Sunday, February 28, 2010

ပါရမီမဲ့ကလောင်ရဲ့ တိုးသဲ့သဲ့ရင်ခုန်ခဲ့ရခြင်းများ




ပါရမီမဲ့ကလောင်ရဲ့ တိုးသဲ့သဲ့ရင်ခုန်ခဲ့ရခြင်းများ

ချမ်းသာဖို့ ပါရမီမပါပေမယ့်
ဆင်းရဲဖို့တော့ ဇာတာပါလာတယ်။
မွဲနေမြဲမို့ ပါရမီတွေနဲ့
ဆက်လွဲပြီးရင်း လွဲနေခဲ့တာလား။

လက်ထဲမှာ မိမိရရဆုပ်ကိုင်ဖမ်းထားတဲ့
ခမ်းလှမ်းလှမ်းက အိမ်မက်ကမ်းတစ်ခု။
ထုဆစ်နေခဲ့တာ အောင်မြင်မှုဆိုတဲ့ ကဗျာအတု စာအတုတွေပါ။

အတုအယောင်အိမ်မက်တွေထဲမှာတော့
အိမ်မက်ကမ်းဆီကို လက်ပစ်ကူးခတ်ဆဲ လူငယ်တစ်ယောက်
အောင်မြင်မှုကတော့ ခါးထောက်ရင်း
မျက်စိဒေါက်ထောက်ကာ ရပ်လို့ကြည့်နေရှာတယ်။

ညဥ့်နက်နက်သန်းခေါင်ယံညတွေမှာ
အိမ်မက်တွေဟာ ဆက်မက်လို့ကောင်းဆဲ ...

နင်ကျင်သော်လည်း လွှတ်မချဘဲ ခပ်မြဲမြဲကိုင်ထားလိုက်တဲ့
လက်ဖျားထိပ်က ချွန်တမြမြကလောင်သွား
ဓါးသွားလိုထိရှစေတဲ့ အတွေးစတွေနဲ့အတူ။

နှုတ်ခမ်းဖျားထက်မှာတော့ တစ်ခုခုပြောဖို့ ဆွံ့အလာရင်း
မျက်မမြင်နားမကြား နှလုံးသားရဲ့
တဖြည်းဖြည်းချောင်ပိတ်ခြင်းခံထားရမှုတွေ ...
တိတ်တဆိတ်ရုန်းကြွလှုပ်ရှားစပြုလာတော့တယ်။

ဒါလားဟဲ့ ...အောင်မြင်မှု
ပါရမီအတုတွေရောစပ်လို့
ပါတ်ဝန်းကျင်အသေးစား စကားသံတွေအကြား
မျောပါသွားတဲ့အနုပညာ ...
သူတို့ပြောတာ ပါရမီမပါဘူးတဲ့။

ခပ်ယဲ့ယဲ့လှောင်ပြုံးတွေအကြားထဲ
ပါရမီမဲ့ကလောင်ရဲ့ ရင်ခုန်သံကတော့ ...
တိုးသဲ့သဲ့ပဲ ...။

နုံးချိနေတဲ့အင်အားတွေနဲ့ လူငယ်တစ်ယောက်
ကုန်းရုန်းထရပ်လိုက်တယ်။

ကလောင်ကိုလက်ထဲ မြဲမြဲဆုပ်
ရဲဆေးတွေထုတ်သောက်လို့
ဟစ်အော်ကြွေးကြော်ပစ်လိုက်တာက ...

" ဟိတ် ... ဒီမှာ " ခင်ဗျားတို့ဘာပဲပြောပြော
ကျုပ်လက်ထဲ 'ဇွဲ' ဆိုတဲ့ပါရမီတစ်ခုတော့ ရှိနေသေးတာပဲ ...။

စံလင်းထွန်း


photo copy from google image.

Monday, February 15, 2010

တရုတ်နှစ်သစ်ကူးနဲ့ ကဗျာရူးတဲ့ကျွန်တော်




တရုတ်နှစ်သစ်ကူးနဲ့ ကဗျာရူးတဲ့ကျွန်တော်


တရုတ်နှစ်သစ်ကူးတဲ့ ...
ကိုယ့်အတွက်တော့မထူးဘူး
သူတို့အတွက်တော့ အတော်မြူးတူးလို့ပါပဲ ...။

လမ်းဘေးဝဲယာမှ တိုးနယားအက
စည်းချက်ကျနနေတဲ့ သူတို့ဂီတ
ထူးထူးခြားခြား ဟက်ပီးနယူးရီးယားက
သိပ်ပြီးလှပနေတယ် ...။

အလှတူညီနေတဲ့ နီနီရဲရဲမီးပုံးကြီးတွေ
မျက်စိတဆုံး ရှုလို့ရယ်ပြုံးရတယ် ...။

ဝင်းထိန်ညီတဲ့ ပန်းမီးဆိုင်းကြီးတွေ
လိမ္မော်ရောင်ညချမ်းမှာ အေးချမ်းစွာပနာယတင့်တယ်နေတယ် ...။

ဘဝတူညီတဲ့ သူ့လူမျိုးတွေ
တူယဉ်လက်တွဲ နွှဲပျော်လို့ကဲ
မြင်သူရင်မှာ ကြိတ်ကာအားကျမိတယ် ...။

အသက်အရွယ်တူတဲ့ တရုတ်မလေးတွေ
ပြုံးပျော်လို့နေ တရုတ်ကောင်လေးတွေနဲ့လေ ...။

သြော် ...
သူတို့ဘဝ
ပျော်ကြရွှင်ကြ မြူးကြရပေါ့ ...

ငါတို့ဘဝကတော့ အလုပ်ကတစ်ဖက်
ဘလော့ဂ်ကတစ်ဖက် ချစ်သူကကျောခိုင်းထွက်
အရှုံးတစ်ဝက် ရင်ကွဲပက်လက်တွေနဲ့ချည်းပါလား ...။

စံလင်းထွန်း



(ဒီမှာတော့ တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်တွေမို့ အလုပ်တွေအချို့လည်း ပိတ်ကြပါတယ်။ မျက်စိမြင်ရာ တရုတ်ရိုးရာပွဲတော်တွေလုပ်နေကြတော့ စိတ်ကူးပေါက်ပြီး ကဗျာရူးတဲ့ကျွန်တော် တစ်ပုဒ်လောက် ကောက်စပ်လိုက်တာပါ။ :D ဓါတ်ပုံတွေကိုလည်း ကြည့်ရင်းငေးလို့ရအောင် ဂူဂဲလ်ကရှာတင်ပေးလိုက်ပါတယ်။ တရုတ်နှစ်သစ်ကူးမှာ ပျော်ရွှင်နိုင်ကြပါစေဗျာ ...။)

































photo copy from google image.

Saturday, February 13, 2010

အတိတ်ဒဏ်ရာကောက်ကြောင်း ... (ချစ်သူများနေ့အမှတ်တရ)




အလွမ်းများက တစ်စခန်းထခဲ့ပြန်ပေါ့။ ချစ်သူများနေ့ (vallen tine day) ကိုရောက်တိုင်း ချစ်သူအနားမရှိသည့်နေ့ဟု ရင်ထဲမှာ ဟာတာတာခံစားမိရပါသည်။ ချစ်သူထားရစ်ခဲ့လို့လည်းမဟုတ် ချစ်သူမရရှိခဲ့လို့ ချစ်သူအနားမရှိတဲ့နေ့ဟု သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

ချစ်သူဆိုတာ ကိုယ်တစ်ကယ်ချစ်ရတဲ့သူသာ ဖြစ်ရမည်။ ကျွန်တော့်ဘဝမှာ လက်ချိုးရေတွက်လို့ ရလောက်အောင်တော့ ရည်စားအနည်းငယ် ထားခဲ့ဘူးပါသည်။ သို့သော် ကွဲ၊ ပြဲ၊ ပြန်မဆက် ရင်ကွဲပက်လက်တွေသာ ဖြစ်ခဲ့ရသည်။ တချို့ကလည်း တာ့တာပြ လက်ခါချခဲ့ပါသည်။ သို့ပေသော်လည်း ခဏတော့ခံစားမိသည်။ အနုပညာ သမားစိတ်ဓါတ်ရှိတဲ့သူဟု ကိုယ်တိုင်ခံယူထားလေတော့ တစ်ခါတစ်ခါ ရင်ထဲမှာ နင့်နင့်ကာကာ ခံစားမိတတ်သေးသည်။ တစ်ခါတစ်လေ စိတ်ကူးထဲမှာတောင် အမှတ်မထင် တိုက်ဆိုင်မှုရှိလာရင် လွမ်းတတ်သလိုလို။ တစ်ကယ်တမ်းကျတော့ မလွမ်းပြန်ဘူး။ ကိုယ်ကတောင် မိန်းကလေးတစ်ယောက်ဘက်က စဉ်းစားပြီး ကိုယ့်လုပ်ရပ်ဟာ လွန်ရာများကျနေသလားလို့ မေးခွန်းထုတ်မိတိုင်း ထိုမိန်းကလေးကို ပြန်သနားနေမိတယ်။ ရည်းစားဖြစ်ခဲ့ဘူးတဲ့ မိန်းကလေးတိုင်းကို ချစ်တော့ ချစ်ခဲ့ပါသည်။ အချစ်စစ် အချစ်မှန်နဲ့လားဆိုရင်တော့ ပြောရခက်ခက်ပဲ။ ဒီလိုပြောတော့ ကျွန်တော့်ကို သွေးအေးအေးနဲ့ ရက်စက်သူကြီးလို ထင်မိမှာပဲလေ။

နောက်ဆုံးတော့လည်း ရည်းစားထားဘူးသွားတယ်ရှိတာပေါ့၊ အပြစ်ပြောတဲ့သူရှိတော့လည်း ကိုယ်ကထားချင်လို့ ထားတာပဲကွာ ... ဘယ်တတ်နိုင်ပါ့မလဲ ဟု ကိုယ့်ဘက်ကိုယ်ယက် အတ္တတစ်ဝက်နဲ့ ထည့်တွေးလိုက်တယ်။ သည်လုပ်ရပ်တွေ မှားရင်လည်း အဲဒီ့အမှားတွေအတွက် အခုအချိန်မှာ ပြန်ပြီးမှ နောင်တမရချင်တော့ပါဘူး။

ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေတာက ပထမဆုံးနဲ့ နောက်ဆုံးမိန်းကလေးတစ်ယောက်ပါ။ ရှေ့ဆုံးမှာကတော့ ဒီကဗျာလေး ဖတ်ကြည့်ဖူးတဲ့သူ သိပါလိမ့်မယ်။ နောက်ဆုံးအတွက် ရေးထားတဲ့ကဗျာကတော့ ခုထိမတင်ဖြစ်သေးပါဘူး။ ဘဝပေးအခြေအနေအကြောင်းအမျိုးမျိုးကြောင့် နောက်ဆုံးမိန်းကလေး တစ်ယောက်ကိုတော့ ရည်ရွယ်ထားခဲ့ပါလျက်နဲ့ ကံကြမ္မာ မျက်နှာသာမပေးခဲ့လေသလား ဘဝပြန်ဌာန်းချက်ကပဲ ရက်စက်လေသောကြောင့်လား မသိ။ သူမနဲ့ ကျွန်တော့်ရဲ့ ဆုံမှတ်တွေဟာ ပြိုင်တူပြေးနေတဲ့ ရထားသံလမ်း နှစ်ကြောင်းလို ဘယ်တော့မှမဆုံနိုင်တော့တဲ့ လွဲချော်မှုကြီး ဖြစ်သွားခဲ့ပါသည်။ အစကတည်းက ဒဏ်ရာတွေနဲ့ ရလာခဲ့တဲ့ နှလုံးသားဟာ အဲ့ဒီနောက်မှာ တဖြည်းဖြည်း ထပ်ပြီးတော့ ကြေမွလာခဲ့ပါတော့သည်။

ဘဝမှာ အချစ်နဲ့ပါတ်သတ်လို့တင်မကဘဲ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်း ဒဏ်ရာတွေရရှိခဲ့ဘူးသည်။ ထိုကာလများတွင် ဒိုင်ယာရီစာအုပ်တစ်အုပ်သည်သာ ကျွန်တော့်အတွက် အကောင်းဆုံး ရင်ဖွင့်ရာ နေရာတစ်ခုဖြစ်ခဲ့သည်။ ရင်ထဲမှာ ခံစားမိတိုင်း တစ်ယောက်တည်း တိတ်တိတ်ကလေးသာ ကြိတ်ဆွေး ကြိတ်ကြေကွဲခဲ့ပြီး ဘယ်တော့မှ မီးမလာတဲ့ ညစဉ်ညတိုင်းရဲ့ ညဥ့်သန်းခေါင်ယံချိန်တွေမှာ ဖယောင်းတိုင်မီး ငုတ်တိုလေးကို အဖော်ပြုပြီး ဒိုင်ယာရီစာအုပ်အထက် မျက်ရည်စက်တွေနဲ့ ခံစားချက်တွေကို စကားလုံးစာသားတွေအဖြစ် ပြောင်းလဲကာ ဘဝနာနာ စိတ်နာနာနဲ့ ရေးချခဲ့ရတဲ့နေ့ရက်တွေက မနဲလှတော့။ ထိုစာတွေကို ရင်းနှီးသူတစ်ယောက်တစ်လေတော့ အတင်းတောင်းတာနဲ့ ပေးဖတ်ဖြစ်ခဲ့ဘူးသည်။ ကျွန်တော့်မျက်နှာကို တစ်လှည့်ကြည့်၊ စာအုပ်ကိုကြည့်လိုက်နဲ့ သူဖတ်တာကိုတောင် အားနာသွားသလိုဖြစ်ခဲ့တာ သတိထားမိခဲ့သည်။ ဒါမှမဟုတ် ကျွန်တော့်ကိုများ သနားသွားလေသလား မပြောတတ်။

တစ်ခါတစ်လေ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေက အစိုင်အခဲတွေအဖြစ် တင်းမာပေါက်ကွဲချင်လာတိုင်း ဂစ်တာတီးရင်း သီချင်းတွေအော်ဆိုပစ်ခဲ့ပါသည်။ စိတ်ခံစားချက်များကို စာအုပ်တွေထဲမှာ နှစ်မြုပ်ထားရင်း ဖြေဖျောက်ယူခဲ့ရသည်။ ဒဏ်ရာတွေက ဘဝရဲ့အားမာန်တစ်ခု ဖြစ်စေခဲ့သည်။ ခံစားမှုတွေဖြစ်လာလေလေ ကိုယ့်ဘဝတိုးတက်မြင့်မားလာအောင် ကြိတ်ကြိုးစားမိလေလေဖြစ်လာသည်။

သည့်နောက်ပိုင်းမှာ ခင်မင်ရင်းနှီးသူတချို့ကလွဲ၍ လူတွေနဲ့ ခပ်စိမ်းစိမ်းဖြစ်လာခဲ့သလိုပဲ။ ဂစ်တာတစ်လက်ကိုင်ရင်း လမ်းသရဲဖြစ်တော့မလိုလို၊ ဇာတ်ပွဲထဲ လိုက်ဖြစ်တော့မလိုလို ဖြစ်ခဲ့ဘူးလေသည်။ အိမ်ကအတင်းအကြပ် တားမြစ်သောကြောင့် ထိုစိတ်ကူးများကို မြောင်းထဲလွှင့်ပစ်ခဲ့ရသည်။ လူငယ်ဘဝ ဆယ်ကျော်သက် (၁၅)နှစ်အရွယ်လွန်ကာလအပိုင်းအခြားများသည် ကျွန်တော့်ဘဝကို အတော်လေး အထီးကျန်ဆန်စေခဲ့သလို ပါတ်ဝန်းကျင်ကိုလည်း သိပ်ဂရုမစိုက်ဖြစ်ခဲ့။ ကိုယ်လုပ်ချင်ရာတွေကိုသာ တကုပ်ကုပ်နဲ့ ဇွတ်တရွတ်လျှောက်လုပ်နေခဲ့ရင်း အထီးအကျန်ဘဝများကို ရင်မှာနာကျည်းလို့ ခါးခါးသီးသီး ကျော်လွန်ဖြတ်သန်းခဲ့သည်။

တစ်ခါတစ်လေ ကျွန်တော့်ကို ပါတ်ဝန်းကျင်က အစွန်းရောက်သူ၊ တစ်ယူသန်သူ၊ ခေါင်းမာသူ၊ ဇွတ်တရွတ်သမား၊ ခပ်အေးအေး ခပ်ဆွေးဆွေးနဲ့ ခပ်ကုပ်ကုပ်နေတဲ့ကောင်၊ လက်ကြောမတင်းသူ၊ ယဉ်ယဉ်လေးရူးနေတဲ့ကောင်၊ ဂျလေဘီ၊ ကလေကချေ စသဖြင့် အမျိုးမျိုး ဝေဖန်ကဲ့ရဲ့တာတွေရှိပါသည်။ ကျွန်တော့်မှာ ဒါတွေကို ဂရုမစိုက်အား၊ သူတို့နှင့်လည်း တုဘက်ပြီး ပြန်ပြောမနေနိုင်။ ကျွန်တော်ဆိုတာ ဘယ်လိုလူစားမျိုးပါဟုလည်း သူတို့နားလည်သဘောပေါက်အောင် ပြန်ရှင်းပြဖို့ အချိန်မပေးခဲ့၊ အချိန်လည်းမရှိခဲ့။

တစ်ခါတစ်လေ ပါတ်ဝန်းကျင်ဆိုတာကြီးကိုထည့်တွက်နေရင် ကိုယ့်ဘဝကိုယ်မပိုင်သလို၊ ကိုယ်လုပ်ချင်တာ တွေတောင် ဘယ်တော့မှ လုပ်ဖြစ်တော့မှာ မဟုတ်တော့ဘူး။ ပါတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့စိတ်၊ မသွားဝံ့၊ မလာဝံ့၊ မပြောဝံ့၊ မဆိုဝံ့ဖြစ်နေလို့ကတော့ ဘဝဟာ ဘာမှမတိုးတက်ဘူး၊ လူဖြစ်ရှုံးတာနဲ့ အတူတူပဲလို့ ရိုးရိုးပဲတွေးပြီး ကိုယ်လုပ်စရာရှိတာတွေကို ရှင်းရှင်းပဲလုပ်ခဲ့သည်။ ကြာလာတော့ လူတွေနဲ့ ခပ်စိမ်းစိမ်းတောင် ဖြစ်လာချင်သလိုပဲ။ ကိုယ်က တမင်စိမ်းတာမဟုတ်။ စာအုပ်တွေ၊ အတတ်ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေထဲမှာ အချိန်ရှိသလောက် ဘဝကို နှစ်မြုပ်ထားခဲ့လို့ပဲ ဖြစ်လိမ့်မည်။ စကားပြောရင်တောင် သိပ်ပြီး စိတ်မရှည်ချင်တော့။ အထေ့အငေါ့ စကားလုံးတွေနဲ့ ခပ်ရိုင်းရိုင်း (လူတွေရဲ့အမြင်) ပွင့်ပွင့်လင်းလင်း ပြောင်ပြောတတ်လာသည်။ တချို့က ရိုင်းစိုင်းသူဟု ထင်မြင်ပြီး အဝေးမှ ခပ်ခွာခွာနေကြသည်။ တချို့က ကိုယ့်ကို နားမလည်နိုင်အောင် ရှိသည့်အမူအရာ။ ဘာပဲဖြစ်ဖြစ် ဒါတွေကို အသေအချာ ဂရုစိုက်မနေခဲ့ပါဘူး။

လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတော့ မြန်မာပြည်က သူငယ်ချင်းဟောင်းကြီး တစ်ယောက်နဲ့ ဖုန်းပြောမိသေးသည်။ ဟေ့ယောင် မင်းကို တစ်ခုပြောစရာရှိတယ် ..တဲ့ ကျွန်တော်က ဘာများလဲပြောစမ်းပါဦး ဆိုတော့ မင်းကောင်မလေးတော့ နောက်တစ်ယောက်နဲ့ ချိတ်တိတ်တိတ်ပဲ တဲ့ မင်းသူ့ကို သိပ်သတိရမနေပါနဲ့ကွာ မေ့ပစ်လိုက်စမ်းပါ... လောကမှာ မိန်းမတွေပေါလွန်းလို့ သူငယ်ချင်းက ဂရုဏာဒေါသောနဲ့ ဆုံးမစကားတွေပြောရင်း ကျွန်တော့်ကို အားပေးနေရှာသည်။ အဲသည့်နေ့က ဖုန်းပြောပြီးတော့ ကြေကွဲကွဲနဲ့ ဒိုင်ယာရီးစာအုပ်ထဲမျာ စာတွေသာထိုင်ရေးဖြစ်ခဲ့သည်။ ဘဝဆိုတာ ဒီလိုပါပဲကွာ လို့လည်း ကိုယ့်ဘာသာ အားပေးစကားဆိုလိုက်ပါတော့သည်။



သန်းခေါင်ယံည အလွမ်းများမှာ
တစ်ကိုယ်ရေ တစ်ကာယပဲ နေထိုင်ခဲ့တယ် ...။
ပြောင်းခဲ့တဲ့စိတ်တွေကိုလည်း အပြစ်မမြင်ဘူး။
နှောင်းခဲ့တဲ့ အတိတ်တွေကိုလည်း ပြန်မရချင်တော့ဘူး။
ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်လာမယ့်
လောကဓံတရားတွေကိုလည်း မမှုဘူး။

သံသရာဆိုတာရှိသရွေ့ဒီဒဏ်ရာတွေ
အခါခါ ထပ်မရပါစေနဲ့တော့လို့ပဲ ဆုတောင်းတယ်။

တဖြည်းဖြည်း အသက်သွင်းခဲ့တဲ့
လောဟာနယ်စိတ်ကူးတွေဟာ
ရုပ်လုံးပေါ် လက်ရာမမြောက်သေးပေမယ့်
အစိုင်အခဲတစ်ခုစာလောက်တော့ရှိခဲ့ပြီ ...။

ရှေ့ဆက်ဘာတွေဖြစ်လာဦးမလဲ ...။
စိတ်ဝင်စားတယ် ...။
ဒါကြောင့် လမ်းပျောက်ပေမယ့်
ရှာဖွေပြီး ဆက်လျှောက်နေလိုက်တယ် ...။

အနှောက်အယှက်တွေ အရိပ်တစ်ခုလို
အနောက်ကနေ တစ်ကောက်ကောက်လိုက်
တစ်ခါတစ်ရံမှာ စိတ်ပျက်စွာ လက်မှိုင်ချလိုက်နဲ့
ဒါပေမယ့် ...
ရှုံးနိမ့်ကြောင်းသင်္ကေတတော့ မပြခဲ့ဘူး ...။

ဒါ ...
ကျွန်တော့်ဘဝ ဖြတ်သန်းမှု ပုံသဏ္ဍာန်တွေပါပဲ။

မေတ္တာမွန်ဖြင့်
စံလင်းထွန်း


(စာကြွင်း ။ ချစ်သူများနေ့အမှတ်တရစာရေးခဲ့ရင်း တိုက်ဆိုင်မှုတွေရှိလာလို့ ကိုယ့်ဘက်က ခံစားချက်တွေကို ပိုပိုသာသာအလေးပေး ရေးသားမိလိုက်သလိုပါပဲ ...။ အမှတ်တရစာဟာ အသဲကွဲစာဖြစ်နေလေပြီ ...။ ခိုတစ်ကောင်လို ငြီးတွားတဲ့ သံစဉ်မဲ့စည်းချက်အလွမ်းခတ်သံတွေ ရောစွက်နေလေ၏။ ခံစားမှုများ စွန်းထင်းနေတဲ့ ကလောင်ဟာ တော်တော်လေး ပြင်ရခက်လို့ ပြင်ယူဖို့လည်း ကြိုးစားနေတုန်းပါ။ သည်စာကို ဆုံးအောင်ဖတ်ပေးတဲ့သူများအတွက်လည်း အားနာမိပါတယ်။)

That photo copy from google image.

Wednesday, February 10, 2010

ရဲရင့်ဂျာနယ်နှင့်အတူ ခြေလှမ်းသစ်





မလေးရှားနိုင်ငံအတွင်း ထုတ်ဝေသော ရဲရင့်ဂျာနယ်မှာ မိမိရဲ့ ကဗျာလေးနှစ်ပုဒ် ပထဦးဆုံးအကြိမ် ပုံနှိပ်ဖော်ပြခြင်းခံရမည်မို့ စိတ်လှုပ်ရှားစွာနဲ့ ရင်ခုန်မိပါသည်။ ရင်ခုန်ရခြင်း၏ အကြောင်းအရင်းကား တစ်အချက် မိမိရဲ့ အနုပညာဖန်တီးမှုကို အသိအမှတ်ပြု ဖော်ပြခံရခြင်း၊ နှစ်အချက် ရာထောင်ချီသော မြန်မာစာဖတ်ပရိတ်သတ်အကြား မိမိခံစားချက် ရသကဗျာစာစုများ ဝေငှဖြန့်ဖြူးပေးခွင့် ရရှိခြင်း တို့အတွက်ကြောင့် ဖြစ်ပါသည်။

ပညာရှိတွေရဲ့ စကားအတိုင်း ပြန်လည်ကိုးကားပြောရပါမူ ထမဦးဆုံးခြေတစ်လှမ်းဟာ နောက်ထပ်ခြေလှမ်း ပေါင်းများစွား ဆက်လက်ဖြစ်ပေါ်လာဖို့အတွက် အစပျိုးလှုပ်ရှားလိုက်ခြင်း ပင်ဖြစ်သည်။ မိမိရဲ့ သေးဖွဲသော အနုပညာဖန်တီးမှုသည် ကြီးမားကျယ်ပြန့်သော စာပေလောကကြီးထဲတွင် မြူတစ်မှုံစာမျှပင် ရှိလင့်ကစား ယခုလို ဖန်တီးခွင့်ရခြင်း၊ လူပေါင်းများစွာရဲ့ နှလုံးသားရှေ့မှောက် မိမိအနုပညာလေး ကပြဖျော်ဖြေ အသုံးတော်ခံရတော့မည်မို့ ရင်ထဲမှာ အတိုင်းမသိဝမ်းသာပျော်ရွှင် ကြည်းနူးရပါ၏။

ဘဝမှာ အပျော်ဆုံးနေ့တွေရယ်လို့ မယ်မယ်ရရမရှိခဲ့သော မိမိအဖို့မူကား ယခုလိုစာမူလေးပါသည်ဟု သတင်းစကားကြားလိုက်ရတဲ့နေ့ဟာ အပျော့်တကာ အပျော်ဆုံးနေ့များထဲမှ နေ့တစ်နေ့ဟု ဆိုရပေတော့မည်။

မိမိလိုပဲ ဝါသနာတူ၊ ခံစားချက်တူသော အနုပညာ ညီအစ်ကိုမောင်နှမများအားလုံး ရဲရင့်ဂျာနယ်သို့ ကဗျာ၊ ဆောင်းပါး၊ ဝထ္ထု၊ ဟာသ၊ သတင်း၊ နည်းပညာဆိုင်ရာ ကဏ္ဍအသီးသီးတို့တွင် ကိုယ်ပိုင်ဖန်တီးချက် စာမူများ လွပ်လပ်စွာ ပါဝင်ရေးသားပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးလိုက် ပါရစေတော့ခင်ဗျာ ...။

စာမူပေးပို့ရန် - editoryyjournal@gmail.com, yeyintjournal2010@gmail.com

(ရေးထားသော ကဗျာနှစ်ပုဒ် ၂၀၁၀ခုနှစ်၊ မတ်လထုတ်တွင် ထုတ်ဝေမည့် ရဲရင့်ဂျာနယ် အတွဲ(၁)၊ အမှတ်(၃)တွင် ပါရှိမည်ဖြစ်ပါသည်။)


အဖြူရောင်မေတ္တာဖြင့်
စံလင်းထွန်း



လောလောဆယ် တခြားပုံမရှိသေးလို့ မအိမ့်ချမ်းမြေ့ဘလော့ဂ် ဒီနေရာကနေ ယူတင်ထားပါတယ်။

Monday, February 8, 2010

နှောင်းခဲ့လေပြီ ... (ချစ်သူများနေ့အကြိုကဗျာ)



နှောင်းခဲ့လေပြီ ...

ချစ်သူများနေ့တဲ့လား ...
ကိုယ့်အတွက်တော့ ချစ်သူအနားမရှိတဲ့နေ့
ချစ်သူပါးမနမ်းရတော့တဲ့နေ့
အပြစ်မရှိဘဲ လမ်းခွဲခဲ့တဲ့နေ့
အလွမ်းတွေနဲ့ အသဲတွေကွဲခဲ့တဲ့နေ့တွေပါ ...။

အလွမ်းများနဲ့ သန်းခေါင်းယံည
တစ်ကိုယ်ရေတစ်ကာယနေထိုင်ခဲ့ရစဉ်
နဘေးနားမှာ ဂီတာတစ်လက်
အလွမ်းခါးခါးလို ကော်ဖီတစ်ခွက်
မျက်ရည်စက်တွေနဲ့ ရေးချခဲ့တဲ့
ကဗျာစာရွက်တွေ ...။

ဒဏ်ရာဗလပွနဲ့ နှလုံးသားရဲ့
အထီးကျန်ဘဝမှာ နောင်တအရိပ်တွေဟာ
တိတ်တိတ်ကလေး ကြီးစိုးနေတယ် ...။

မီးခိုးတွေလို ပျယ်လွင့်ခဲ့တဲ့အတိတ်
မပျယ်လွင့်တဲ့ သတိရစိတ်တွေရှိခဲ့ပေမယ့်
နေမြင့်မှ အိမ်ရာထလိုက်မိလို့
စံပယ်တစ်ပွင့်ကောက်ဖို့
ကိုယ်ဟာ ...နောက်ကျသွားခဲ့လေပြီ ...။

စံလင်းထွန်း

(ချစ်သူများနေ့ကို ကြိုဆိုလိုက်တဲ့ကဗျာ ဆိုပေမယ့် ကဗျာလေးက အသဲကွဲမှုဟန်လေးတွေ နဲနဲရောစွက်ပါဝင်နေပါတယ်။ ရေးရင်းက ခံစားချက်ကြောင့် ဒီလိုဖြစ်သွားတယ်ထင်ပါရဲ့။ :P ချစ်သူများနေ့မှာ ချစ်သူများအားလုံး ပျော်ရွှင်နိုင်ကြပါစေဗျာ ...။)

photo copy from google image.

Sunday, February 7, 2010

စာရေးသားကြရာဝယ် ...




တစ်ခါတစ်လေမှာ စာရေးသူဘက်က အကြောင်းအရာတစ်ခုကို ရေးချင်လာတဲ့အခါ လူအများစု လက်မခံနိုင်တဲ့ကိစ္စမျိုးတွေ၊ အချိုးမပြေပြစ်တဲ့ အကြောင်းအရာတွေ ပါလာနိုင်သည့်အခါ တွေးတွေးဆဆနှင့် ချင့်ချိန်ရင်း ရေးရခက် မရေးရရင်လည်း မနေနိုင်လို့ စာရွက်ပေါ်ချရေးတော့ယ့်ဆဲဆဲ လက်ကကိုင်ထားတဲ့ ဘောလ်ပင်ဟာ ခဏခဏ ချီတုံချတုံ ဖြစ်ရတတ်ပါတယ်။

မိမိရေးလိုက်သည့်စာဟာ အခန့်မသင့်ရင် ကိုယ်ပေးချင်တဲ့ အကြောင်အရာ၊ အသိတစ်ခုရဲ့ ဘောင်အပြင်ဘက်ကျော်လွန်ပြီးမှ စာဖတ်သူဘက်က တစ်မျိုးတမည် လွဲချော်အတွေးကောက်မိသွားနိုင်ပါတယ်။ မိမိစာသည် ဝေဖန်ရေးလုပ်သည်(သို့မဟုတ်) အတင်းအဖျင်းရေးသည့်စာ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

စာရေးခြင်းဟူသည်ကား တစ်ကယ်တော့ စိတ်ထဲရှိသလောက် ထင်သလို ရေးချဖို့လွယ်ကူလှသည်မဟုတ်ပါ။ သို့သော် စာရေးသမားတိုင်းမှာ တူညီတဲ့အိုင်ဒီယာ တစ်ခုစီရှိကြပါတယ်။ အဲဒါ ... ပါတ်ဝန်းကျင်ကို မျက်စိဖွင့်၊ နားစွင့်ထားကြခြင်းပင်။ လူသာမာန်တို့မမြင်နိုင်တဲ့ ကိစ္စအကြောင်းအရာတွေကို မြင်နိုင်တွေ့နိုင်ခြင်း၊ စူးရှထက်မြတ်တဲ့ အမြင်ရှိခြင်း၊ သဘာဝတရားကို ရှုမြင်တတ်ခြင်းစတဲ့အချက်တွေပါပဲ။ ကိုယ့်ရဲ့ ရှုထောင့်အမြင်ကလည်း ကြည်လင်ပြတ်သားဖို့ လိုပါသေးတယ်။ အဲဒီအခါမှာ ပါတ်ဝန်းကျင်က အလျဉ်းသင့်ရာ အကြောင်းအရာလေးတွေကို သူသူကိုယ်ကိုယ် မှီငြမ်းကိုးကား ဖော်ထုတ်ရေးသားတတ်ကြပါတယ်။

စာရေးရင်းက တချို့လက်လွန်ပြီး အရှိန်မထိန်းနိုင်ဘဲ ဖြစ်ရတာမျိုးတွေလည်းရှိကြပါတယ်။ တချို့က လေးလေးပင်ပင်ရှိတဲ့ သုစာမျိုးတွေရေးသလို တချို့က ပေါ့ပေါ့ပါးပါးအရေးအဖွဲ့များနှင့် သူ့အတွေး သူ့အမြင်များကို စာဖတ်ပရိတ်သတ်ထံ ချပြတတ်ကြသည်။ စိတ်မကောင်းစရာတွေကတော့ စာရေးသမားအချင်းချင်း ဖော်ကောင်လုပ်ကြခြင်း၊ အပုပ်ချပြစ်တင်၍ ဝေဖန်ကဲ့ရဲ့ကြခြင်းပင်။ လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး (သို့မဟုတ်) တစ်ဖက်နှင့်တစ်ဖက် အုပ်စုတွေဖွဲ့ကာ စာပေလောကကြီးထဲမှာ သူ့ထက်ငါ အပြိုင်အဆိုင် လုပ်နေကြခြင်းဖြစ်သည်။ ကောင်းသောပြိုင်ဆိုင်မှုမျိုးကိုမူ အားပေးထောက်ခံပါတယ်။ သို့သော် တချို့ကမူ စာဖတ်ပရိတ်သတ်အတွက် အကျိုးမရှိ စာပေအဆိပ်အတောက်ဖြစ်စေသော စာများကို အတ္တစောင်တွေခြုံလွှမ်းပြီး အားမနာတမ်းရေးသားနေကြလေ၏။ အမည်ခံတော့ စာရေးဆရာပါပဲ။ လူအကြောင်းပေါင်းကြည့်မှသိ၊ စာရေးသူအကြောင်း သူ့၏စာဖတ်ကြည့်ကသိ နိုင်ပေသည်။

စာရေးသင်စ လူငယ်မောင်မယ်များအနေနှင့် တစ်ခါတစ်ရံ မိမိရေးလိုက်တဲ့စာဟာ သွေးရိုးသားရိုး ရေးလိုက်တာမှန်ပေမယ့် တစ်ဖက်သားအတွက် ထိခိုက်နစ်နာစရာ စကားလုံးတွေက မလွတ်မကင်း ပါလာတတ်ပါတယ်။ တချို့ စာစရေးတဲ့အခါမှာ လက်တွန့်ကြတာတွေရှိပါတယ်။ါရေးလိုက်တဲ့စာဟာ သူများရေးပြီးသားစာ၊ ရေးထားတဲ့ အကြောင်းအရာတွေနဲ့များ တူနေရင် အခက်ပဲ လို့ တွေးမိပြီး ရေးလက်စနဲ့ လတ်စမသတ် မရေးနိုင်တော့တာတွေ၊ ဆက်ပြီးမရေးဖြစ်တော့တာတွေ ဖြစ်တတ်ကြပါတယ်။ မိမိတို့လို ကျွမ်းကျင်လို့ မဟုတ်ပဲ ဝါသနာအရ စာရေးနေသူများအတွက် ပိုလို့ပင် ဆိုးပါသေးတယ်။

ဒီကိစ္စနဲ့ ပါတ်သတ်လို့ အမြင် ရှင်းရှင်းလေးနဲ့ပဲ တွေးကြည့်ပါတယ်။ ကျွန်တော်တို့တွေဟာ မြန်မာလူမျိုးတွေပါ။ မြန်မာစကားကို ကြီးပြင်းလာရာ ဘဝတစ်လျှောက် သင်ယူရင်းတတ်မြောက်လာခဲ့ကြတဲ့အလျောက် စာရေးတဲ့အခါမှာလည်း မြန်မာဘာသာနဲ့ စာကိုပဲ အဓိကရွေးချယ်ပြီးတော့ ရေးလေ့ရှိပါတယ်။ (ခြွင်းချက် အင်္ဂလိပ်ကျွမ်းကျင်လို့ ရေးသူများမှအပပေါ့) မြန်မာစာဆိုတဲ့ ပင်မရေစီးကြောင်းကြီးထဲမှာ ကျွန်တော်တို့ဟာ စီးမျှောရင်း မြန်မာစာပေတွေကိုပဲ ရေးသားနေကြတာပါ။ တစ်ခါမဟုတ်တစ်ခါတော့ စာတွေဟာ သူတစ်ပါးရေးပြီးသား စာပါအကြောင်းအရာများနဲ့ တိုက်ဆိုင်ကောင်း တိုက်ဆိုင်သွားနိုင်ပါတယ်။ (အားလုံးတိုက်ဆိုင်သည်ဟုမဆိုလိုပါ) ဟိုးရှေးအစဉ်အဆက် ကတည်းကရေးသားလာတဲ့ မြန်မာစာဟာ ခေတ်ကာလအပေါ်မူတည်ပြီး အရေးအသားမူဟန်များ ပြောင်းလဲမှု ရှိကောင်းရှိသော်ငြားလည်းပဲ မည်သူမှ မြန်မာစာကို ပြောင်းပြန်လုပ်ရေးလို့ ရရိုးမရှိပါ။ ဆိုလိုချင်တာက မြန်မာစာကို ရေးနေတဲ့အတွက် တူမှာကြောက်ပြီး စတန့်ထွင်စရာမလိုပါဘူး။ မူပိုင်ခွင့် မရှိတဲ့အတွက် ကိုယ့်အတွေး၊ ကိုယ့်စိတ်ကူးထဲကအတိုင်း အဆင်ပြေသလိုရေးချရမှာပဲ။ စာစရေးသူတွေအတွက် ဒီကိစ္စဟာ ကြီးမားတဲ့ အဟန့်အတား အနှောက်အယှက်ကြီးသဖွယ်ဖြစ်နေလို့ ပြောတာပါ။ အကယ်၍ မိမိရေးသားလိုက်တဲ့ စာအနည်းငယ်ဟာ သူတစ်ပါးရေးပြီးသား အကြောင်းအရာနဲ့ တူသွားရင်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုထားပေးဖို့၊ သဘောထားကြီးပေးဖို့ လိုအပ်ပါတယ်။ သူတစ်ပါးရေးပြီးသားစာကို အတုခိုးချပြီးရေးဖို့၊ ဖြတ်ညှပ်ကတ်လုပ်ပြီး ရောသမမွှေရေးဖို့ အားပေးနေတာမဟုတ်ပါဘူး။ အကယ်၍ သူတစ်ပါးရေးပြီးသား စာထဲက စာအုပ်ထဲက တိုက်ရိုက်ကူးချ၊ (သို့မဟုတ်) သွယ်ဝိုက်ခိုးချပြီး ရေးသားခဲ့ရင်တောင်မှ အဲသည့်စာရေးတဲ့သူဟာ နောက်ဆုံး သူ့လိပ်ပြာသူ မသန့်ဖြစ်နေမှာပဲ။

စာခိုးချ၊ ကူးချခြင်းသည် မှီငြမ်းကိုးကားခြင်းနှင့်မတူပါ။ မှီငြမ်းကိုးကားသူကား သူမည်သည့်နေရာ မည်သည့်စာရေးသူ၏ စာကို ကူးယူမှီငြမ်းထားကြောင်း တစ်ပါတည်း ဖော်ပြရေးသားလေ့ရှိပါတယ်။ ထိုစာမူပိုင်ရှင်ရဲ့ ခွင့်ပြုချက်ကိုလည်း တောင်းခံယူရလေ့ရှိပါတယ်။ စာရေးသမားများအနေနဲ့ ကိုယ်တွေးမိတာ၊ စိတ်ကူးမိတာတွေကို အရှိကိုအရှိအတိုင်း ရေးချမှသာ မိမိရဲ့ ပင်ကိုယ်စာအရေးအဖွဲ့မျိုး ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်။ ဒါမှမဟုတ် နာမည်ရ ကလောင်၊ မိမိနှစ်သက်သဘောကျရာ ကလောင်များ၏ ရေးနည်းရေဟန်အတိုင်း လိုက်ရေးရင်လည်း အဆင်ပြေလာနိုင်စရာအကြောင်းရှိပါတယ်။ ကလောင်တစ်ချောင်း ထည်ထည်ဝါဝါ ဖြစ်လာဖို့အတွက် လူကြိုက်များသော၊ ထင်ရှားတဲ့ နည်မည်ရစာရေးစရာများရဲ့ ရေးနည်းရေးဟန်များကို လေ့လာမှီငြမ်း ရေးသားဖို့ကိုလည်း ဝါရင့် သမ္ဘာရင့် စာရေးဆရာကြီးများက လိုလိုလားလား တိုက်တွန်းအားပေးစကားများလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် အရှိကို အရှိအတိုင်းသာ ရေးဖို့ကိုပဲ လိုပါတယ်။ လွတ်လပ်တဲ့ အတွေးအခေါ်များကိုမွေးမြူပြီး ကျဉ်းမြောင်းတဲ့ အတွေးအခေါ်တွေကို ဖောက်ထုတ်ထားနိုင်ပါမှ စာရေးကောင်းသူတစ်ယောက် ဧကံမုချ ဖြစ်လာနိုင်စရာ အကြောင်း ရှိပါတယ်။

စာစရေးသားသူ လူငယ်များအနေနဲ့ တစ်ခါတစ်လေ ကိုယ်ရေးချင်တာကိုပဲသိပြီး မိုက်ရူးရူးရေးချင်တဲ့ အတွေးစိတ်တွေ ဝင်လာတော့ ဘာဖြစ်ဖြစ် ဇွတ်တရွတ်ရေးသားတတ်ကြပါတယ်။ မိမိကိုယ်တိုင်လည်း တစ်ခါတစ်လေရေးဖြစ်တာပါပဲ။ အရွယ်ရဲ့ မရင့်ကျက်သေးမှုကြောင့်ပဲလို့ ကိုယ့်ကိုယ်ကိုယ်မြင်ပါတယ်။ သို့သော် ပါတ်ဝန်းကျင်က တချို့ အဖြစ်အပျက်တွေဟာ ကိုယ်မှ ချပြရေးမချရရင် မဖြစ်တော့လောက်အောင် လူမသိသူမသိဟာမျိုးတွေကျတော့ ရေးကိုရေးရမယ်လို့ ယူဆမိပါတယ်။ မျက်စိရှေ့မှာ၊ နားကြားရာမှာ ဖြစ်သွားလိုက်တဲ့ ကမောက်ကမ အဖြစ်အပျက်အကြောင်းအရာ ကိစ္စတွေဟာ စာရေးသူတွေအတွက်တော့ စိတ်ကြိုက်ရေးလိုက်ချင်စရာတွေချည်းပါပဲ။

သည်စာကိုရေးသားနေတဲ့ မိမိဟာလည်း ဘာမှမဟုတ်သေးတဲ့ ကလောင်ပေါက်စကွေးလေးပါ။ စာရေးတဲ့အခါမှာတော့ ငါဟာ သူတို့လောက်မတတ်ဘူး၊ မသိသေးဘူး၊ အထင်သေးခံရမှာပဲ.. တစ်ခုခု မှားလို့က အဝေဖန်ခံရမှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်တွေးပူပြီး အလိုလို အားနည်သိမ်ငယ်လာမှုတွေကို အတတ်နိုင်ဆုံး ဖြေဖျောက်ပြီး ရေးသားလေ့ရှိပါတယ်။ အဓိကက သဘာဝကျတဲ့ အရေးအသားဖြစ်ဖို့ လိုတာပဲ လို့မြင်တယ်။ ရိုးသားမှုရှိဖို့က အဓိကပါ။ သည်လိုရေးသားရင်းက တစ်ခါတစ်လေ စာတွေဟာ ဝေဖန်ရေးစာ(သို့မဟုတ်) အတွေးအမြင်စာစုများဖြစ်သွားတတ်တတ်တာကိုလည်း သတိပြုကာ ပြန်လည်၍ တွေးတွေးဆဆနဲ့ ဆင်ခြင်မိပြန်ပါတယ်။

စာသမားလောကမှာ အလွန်အင်မတန် ဆူးပေါထူပြောတဲ့ စာပေမျိုးကို စာသမားတိုင်းမရေးချင်ကြ၊ ဘဝဝမ်းရေးအတွက်၊ မိသားစုအရေးအတွက် အသက်မွေးဝမ်းကျောင်းနေကြသူများ ဆိုရင် ကိုယ်ကျိုးငဲ့ပြီး တမင်တကာ ရှောင်တတ်ကြပါတယ်။ ဒါလည်း သူတို့ရဲ့ အပြစ်မဟုတ်ပါဘူး။ တချို့ကျတော့ ကလောင်ခွဲအမျိုးမျိုးနဲ့ ဆော်စာ၊ ကလော်စာများရေးသားရင်း လူရှေ့သူရှေ့ ထွက်မပြရဲလောက်အောင် ဘဝတုံးကြရပါတယ်။ ဆင်ခြင်ကြဖို့ပဲကောင်းပါတယ်။ အမှန်တရားကို များများရေးပြတတ်ရင်လည်း ကောင်းတော့ ကောင်းပေမယ့် ကိုယ်သာ လူမုန်းခံရကိန်းရှိလေ၏။ အမှန်တရားတွေကို မျက်ကွယ်ပြု ကျောခိုင်းပြီး တမင်ကလာ လွတ်အောင် ရှောင်ကွင်းရေးသားပြန်တော့လည်း ဆားမပါတဲ့ဟင်းကို စားရသလိုပဲ ပေါ့ရွှတ်ရွှတ်နိုင်လှတော့တယ်။ စာရေးတဲ့ဘဝဟာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ လူတိုင်းသာ မမှန်မမှားတဲ့ အမှန်တရားများတွေကို သဘာဝကျကျ ရေးသားကြ၊ စာဖတ်သူတွေအားလုံးက လက်ခံနိုင်ကြမည်ဆိုလျှင် ...။


မေတ္တာဖြင့်
စံလင်းထွန်း


photo copy from google image.

Saturday, February 6, 2010

ဒဏ်ရာတွေရဲ့ ဆရာဝန်



ဒဏ်ရာတွေရဲ့ ဆရာဝန်

အခါခါရခဲ့တဲ့ ဒဏ်ရာတွေကြောင့်
အရှုံးများစွာနဲ့ နှလုံးသားမှာ
အဖာတစ်ရာမကအောင် ကုစားခဲ့ရပြီးပါပြီ ...။

ဒဏ်ရာဗလပွနဲ့ နှလုံးသားအတွက်
ကြံရာမရအောင်လည်း ဖြစ်ခဲ့ရတယ် ...။

သည်ဒဏ်ရာတွေ
အင်္သချေရခဲ့ဘူးတဲ့ နှလုံးသားဟာ
ကမ္ဘာမြေအတွက် ဘာတွေထပ်ပေးဆပ်နိုင်ဦးမှာလဲလို့
တစ်ခါတစ်လေမှာ ရင်နာနာနဲ့
မစာမနာ တွေးခဲ့ဘူးတယ် ...။

ဘဝပေး အခြေအနေအရ တစ်စတစ်စနဲ့
ကံကြမ္မာကြောင့် လမ်းစပျောက်ရင်း
ဝင်္ကမ္ဘာနောက်ကို တကောက်ကောက်လိုက်ခဲ့မိတာ
ရည်မှန်းချက်တွေနဲ့ အလှမ်းဝေးသထက် ဝေးသွားလို့
ဆယ်ကမ္ဘာစာလောက် ခြားသွားသလားပဲ ...။

အကြင်နာ ...ပျောက်တဲ့လမ်း ...
စေတနာ ...မပေါက်တဲ့လမ်း ...
ဝေဒနာ ...အပြည့်နဲ့ ဖောက်ထားတဲ့လမ်းတွေပေါ်မှာ
ကျွန်တော်ဟာ ...
အချိန်အတော်ကြာအောင် လျှောက်ခဲ့ရဘူးတယ် ...။

သည်လမ်းတွေပေါ်မှာ ...
အလွမ်းတွေနဲ့ အသဲတွေ ကွဲအက်ခဲ့ဘူးတယ် ...။

စခန်းတွေဆောက် ဘဝတက်လမ်းတွေဖောက်ခဲ့ပေမယ့်
စံချိန်မရောက်တဲ့ လမ်းတွေဟာ
အကြိမ်ကြိမ် ပျောက်ပျက်ခဲ့ရတယ် ...။

သကာတွေလို မချိုမြိန်တဲ့ ဘဝခါးခါးကို
ရင်မှာတအားနာကျည်းခဲ့မိလို့
တစ်ချိန်ချိန်မှာ စိုပြေလာဖို့လည်း ကြိုးစားခဲ့ဘူးတယ် ...။

လောကရဲ့ မေတ္တာ သစ္စာတရားကို
ရှာဖွေခဲ့ပေမယ့် ...
အပြစ်အနာအဆာတွေနဲ့ပဲ

တဲ့တဲ့တိုးခဲ့ရလို့ စိတ်ကူးယဉ်တိမ်တိုက်တွေ
အကြိမ်ကြိမ် ရိုက်ချိုးခံရ ကျိုးပျက်ခဲ့ရဘူးတယ် ...။

ဒဏ်ရာတွေနဲ့ ကြံရာမရတဲ့
ဘဝလမ်းစပျောက်စဉ် ...

သန်းခေါင်ယံညအလွမ်းညများမှာ ...
တစ်ကိုယ်ရေတစ်ကာယနေထိုင်လာခဲ့ရင်း ...
တဖြည်းဖြည်း ကြေမွလာတဲ့ နှလုံးသားအတွက်
ကဗျာတွေ အခါခါ ခြွေချလာတတ်ပြီလေ ...။

တစ်ခါတစ်လေတော့လည်း
ကဗျာတွေဟာ ...
နှလုံးသားရဲ့ အကောင်းဆုံး ဆရာဝန်တွေပါပဲ ...။

စံလင်းထွန်း

Hip Hop (သို့မဟုတ်) ရေစီးကြောင်းထဲက ဂီတလောက


တစ်နေ့က ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် ရင်းနှီးသူတစ်ယောက်က မိဘမေတ္တာကို ရည်ညွှန်းဖွဲ့ဆိုထားတဲ့ selection သီးချင်းတွေကို လာပေးတယ်။ ဘာအကြောင်းတွေရေးထားလဲလို့ ကျွန်တော်ကမေးမိတော့ နားထောင်ကြည့်ပါ ... ကောင်းတယ် တဲ့။ နားထောင်ဖြစ်အောင် နားထောင်ဖို့လည်း သူက အခါခါတိုက်တွန်း နေပြန်ပါသေးတယ်။ ဒါနဲ့ အလုပ်နားတုန်း သူပေးထားတဲ့သီချင်းတွေကို ကွန်ပျူတာထဲထည့်ပြီး mp3 player ထဲတစ်ဆင့်ထပ်ကူးပြီးမှ အေးအေးဆေးဆေး နားထောင်ကြည့်မိလိုက်တယ်။

အဲဒီ့သီချင်းတွေက ကျွန်တော့်ရင်ထဲကို တည့်တည့်မတ်မတ်ကြီးကိုပဲ ပြေးဝင်သွားလေသလား အောင့်မေ့ရတယ် ...။ ကောင်းလွန်းလို့ တစ်ပုဒ်ချင်းစီကိုတောင် အသေအချာ ခံစားကြည့်မိတယ်။ လူငယ် Hip Hop သမားများရဲ့ အဖေ့ မေတ္တာအကြောင်း၊ အမေ့မေတ္တာအကြောင်းတွေကို ဖော်ညွှန်းရေးဖွဲ့ပြီး သီဆိုထားခဲ့တဲ့ Hip Hop သီးချင်းကောင်းတွေပါ။ အချို့သီးချင်းတွေက ကြားဖူးခဲ့တာတော့ကြာပြီ။ အချို့ကတော့ အခုမှ နားထောင်မိတာ။

ရဲလေးရဲ့ ထိပ်ဆုံးမှာအမေနဲ့ အိမ်ဆိုတဲ့သီချင်း၊ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အမေအကြောင်းအဖေအကြောင်း သီချင်း(၃)ပုဒ်၊ Black Hole အဖွဲ့ရဲ့ Hip Hop အဖေ၊ ကြက်ဖရဲ့ တစ်ကိုယ်တော်ခံစားမှု အဖေသီချင်း၊ ဗျောက်အိုးအဖွဲ့ရဲ့ အမေသီချင်း၊ တချို့သီချင်းတွေ ကြမ်းတမ်းခဲ့သလောက် အမေသီချင်းကျတော့ အရမ်းကောင်းခဲ့တဲ့ ဂျောက်ဂျက်ရဲ့ အမေအကြောင်း မုဒ်အပြည့်နဲ့သီချင်း၊ နန်းစုရတီစိုးရဲ့ မိုးမမြင်လေမမြင်တေးစီးရီးထဲက အမေသီချင်း၊ 9 mm ထဲက မိဘမေတ္တာတရားကို တောင့်တမှုသီချင်း၊ ဖြိုးလေးရဲ့ ဟစ်ဟော့(ဖ်)လူသား သီချင်း၊ အားလုံးပေါင်း (၁၂)ပုဒ်ပါတယ်။ (နောက်မှပဲ သီချင်းတစ်ပုဒ်ချင်းစီက ကျွန်တော်ကြိုက်တဲ့ စာပိုဒ်၊ စာသား၊ တီးလုံးတွေကို ပြန်ခံစားပြီး ရေးပြပါဦးမယ်) ထွက်ခဲ့တာကတော့ အတူတူ မဟုတ်ပါဘူး။ အင်တာနက်ပေါ်က သီချင်းတင်တဲ့ဆိုဒ်ထဲမှာ တစ်ယောက်ယောက်က ရှာရှာဖွေဖွေ စုစည်းတင်ပေးထားပုံရတယ်။ ထွက်ခဲ့သမျှ Hip Hop တေးစီးရီးထဲမှာ ကျွန်တော့်အကြိုက်ဆုံးကိုပြောပြပါဆိုရင် အခုလို ရောသမမွှေပေါင်းစုထားတဲ့ selection သီချင်းမျိုးတွေကို အကြိုက်ဆုံးပဲ။

ဒီသီချင်းတွေ နားထောင်နေရင်း စာရေးစရာအကြောင်းအရာတွေက ခေါင်းထဲမှာ ပေါ်လာတယ်။ ရေးမယ် ရေးမယ်နဲ့ တော်တော်နဲ့ မရေးဖြစ်ခဲ့တဲ့ Hip Hop အကြောင်းဟာ အခုမှပဲ စရေးဖြစ်တော့မယ်ထင်ပါတယ် ...။ Hip Hop ဂီတဟာ ခေတဲ့အရာမဟုတ်ဘူးဆိုတာ သက်သေပြ မှတ်တိုင်ထူခဲ့တဲ့ သီချင်းမျာဟု ကျွန်တော့်အတွေးထဲမှာ ခပ်တိုးတိုးပဲ မှတ်ချက်တွေပေးနေမိတယ် ...။ ဒါက ကျွန်တော့်ရဲ့အမြင်ပါ။ Hip Hop ဆိုတာ အနောက်နိုင်ငံက ကပ္ပလီလူမျိုးတွေရဲ့ ဂီတတစ်ခုမို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တယ်ဟုတစ်မျိုး၊ အရူးထ မြူးကြွနေတဲ့ ဂီတမဟုတ်တဲ့ ပေါက်ကရ အော်ဆိုနေသော သီချင်းများဖြစ်သည်ဟု တစ်မျိုး၊ ရေဗွက်တစ်ခုလို၊ ကောက်ရိုးမီးလို ဖျတ်ကနဲဟုန်းကနဲထပြီးမှ ပြန်ငြိမ်သွားတတတ်တဲ့ ရသမမြောက် တာရှည်မတည်မြဲနိုင်သော သီချင်းများဟုလည်းကောင်း၊ ခေတ်ရေစီးကြောင်းဆိုတာကြီးကို အကြောင်းပြပြီး လုပ်ချင်ရာ လုပ်တယ်ဟူ၍လည်းကောင်း၊ ယဉ်ကျေးမှုကို ဖျက်ဆီးမဲ့ တေးသီချင်းများဟုလည်းကောင်း အမျိုးမျိုးဝေဖန်ရှုတ်ချ ကဲ့ရဲ့ပြီး ဆန့်ကျင်ခဲ့တာတွေ ဒုနဲ့ဒေးရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ Hip Hopဆိုတာ ဂီတမဟုတ်ဘူးလို့ ဂီတသများများက ဝေဖန်ကဲ့ရဲ့ကြခြင်းပင်။ Hip Hop နဲ့ပါတ်သတ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်လေးတွေ ပြန်အမှတ်ရနေမိလို့ ထည့်ရေးချင်ပါသေးတယ်။

ရန်ကုန် သင်္ကြန်တစ်ခုမှာ နာမည်ကြီး ရောခ့်တေးဂီတ အဖွဲ့တစ်ခုရဲ့ ဖျော်ဖြေရေး စတိတ်ခုံရှေ့ မူးမူးနဲ့ ဝင်ကခဲ့တုန်းကပေါ့။ ဒီဝိုင်းထဲမှာ Rapper တွေပါသလား ... Rocker တွေသီချင်းဆိုနေတာပါ ... Rapper တွေပါရင် ဘေးထွက်နေလိုက်နော့ လို့ Rap ဂီတကို လှောင်သလို၊ ပြောင်သလို၊ နှိမ့်ချသလိုမျိုးနဲ့ ပရိတ်သတ်အားပေးမှုကို အခွင့်ကောင်းယူပြီး စင်ပေါ်က Rocker တစ်ဦး အော်ပြောခဲ့ဘူးတာ ကိုယ်တိုင်ကြုံခဲ့ရဘူးတယ်။ တချို့ပရိတ်သတ်တွေတော့ အောက်ကနေပြန်ပြီး အော်ဆဲနေပုံရတယ်။ ကယကံရှင် ထိခိုက်မှာစိုးလို့ ဘယ်သူဘယ်ဝါဆိုတာ ထည့်မရေးတော့ပါဘူး။ ကျွန်တော်က Rapper လည်းမဟုတ်ပါဘူး။ Rocker လည်းမလုပ်တတ်ပါဘူး။ ဂီတမှန်ရင် ဘာမဆိုအားပေးနေမှာပဲ။ နောက်ထပ်ဘာဂီတ အမျိုးအစားတွေပဲ ထပ်၍ပေါ်လာခဲ့သည်ဖြစ်စေဦးတော့ ဂီတကိုခံစားတတ်တဲ့ နှလုံးသားရှိနေတဲ့အတွက် ဆက်ပြီးအားပေးနေရဦးမှာလို့ ရိုးရိုးပဲ တွေးမိပါတယ်။ ကိုယ်တိုင်သဘောပေါက်လို့ ရင်နဲ့လည်းစာနာ နားလည်ထားလိုက်မိတယ်...။

Hip Hop နဲ့ပါတ်သတ်လို့ ငယ်ငယ်တုန်းက ကလေးလူကြီးပါမကျန် အကုန်သိတဲ့ Acid သီချင်းနဲ့ စတင်ရင်းနှီးခဲ့ရဘူးပါတယ် ...။ အသက်(၁၅)နှစ်အရွယ်လောက်မှာ ကျွန်တော်ကိုယ်တိုင် ဂစ်တာတီးတတ်လာတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖေဖော်ဝါရီမှတ်တမ်း သီချင်းကို စဆိုဖြစ်တာကအစ Hip Hop စာသားတွေရဲ့ ကာရံနဘေကျနမှု၊ အလင်္ကာမြောက်မှု၊ ထိထိရှရှစကားလုံးတွေကို ရင်ထဲမှာ တိတ်တခိုး လေးစားအားကျလာမိခဲ့ဘူးတယ်။ ကောင်းတယ်လို့တော့ အသိအမှတ် မပြုခဲ့မိဘူး။

တစ်ခါက ကွန်ပျူတာဖွင့်ရင်း ဗျောက်အိုးရဲ့ အမေသီချင်းကို နားထောင်နေတုန်း နဘေးနားက ထိုင်နေတဲ့ အဖွားအိုနှစ်ဦးက မင်းဖွင့်ထားတဲ့ သီချင်းကောင်းတယ် ဟုထောပနာပြု ချီးကျူးတာခံရဘူးတယ်။ သူတို့ကတောင် လိုက်ဆိုနေလိုက်သေးတယ်။ ဘာတဲ့ အမေ ... အားလုံးအတွက်ရင်ဆိုင်တဲ့အမေ ... သားသမီးများ ခိုလှုံခွင့်ပေး ... ရေလိုကြည်လင် စိမ့်စမ်းအေးတစ်ခုလိုပဲ ...။ ကျွန်တော့်မှာ ရီရသေးတယ်။ တစ်ခါတစ်လေကျတော့ ဆိုဟန်မှာ ငိုသံပါရောပါလာတတ်သေးတဲ့ Hip Hop သီချင်းတွေ နားထောင်မိရင်း ကိုယ်တိုင် မျက်ရည်တောင်ကျမိတယ် ...။ အမှတ်အတိုင်း ဝန်ခံတာပါ။ ကျွန်တော့်ကိုယ်က စိတ်နုနယ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် တချို့လည်း ဒီလိုပဲခံစားရတယ်လို့ ပြောကြလေတယ်။ လက်ရာမြောက်တဲ့ အနုပညာ ဖန်တီးချက်တိုင်းဟာ ရင်ကို အမှန်တစ်ကယ်ပဲ ထိရှစေတာပါလားဆိုတာ သဘောက်ပေါက် နားလည်မိလိုက်ပါတယ်။

တစ်ခုတော့ရှိတယ်။ လူသိများတဲ့ ဂျောက်ဂျက်လို သီချင်းမျိုးတွေကိုတော့ မဝေဖန်ရဲပါဘူး။ ကြိုက်တယ်လို့လည်း မပြောဝံ့ပါဘူး။ သို့သော် မကြာခဏတော့ နားထောင်နေမိတာ ဝန်ခံရမှာပဲ...။ ယနေ့ ခေတ်လူငယ် အများစုရဲ့လက်ကိုင်ဖုန်း၊ အိမ်ဆောင် mp3 player တွေထဲမှာ ဒီလိုသီချင်းမျိုးတွေ နေရာယူလာတာကိုတော့ အတော်ပဲ အံ့သြမိတယ်။ ဂျောက်ဂျက်ထက်ကြမ်းတဲ့ သီချင်းတွေလည်း Hip Hop လောကမှာ ရိုက်သတ်လို့ မကုန်နိုင်အောင် ပေါ်ထွက်ခဲ့ပါသေးတယ်။ ဂျောက်ဂျက်ဆိုတာလောက်တော့ သူတို့နဲ့ယဉ်လိုက်ရင် ပါမွှားလေးဖြစ်သွားပြီ။ ယုတ်အစွဆုံး လိဒ်ပိုင်းဆိုင်ရာနဲ့ ပါတ်သတ်ပြီး ညစ်ညစ်ညမ်းညမ်းအော်ဟစ်ဆိုထားတဲ့ တရားမဝင်တေးသီးချင်းတွေပါ။ ဒီကိစ္စနဲ့ပါတ်သတ်လို့တော့ ကျွန်တော်လည်း ဘာမှမပြောတတ်။ မဝေဖန်တတ်တော့လောက်အောင်ပါပဲ။ ရှုထောင့်အမျိုးမျိုးနဲ့ တွေးကြည့်၊ သုံးသပ်ကြည့်မိပါတယ်။ ပြောရတော့ခက်ခက်ပဲ။ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာဦးမလဲဆိုတာကိုသာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေမိတယ်။

နောက်ပိုင်းမှာ Hip Hop ဂီတရဲ့ ဆန်းသစ်တီထွင်မှုတွေဟာ အံမခန်းလောက်အောင်ကို လက်ရာမြောက်ပီပြင်လာခဲ့ပါတယ်။ အပြိုင်အဆိုင်တေးစီးရီးတွေလည်း အသီးသီးထွက်ပေါ်လာခဲ့ကြတယ်။ ဒီရေလှိုင်းတက်သလို Hip Hop လှိုင်းလုံးတွေက မြန်မာပြည်ထဲသို့ တရွေ့ရွေ့ဝင်ရောက်ရိုက်ခတ်သွားလိုက်တာ နေရာအနှံ့ပြန့်ကျဲသွားတဲ့အထိအောင်ပါပဲ။ ကလေးလူကြီးပါမကျန်အောင် အကုန်လုံးသိသွားကြတယ်။ ပြန့်ကျဲသွားတဲ့ သောင်ပြင်ပေါ်က Hip Hop ရေလှိုင်းတွေကို လိုက်လံရှင်းလင်းဖို့ရာ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်နေတာတော့ အသေအချာပါပဲ။ နိုင်ငံတကာမှာရော၊ မြန်မာပြည်မှာရော Hip Hop ဂီတရေစီးကြောင်းဟာ ခရီးတစ်ခုထိ ပေါက်ရောက်နေပါပြီ။ တစ်ချိန်က ဟစ်ဟော့ဖ်ဟာ ရေပွက်တစ်ခုပမာ ...ခုတော့ မရေမတွက်နိုင်အောင် ဒီရေတွေတက်သလို လှိုင်းဂယက်တွေ ထခဲ့ပါပြီ။

Hip Hop ဂီတနဲ့ ပါတ်သတ်လို့ပဲဖြစ်ဖြစ်၊ အနုပညာသမားတိုင်းကို လေးလေးစားစားနဲ့ အကြံပြုချင်တာလေး တစ်ခုတော့ရှိပါတယ်။ ခေတ်ရေစီးကြောင်းထဲလိုက်တဲ့သူပဲဖြစ်ဖြစ်၊ ခေတ်နှောင်းခေတ်ကျန်ထဲမှာ ပျော်ပိုက်မွေ့လျော်နေသူပဲဖြစ်ဖြစ် ကိုယ်ဖန်တီးတဲ့အနုပညာဟာ လူတွေအတွက်၊ လောကအတွက် ကောင်းကျိုးပြု အကျိုးဖြစ်ထွန်းစေမယ့် အနုပညာဖန်တီးမှုတွေပဲ ဖြစ်လာစေချင်တဲ့ ဆန္ဒတစ်ခုတည်းပါပဲ ...။



စာဖတ်သူအား အစဉ်လေးစားလျက် ...
စံလင်းထွန်း



(မိမိစိတ်ခံစားချက် အတွေးအမြင်များပေါ် တည်းမှီပြီး စာဖတ်သူအတွက် အသိတစ်ခုရစေချင်သော စေတနာသန့်သန့်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ တစ်စုံတစ်ယောက်အား ထိခိုက်လိုသော မသိုးမသန့် စိတ်များဖြင့် ရေးသားခဲ့ခြင်းမဟုတ်ကြောင်း ကြိုတင်ဝန်ခံပါရစေ။ အကယ်၍ စာဖတ်သူအနေနှင့် အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှု ရှိခဲ့မည်ဆိုပါက မရင့်ကျက်သေးတဲ့ မိမိစာအရေးအသားတွေအတွက် သည်းခံ ခွင့်လွှတ် နားလည်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။)

photo copy from google image.