Friday, September 24, 2010

သခ င်္ါရ


သင်္ခါရ

အရာရာဟာမတည်မြဲဘူးဆိုပေမယ့်
မတည်မြဲခြင်းတရားကိုမှ ဖွေရှာနေကြသူတွေ
ဒီကမ္ဘာမှာအသင်္ချေ ...
ငါလည်းအခုထိ ရှာဖွေနေမိဆဲ ...
ဘာကြောင့်မတည်မြဲတာကိုမှ
တည်မြဲစွာတောင်းတနေမိတာလဲ ...

အမှန်တကယ်တော့ ....
သင်္ခါရတရားနောက်မှာ ...တို့တွေဟာ
တကောက်ကောက်နဲ့ တောက်လျှောက်လိုက်နေခဲ့သူတွေပါပဲ ...

ငါ့လက်ထဲမှာဖမ်းဆုပ်ထားတဲ့ သက်မဲ့ဒြပ်ရှိတဲ့အရာတွေကို
သတိနဲ့ငါပြန်ကြည့်မိတယ် ...
အရောင်တွေစုံတဲ့ကောင်းကင်ပေါ်က
ငါ့ကြယ်အိမ်မက်တွေကတော့ မပီဝိုးတဝါးရှိနေဆဲပါပဲ ...

ဘယ်အချိန်ဆိုတာငါမသိပေမယ့်
ငါ့သတိတွေက သင်္ခါရတရားများကို ကြိုကြည့်နေခဲ့သေးတယ် ...

သြော်...
သစ်ရွက်တွေတောင်မှ မြေမှာကြွေကျပြီးခကြရသေးတာပဲ ...
အချိန်တန်တော့ ငါတို့လည်း သေကြကြေကြရဦးမှာပါလား ...

ငါပိုင် ...ငါဆိုင် ...ငါပြိုင်တဲ့ အတ္တပွဲတွေတိုင်းမှာ
သူဟာ ...အရိပ်တကြည့်ကြည့်နဲ့စောင့်နေခဲ့တယ် ...

ဒါပေမယ့် ..သူဟာလူဆိုးလည်းမဟုတ်သလို
လူကောင်းလည်းမလုပ်ဘူး ...

တကယ်တော့ ...
သူဟာ ...အရာရာကို တရားမျှတစွာ အဆုံးစီရင်လေ့ရှိတဲ့
လောကရဲ့ တစ်ဦးတည်းသော တရားသူကြီးပါပဲ ...

စံလင်းထွန်း

Saturday, September 11, 2010

ပုထုဇဉ်အလွမ်း ...


ပုထုဇဉ်အလွမ်း ...

ရတာမလို လိုတာမရတဲ့ဘဝ
ဆန္ဒနဲ့ဘဝကလည်း တစ်ထပ်တည်းမကျ
မရတာကိုမှ အခါခါတမ်းတမိ
မေ့ချင်တာကိုကျ ဘယ်အခါမေ့မမှန်းသိပါရဲ့လည်း
ရင်ထဲမှာ တိုးတိုးတိတ်တိတ်ပဲ ဟန်ဆောင်ကြိတ်မှိတ်ကာမေ့ထားမိဆဲ ...။

နှလုံးသားကိုမှ ညာမိသူ
အရှုံးသမားလိုဘဝနဲ့ ကိုယ့်ဝေဒနာ ကိုယ်မသိသူပါ ...
အကွပ်မရှိတဲ့ကြမ်းဟာ ပရမ်းပတာတဲ့
အချစ်မရှိတဲ့ နှလုံးသားဟာတော့ ကြမ်းလာခဲ့သလိုပါပဲ

အဖြူရောင်ကိုမှ အမှောင်ဆိုးချင်ခဲ့သူ
အနှောင်အဖွဲ့တွေကိုမှ တမင်ရှောင်လွှဲချင်တဲ့သူ
ပူလောင်နေတဲ့ ဘဝထဲမှာလည်း
အနှောင်အဖွဲ့တွေနဲ့သာ နေခဲ့ရသူပါ ...။

တစ်စုံတစ်ခုကို ရှောင်လွှဲချင်ပေမယ့်
ကမ္ဘာကြီးဟာ သူ့အတွက်တော့ ကျဉ်းကျဉ်းလေး
လောကဓံတရားကို ရှောင်ခွာပြေးနေပေမယ့်
မလွတ်မြောက်နိုင်သေးတဲ့ သံသရာစက်ဝန်းမှာ
အနှောင်အဖွဲ့တွေနဲ့သာ ထပ်ခါတစ်လဲလဲကျဉ်လည်လာခဲ့ရင်းပေါ့ ...။

ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ သူ့ဘဝ
အချိန်တန်တာတောင် နပိန်ကန်တာမခံရသေး
ဒီလိုနဲ့ ဇိမ်ခံမဝသေးလို့
အိမ်ပြန်ဖို့အကြောင်းကလည်း ဖန်မလာပြန်သေးပါဘူး ...။

ရင်ထဲမှာတော့ ဆွေးဆွေးမြေ့မြေ့
အလွမ်းတွေကိုလည်း ကြူးကြူးရင့်ရင့်
အိမ်ကိုလွမ်းလို့ ကဗျာတိုတွေစပ်
အလွမ်းသီချင်းတွေကိုတောင် ဆိုနေတတ်ခဲ့ပြီ ...။

ဒီလိုနဲ့ ... လျော့ရဲရဲဘဝဆင်းရဲတွင်းမှာ
မလျှော့ဇွဲနဲ့ အားတင်းလာခဲ့ရင်း
အိမ်အလွမ်းသီချင်းတွေကိုလည်း ဆိုညည်းခဲ့ရင်း ...။

အရင်ကတစ်ပိုင်းတစ်စနဲ့ပဲ စပ်ထားခဲ့တဲ့ကဗျာကို ဒီကနေ့မှ အပြီးသတ်စပ်မိတယ်။ ဟိုတစ်ပြတ် ဒီတပြတ် ခံစားချက်တွေကို ချရေးထားတာမို့ ရှေ့နောက်တွေအစဉ်မကျခဲ့ရင်လည်း သီးခံပြီးဖတ်ပေးပါခင်ဗျာ။ ဒါ့အပြင် ကဗျာနဲ့တင် လွမ်းတာအားမရလို့ အိုးနင်းခွက်နင်းနဲ့ သီချင်းတစ်ပုဒ်လည်းထပ်ဆိုထားပါသေးတယ်။ အဆင်ပြေသလိုပဲ တယ်လီဖုန်းနဲ့ ရီကောဒ့်လုပ်ထားတာပါခင်ဗျာ။ နောက်က အဆိုတော် ပူစူးရဲ့မူရင်းအသံ နည်းနည်းလေးထပ်နေတယ်။ ဒီမှာ ဒေါင်းလုပ်ပြီးနားဆင်နိုင်ပါတယ်။

မေတ္တာဖြင့် ...