဓာကိုယ်ကြီး တည်ငြိမ်ဖို့ကိုတော့ အစစအရာရာပြုပြင်ဖာထေးခဲ့ပေမယ့် စိတ်ဓါတ်ကြံ့ခိုင်မှုအတွက် စိတ်လေ့ကျင့်ခန်းလုပ်ဖို့ကျတော့ မေ့လျော့ပျက်ကွက်နေခဲ့သည်။ ပုထုဇဉ်လူသားတစ်ယောက်ရဲ့ စရိုက်သဏ္ဍာန်အတိုင်း အတ္တတွေအရောင်ဆိုပြီး လောဘ၊ ဒေါသ၊ မောဟ တရားတွေရင်မှာပိုက်ကာ တမြေ့မြေ့ လောင်မြိုက်လာလိုက်တာ ဒီခန္ဓာကိုယ်ကြီး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စိတ်ရောဂါဆိုးကြီးတစ်ခု သေချာပေါက် ဝင်ရောက်လာမှာ အမှန်ပါပဲ။ ဥပမာ - လူတစ်ယောက်ဟာ ငယ်စဉ်ကိုယ်ရည်မှန်းထားသည်က ဆရာဝန် တစ်ကယ်တမ်း ဖြစ်လာခဲ့တာက သူနာပြုဆရာတစ်ယောက်ဆိုရင် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ညီခဲ့လို့ လက်ရှိဘဝနဲ့ ရောင့်ရဲတင်းတိမ် မနေနိုင်ဘဲ မဖြစ်နိုင်တော့တဲ့ ဆရာဝန်ဘဝကို စိတ်ကူးယဉ် လက်လှမ်းချင် နေဦးမယ်ဆိုရင် ဒီမဖြစ်နိုင်တော့တဲ့ စိတ်ကူးယဉ်မှုကြီးအပေါ်မှာ နေ့စဉ်နှင့်အမျှ စိတ်ဟာဖိစီးမှု ဖြစ်နေတဲ့ အတွက် နောက်ဆုံးတော့ အဲ့ဒီ့စိတ်ကပဲ သူ့ကိုပြန်ပြီးဒုက္ခပေးတော့တာပါပဲ။

မီးဘေးရှောင်မလောင်ခင်တားဆိုတဲ့ စကားပုံလေးတစ်ခုရှိပါသည်။ ဒီလိုပဲ ကျွန်တော်တို့တွေမှာလည်း နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲ အကြပ်အတည်းတွေကို နည်းအမျိုးမျိုးနဲ့ ဖြေရှင်းနေရတဲ့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာချို့ယွင်းဖောက်ပြန်မှုများ တစ်နည်းမဟုတ်တစ်နည်းနည်းနှင့်တော့ လူတိုင်းလိုလို ကြုံတွေ့လာနိုင်ပါသည်။ ထိုသို့မကြုံလာသေးခင်ကတည်းက ကြိုတင်ကာကွယ်တားဆီးရမည်မှာ ဘယ်သူမပြု မိမိအမှုတာဝန်တစ်ခုပင်ဖြစ်ပါသည်။

ကျန်တာတွေအသာထားဦး။ ယခုလက်ရှိမှာ ငွေရှာဖို့အတွက်တိုင်းတပါးထွက် အလုပ်လုပ်နေကြတဲ့ သူတွေကိုသာ ကြည့်တော့။ (မိမိအပါအဝင်) အချို့လည်း အလုပ်ကကောင်း၊ သူဌေးကကောင်း၊ အေးဂျင့်ကကောင်းနဲ့ ကောင်းတဲ့ အတွေ့အကြုံတွေနဲ့မို့ စိတ်ကောလူကော ကျန်းမာကောင်းမွန်ပြီး ဘဝဟာလည်း အဆင်ပြေချောင်လည်နေကြပါသည်။ သို့သော်လည်း နိုင်ငံခြားထွက်လာသူ လူအတော်တော်များများမှာ အစမှအဆုံး စင်းလုံးချောအဆင်ပြေကြတယ်ဆိုတဲ့သူက ရှားတော့အရှားသား။ လူတိုင်း တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့တော့ နေ့စဉ်ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရင်း ဘဝနေရေး ချောင်လည်ဖို့ နည်းအမျိုးမျိုးနဲ့ ဖြေရှင်းနေကြရပါသည်။

သည်နေရာမှာ စိတ်ဓါတ်က တော်တော်လေးအရေးပါအရာရောက်လာပါပြီ။ စကတည်းက နိုင်ငံခြားကို ထွက်မလာခင်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ခံယူချက်ကြီးကြီးမားမားထားလို့ ရည်မှန်းချက်တွေ များစွာထားထားခဲ့တဲ့လူမျိုးတောင်မှ သူ့ရဲ့စိတ်ဓါတ် ဘယ်လောက်အထိကြံ့ခိုင်မှုရှိသလဲဆိုတာ သူတစ်ပါး တိုင်းပြည်ရောက်မှ စတင်အစမ်းအသပ်ခံခဲ့ရတာပါ။

နဂိုကတည်းကိုက စိတ်ခံစားတတ်လွယ်လွန်းသူ၊ ပင်ကိုယ်စိတ်ပျော့ညံ့လွန်းသူမျိုးဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေပြီ။ သည်နေရာမှာ တချို့ကထင်ကြတယ်။ လူကအပင်ပန်းခံနိုင်ရင် အဆင်ပြေကြမှာပဲလို့။ တကယ်တော့ ဒါဟာ လွဲချော်နေတဲ့အယူအဆတစ်မျိုးလို့ ဆိုရမှာပါ။ လူ့ဘဝအဆင်ပြေမှု ဆိုတာ လူရော စိတ်ရော စပ်ဆက်နေတဲ့အတွက် လူကျန်းမာမှ စိတ်ချမ်းသာသလို၊ စိတ်ချမ်းသာမှလည်း လူကျန်းမာလာနိုင်မှာပါ။ ကျွန်တော်ဒေါက်တာလည်းမဟုတ်သလို စိတ်ပညာရှင် ဆရာဝန်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တွေ့၊ စာတွေ့အနဲငယ်လောက်ကို အခြေခံပြီး ပြောပြ၊ ရေးပြ နေရခြင်းသာ ဖြစ်ပါသည်။ လိုတိုရှင်းကို ပြောရလျှင် ကျွန်တော်အပါအဝင် လူအများစုမှာ နေ့စဉ်ဘဝရပ်တည်မှု အကြပ်အတည်း အခက်အခဲတွေကို နည်းအမျိုးမျိုးနဲ့ ဖြေရှင်းကြရင်းက ကိုယ်ခန္ဓာပင်ပမ်းနွမ်းနယ်ရုံ မျှတင်မကဘဲ စိတ်ရဲ့ဖိစီးမှုဝေဒါနာဒဏ်ကိုပါ အလူးအလဲခံစားနေကြရပါသည်။ သူတစ်ပါးတိုင်းပြည်က ကိုယ်နဲ့မရင်းနှီးတဲ့ သူစိမ်းတရံတွေအကြားမှာဆိုတော့ ပိုပြီးဆိုတာပေါ့။ ဆွေမရှိ၊ မျိုးမရှိရတဲ့အကြား မိဝေးဘဝေး အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ဝေးကွာနေရတာစသဖြင့် စသဖြင့် ဒါတွေလည်းပါတာပေါ့။

တလောက သတင်းဆောင်းပါးတစ်ပုဒ် အမှတ်မထင်ဖတ်လိုက်ရသည်။ နိုင်ငံခြားထွက် အလုပ်လုပ်ကြပြီး မြန်မာပြည်ကို ပြန်လာတဲ့လူတွေထဲမှာ စိတ်ကျရောဂါဝေဒနာရှင်တွေ အတော်ပင် တိုးပွားလာကြသည်ဆိုပဲ။ ဆောင်းပါးထဲမှာလည်း အထက်က ကျွန်တော်ပြောခဲ့သလို နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေကို လူအများစုဟာ နည်းအမျိုးမျိုးနဲ့ ဖြေရှင်းနေကြရင်းမှ မူလစိတ်ဓါတ်အခံ အားနည်းသူအချို့မှာ ရရှိလာတတ်တဲ့ ရောဂါများပင်ဖြစ်ပါသည်။ သည်နေရာမှာ တစ်ခုဖြည့်စွက်ပြီးပြောချင်တာက နှလုံးရောဂါဖြစ်ကြတဲ့သူတွေလည်း အတော်များများ ရှိနိုင်တယ်ဆိုတာပါပဲ။ မျက်စိနဲ့မတွေ့ဘူးပေမယ့် မြန်မာအချင်းချင်း တစ်ယောက်စကား တစ်ယောက်နားမှာ ကြားသိခဲ့ရတာက နှလုံးရောဂါကြောင့် အသက်(၂၀)ကျော်အရွယ် လူငယ်လေး တစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ရတဲ့သတင်းတစ်ခုပါ။ နောက်တစ်ခုက သွေးတိုးရောဂါတို့ အစာအိမ် ရောဂါတို့လည်း အဖြစ်များနိုင်ပါသည်။ သွေးတိုးနဲ့ နှလုံးရောဂါကလည်း ဆက်စပ်နေတယ် ထင်ပါတယ်။ မကြာခဏ ဒေါသထွက်တတ်သူမျိုး၊ အကြောက်အလန့်ကြီးတတ်သူမျိုးများဟာ သွေးတိုး၊ နှလုံးရောဂါ စတာအဖြစ်များပါသည်။ ငွေဆိုတဲ့ အရာလေးတစ်ခုအတွက် ကိုယ့်ဘက်က ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေကလည်း မနဲမနောပါ။ (သည်နေရာမှာ အရာရာကို တစိမ့်စိမ့်တွေးတောကာ ခံစားပြီး စာရေးသားနေကြတဲ့ စာရေးဖော်ရေးဖက်တွေကိုပါ သတိပေးလိုက်ခြင်းဖြစ်ပါတယ်။) လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းကောင်း ရောဂါတစ်ခုဆိုတာ တစ်ချိန်ချိန်မှာ အကြောင်းတမျိုးမျိုးကြောင့် ဖြစ်မလာနိုင်ဘူးလို့ တတ်အပ်မပြောနိုင်ပါဘူး။ ဒါကြောင့် မီးဘေးရှောင်မလောင်ခင်တားကြဖို့ လူတိုင်းလူတိုင်း ကိုယ်စီ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ စေတနာနဲ့ ကိုယ်တွေ့၊ စာတွေ့တွေကို အခြေခံထားပြီး အသိပေးနှိုးဆော်လိုက်ရပါတယ်။

မေတ္တာဖြင့်
စံလင်းထွန်း

(ဂဘောက်တိဂဘောက်ချာဆိုတဲ့အတိုင်းပဲ စာအရေးအသားတွေ ပီပြင်ချောမွေ့မှုမရှိသေးပါဘူး။ ရေးလက်မရှိတော့ ပိုပြီးအားစိုက်ရေးရပါတယ်။ အာရုံအမျိုးမျိုးကြားကနေ စာကိုအာရုံထည့် ရေးထားရတဲ့အတွက် အမှားအယွင်း တစ်စုံတစ်ရာလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ဒီဂဘောက်တိ ဂဘောက်ချာကြီးက ဆက်ရေးမယ်ဆိုရင် မပြီးနိုင်မစီးနိုင်အောင်ကို အများကြီးကျန်နေပါသေးတယ်။ လောလောဆယ်တော့ အရေးကြီးတာကို အရင်ဦးစားပေးပြီးမှ ရေးတင်လိုက်ရတာပါ။ အင်တာနက်ဆိုင်ကိုလည်း ပုံမှန်မရောက်နိုင်သေးလို့ပါ။ ကျန်းမာရေးကြောင့်လည်းပါတာပေါ့။ အခြေအနေပေးရင် ရေးတော့ရေးပါဦးမယ်။)