Sunday, March 28, 2010

အမေသို့တမ်းချင်းများ ...(၂)



အမေသို့တမ်းချင်းများ ...(၂)

အမေ ...
ဟိုတစ်နေ့က စားခဲ့ရတဲ့ ဟမ်ဘာကာ
ငယ်ငယ်က အမေဝယ်ကျွေးခဲ့တဲ့
ကြံသကာတွေလောက်မချိုမြိန်ဘူး ...။

အမေ ...
ဈေးကြီးပေးပြီး ဝယ်စားရတဲ့
ဒီနိုင်ငံလုပ်ကြက်သားကြော် (KFC) ရဲ့အရသာက
အမေ့ထမင်းကြော်လက်ရာလောက် သားရဲ့ခံတွင်းထဲ ဖောက်မဝင်ဘူး။

အမေ ...
morning time မှာ နံနက်စာ လဘ္ဘက်ရည်နဲ့ ကိတ်မုန့်က
ပဲပြုတ်ထမင်း ဆီနမ်းကြင်း
လက်ဖက်ခြောက်မွှေးမွှေးခပ်ထားတဲ့
ရေနွေးကြမ်းတွေလောက် မတောင့်တမိခဲ့ပါဘူး။

အမေ ...
နိုင်ငံခြားဖြစ် ဘီယာတွေသောက် ဗိုက်မှောက်အိပ်နေပေမယ့်
ရွာကထန်းတောကြားမှာ
ပင်ကျရည်သောက်ခဲ့ရတာလောက် မူးလို့မကောင်းဘူး။

အမေ ...
ညပိုင်း အလုပ်သိမ်းလို့နားချိန်မှာ
သူငယ်ချင်းတွေစုပြီး စပီကာတွေဘေးချ
အလွမ်းသီချင်းတွေ ဟစ်အော်ကြပေမယ့်
ဟိုတုန်းက နေညိုချိန်တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ
မယ်ဒလင်နဲ့ဆိုရင်း ဟဲရတာလောက် နဝင်မချိုမိပြန်ဘူး။

အမေ ...
အဲယားကွန်း(လ်)တွေတပ်ထားတဲ့ တိုက်ခန်းတွေထဲနေဘူးပေမယ့်
ရွာထိပ်ကညောင်ပင်ကြီးအောက်မှာထိုင်ရင်း
ခံစားခဲ့ရတဲ့အေးချမ်းမှုကို မမှီဘူး။

အမေ ...
မိုးမျှော်တိုက်ကြီးတွေအကြားက အလုပ်လုပ်နေရတဲ့ဘဝ
ရွာမှာလယ်ထွန်ရင်း ပျော်ရွှင်ခဲ့ရသလောက်ကိုမရှိပါဘူး။

အမေ ...
အလုပ်ရှင်သူဌေးအိမ်က ဇိမ်ခံကားကြီးစီးပြီး
အလုပ်ထဲသွားခဲ့ရပေမယ့်
အမေ့အိမ်က နွားလှည်းကြီးစီးပြီး
ယာတောထဲ သွားခဲ့ရတာလောက် ဖီလင်မပါဘူး။

အမေ ...
ဒီနိုင်ငံ ရိုးရာနှစ်ကူးပွဲတော်တွေက
ညရောင်စုံမီးတွေအကြား ခေတ်မှီမော်ကြွားနိုင်ပေမယ့်
အမေနဲ့ရွာမှာတုန်းက ရွာဦးဘုန်းကြီးကျောင်းမှာလုပ်တဲ့
ကထိန်ပွဲတော်ရောက်ခဲ့ဘူးတာလောက်
သားရဲ့ရင်ထဲမှာ မတင့်တယ်လှဘူး။

အမေ ...
သူများမိသားစုတွေ တစ်စုတစ်စည်းဝိုင်းဖွဲ့ရင်း ပျော်ပွဲတွေဆင်နွှဲနေကြချိန်မှာ
ရွာမှာတုန်းက ညနေခင်းတိုင်း သားတို့မိသားစုတတွေ
အိမ်ရှေ့ကွပ်ပျစ်ကြီးပေါ်မှာ စကားတွေဖောင်ဖွဲ့ရင်း
ပုံပြင်တွေမရိုးအီးရအောင် ပြောပြခဲ့ဘူးတဲ့
အမေ့စကားတွေကို အခုထိနားထဲမှာကြားယောင်နေမိရင်း
ရင်ထဲမှာ..ဘယ်လိုပင်မေ့လို့မရအောင်ရှိနေဆဲပါပဲလေ ...။

စံလင်းထွန်း

copy image location here

Saturday, March 27, 2010

ပြည်တော်ပြန် အိမ်မက်အလွမ်း


ပြည်တော်ပြန် အိမ်မက်အလွမ်း

ရေဆန်လေဆန် ဘဝလမ်းကြမ်းနဲ့
ပွေရတက်မအေးတဲ့ဘဝကို
တစ်ပြည်တစ်ရွာခြားမှာ စွန့်စားလိုသည် ...။

အဖေအမေကတား
မယားနဲ့သားက တအားငိုကြတယ်။

မသွားပါနဲ့ကွယ် သားရယ်တဖုံပြော
မယားမှာလည်း မျက်ရည်စုံရောလို့
သားကိုတာ့ ချော့မော့ကာပြောခဲ့ရတယ်
အဖေပြန်လာရင် .. သားဖြစ်ချင်တာဖြစ်ရစေမယ် ...။

အလွမ်းတွေကို ကြိတ်ကာမျိုသိပ်
သိုသိပ်စွာရင်မှာ မောဟိုက်လို့
ပြောလိုက်မိတဲ့စကားတွေက
မယားကိုအလှထား
သားကိုကျောင်းသွားစေပြီး
အမိအဘကို ထာဝရ ကျေးဇူးဆပ်ပါရစေ ...

သည်လိုနဲ့ ....
အဝေးတစ်နေရာ လွင့်ခဲ့ရရှာပေပေါ့ ....။

မယားကတော့ မျှော်နေရှာမည် ...
သားကတော့ လွမ်းလို့ငိုနေရှာမည် ...
အမိအဘကတော့ စိတ်မချ ဖြစ်နေရှာမည် ...

အမိနဲ့အဘ
မယားနဲ့သား
တစ်မြေခြားမှ
ချစ်သောဌာနီရေ ...
တစ်ပြည်ခြားတဲ့ တိုင်းတစ်ပါးမှာ
တစ်ခဏတာ ခွဲခွာနေရတဲ့ဘဝမို့
လွမ်းလို့ ရင်မှာ ဟာနေရင်း ...
ရှေ့ဆက်ကာ ...
မျှော်လင့်ချက်တွေပြည့်ဝလို့
အနာဂါတ်သာယာလှပလာဖို့ တစ်နေ့အတွက်
စောင့်မျှော်လျက်သာ နေပါတော့ ...။

စံလင်းထွန်း

(တိုင်းတပါးမှာ မိသားစုကို ခွဲခွာလာပြီး အလုပ်လုပ်နေကြသူများအတွက် ထပ်တူခံစားရေးဖွဲ့ပါသည်။ ၂၀၁၀ခုနှစ်၊ မတ်လထုတ် ရဲရင့်ဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။)

copy image location here

Friday, March 26, 2010

အဖေသို့တမ်းချင်း ...



အဖေသို့တမ်းချင်း ...

အဖေ ...
ဇရာထောင်းလို့ ခန္ဓာရုပ်ပြောင်းခဲ့ပြီနော် ...
ကံကြမ္မာသာ တစ်ချက်စောင်းငဲ့လိုက်ရင်
သားတို့ဘဝ အခုလို ပြောင်းလဲခဲ့ရမှာမဟုတ်ဘူး။

အခုတော့ ... အဖေဟာ ...
ပင်ပန်းကြီး ဆင်းရဲခဲ့ရပြီ ...
ငယ်ငယ်ကတော့ သားကို အဖေကပုခုံးပေါ်တင်ထမ်းခဲ့ဘူးတယ် ...။

သားကြီးလာတော့
အဖေ့ကို သားရဲ့ ပုခုံးပေါ်မှာ ပြန်ထမ်းချင်လာတယ် ...။

နေရာတကာမှာ
အဖေဟာ သားတို့ရဲ့ရှေ့ကနေ
မားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်။

မိသားစုဘဝကို သယာစိုပြေလာဖို့
အဖေဟာ ...
နေ့မအားညမနား ကြိုးစားခဲ့ရတယ်။

မြင့်မားတဲ့ဘဝတောင်တွေပေါ်
ကျော်လွှားဖြတ်သန်းရင်း အဖေဟာ ...
မောပမ်းနေလည်း ညိုးနွမ်းမနေတဲ့ မျက်နှာတွေနဲ့
သားကိုထမ်းလို့ တစ်တောင်တက်တစ်တောင်ဆင်းခဲ့ရတယ်။

အကွေ့အကောက်ဘဝတွေမှာ အဖေဟာ ...
မိသားစုဘဝတွေအတွက်
လမ်းအသစ်တွေဖောက်ကာ ဆက်လျှောက်လာခဲ့တယ်။

ဆူးကြုံနိမ့်မြင့်လောကဓံတရားကို
ကြံကြံခံရင်ဆိုင်တွန်းလှန်ရင်း
တစ်ခါတစ်ရံ နုံးချိနေခဲ့တဲ့ အဖေဟာ ...
သားတို့ရဲ့ရှေ့မှာတော့
အပြုံးယဲ့ယဲ့လေးနဲ့ နေပြနိုင်ခဲ့တယ်။

အရှုံးနဲ့ရင်ဆိုင်လာရတဲ့အခါ
မချိပြုံးတစ်ဝက်နဲ့ အဖေ့ရဲ့ ...
ဟန်ဆောင်အပြုံးတစ်ချက်ကိုတော့
သားအတွက် အဓိပ္ပါယ်တွေရှာမရခဲ့လေဘူး။

အဖေ ...
သားတို့အတွက်
အပြုံးမပျက် အမုန်းမစွက်ဘဲ
ဆင်းရဲတွင်းက ရုန်းထွက်ခဲ့တယ်နော် ...။

အဖေ ...
အဖေ့အသက်တွေလည်းကြီးရင့်ပါပြီလေ ...
အဖေတစ်ယောက်ရဲ့တာဝန်တွေ
သားတစ်ယောက် ပုခုံးပြောင်းထမ်းပါရစေတော့ ...။

အဖေနားပါတော့ ...
တရားရိပ်မှာ ပုတီးစိပ်ကာ
အေးချမ်းစွာ မှေးမှိတ်ရင်း အနားယူပါတော့ ...။

စံလင်းထွန်း

(အရင်က အဖေအတွက် ခံစားပြီး ရေးထားခဲ့တဲ့ ကဗျာဟောင်းတစ်ပုဒ်ပါ။)




copy image location here

Thursday, March 25, 2010

အမေသို့တမ်းချင်းများ (၁) ...



အမေသို့တမ်းချင်း ...


အမေ ...
သတိရခြင်းတွေကို စာရွက်ပေါ်မှာချရေးရင်း
ရင်ထဲမှာ ဟာတာတာဖြစ်လာတုန်း ဗလာစာမျက်နှာမှာ
နောင်တတရားတွေကို ဆင်ခြင်ကာရေးချမိပါတယ် ...။

ကဗျာလည်းမပီ စာလည်းမညီ ကာရံလည်းမထိတဲ့
သည်စာတွေကို ...
ခံစားချက်တွေ ပီပြင်လာလို့
အလွမ်းတွေ ညီညာလာလို့
သတိရခြင်းတွေ ပိုပိုလာလို့
နောင်တတရားတွေကို
စာရွက်ပေါ်မှာ ကဗျာမဖြစ်နဲ့
ညီညီညာညာ ပီပီပြင်ပြင် စီရီကာ
ရေးချလိုက်မိတယ် ...။

အမေ ...
သတိရခြင်းဆိုတာ တိုက်ဆိုင်မှုရှိမှတဲ့ ...
ပြောစမှတ်တော့ ရှိကြလေတယ် ...။

ဒါဆိုရင် ...
အမေ့အတွက် သတိရခြင်းတွေဟာ ...
နေ့စဉ်နှင့်အမျှလောက် တိုက်ဆိုင်ခဲ့လိမ့်မယ် ...။

တစ်ခါတုန်းက ...
အမေအနားမှာရှိခဲ့တဲ့သားဟာ
အခုတော့ ရေမြေခြားမှာ ဘဝဝမ်းစာရှာနေဖွေရတယ် ...။

အချိန်ကို မလေးစားတဲ့သား
နေမြင့်မှ အိမ်ရာထတတ်တဲ့သား
အမေနှိုးမှ ထတတ်တဲ့သား
အခုတော့ အချိန်တွေကိုလေးစား
အချိန်နဲ့သွား အချိန်နဲ့စား အချိန်တွေကြားမှာ
ဘဝအတွက် လှုပ်ရှားနေရပြီ ...။

အမေ ချက်ကျွေးတိုင်း စားခဲ့တဲ့ ထမင်းနဲ့ဟင်းတွေ
အခုတော့ ကိုယ်တိုင် ချက်ပြုတ်နေရပြီ ...။

အမေ လျှော်ဖွတ်ပေးသမျှ ဖြူဖြူစင်စင်အဝတ်တွေ
မဝတ်ခဲ့ရတော့တဲ့အခါ ကိုယ်တိုင်လျှော်ဖွတ်ဝတ်ဆင်မိတိုင်း
အမေကို ခဏခဏသတိရတတ်လာတယ် ...။

အမေဆုံးမတိုင်း မကျေမချမ်းဖြစ်ခဲ့ရတဲ့ ကျွန်တော်
အခုတော့ ...
ကိုယ့်ကိုယ်ကိုယ်ကျေကျေနပ်နပ်
ပြန်ဆုံးမတတ်လာပြီ ...။

အမေ စေခိုင်းတတ်တိုင်း ညူညူစူစူ လုပ်ခဲ့တဲ့ကျွန်တော်
အခုတော့ ...
သူတပါးခိုင်းသမျှ မညူမစူု လုပ်နေရတယ် ...။

အမေ့ရဲ့ဆုံးမမှု၊ သွန်သင်မှု
လမ်းပြမှု၊ ကြင်နာယုယမှု
အေးချမ်းတဲ့ မေတ္တာ ဂရုဏာစစ်စစ်တွေဟာ ...
အခုချိန်မှာတော့ နောင်တတရားတွေနဲ့
ရင်ထဲမှာ အသေအချာ သတိရနေခဲ့ပါတယ် ...။

အမေ ....
အမေ့အတွက်ရေးနေတဲ့
ကဗျာတွေဟာ မညီညာပါဘူး ...
စာတွေကလည်း မပီကလာပီကလာပါပဲ ...
ကာရံတွေကိုလည်း အသေအချာ မစီရီတော့ပါဘူး ...။

ဒါပေမယ့် ...
အလွမ်းတွေဟာ ညီညာနေတယ် ...
သတိရခြင်းတွေဟာ ပီပြင်စွာ ရင်မှာဖြစ်ပေါ်နေတယ် ...။

နောင်တ တရားတွေကို ...
အသေအချာစာထဲမှာ စီကာရေးချရင်း
တိုက်ဆိုင်မှုရှိလာလို့ အမေကိုသတိရလာတဲ့အခါတိုင်း
ရင်ထဲမှာ ခပ်တိုးတိုးလေး ရေရွတ်နေမိခဲ့တာဟာ ...
အမေ ... ကျန်းမာပါစေ ...
အမေ ... ချမ်းသားပါစေ ...
အမေ ... သက်ရာကျော်ရှည်ပါစေ ..လို့သာ ...။

စံလင်းထွန်း


copy image location here

Wednesday, March 24, 2010

လွဲ ...



လွဲ ...

လွဲမှားတဲ့အယူအဆကြောင့်
လွဲမှားတဲ့လမ်းပေါ်ရောက်ရ
လွဲမှားတဲ့လမ်းတွေဖောက်
လွဲမှားတဲ့လမ်းတွေကိုလျှောက်
လွဲမှားတဲ့အိမ်မက်တွေကောက်လို့
လွဲမှားနေတဲ့စိတ်ကူးတွေကပြင်မရတော့
လွဲမှားစွာနဲ့ပဲမွဲပြာကျရပြီပေါ့ ..။

သည်လိုနဲ့ပဲ ...
လွဲမှားသွားတဲ့ဘဝဟာ
လွဲမှားစွာနဲ့ပဲ
လွဲပြီးရင်းလွဲ ဘဝနွံ့ထဲမှာ
လွဲ ကိုလက်ကိုင်စွဲလို့
ထပ်တလွဲလွဲ ပေတေဆင်းရဲရပြီပေါ့ ...။

စံလင်းထွန်း


copy image location here

Monday, March 22, 2010


ဘဝမီးပွိုင့်

ပန်းတိုင်အတွက် စောင့်လျက်
တစ်စီးပြီးတစ်စီးထွက်
ရှေ့ကားနောက်ကားတွေတန်းစီလျက်
ဘဝလမ်းတွေဥဒဟို
ကားလမ်းတွေအသွယ်သွယ်
အစီအစဉ်တကျ တန်းစီစောင့်ရ
ကျော်မတက်ရ ဘေးချင်းမချိတ်ရ
ဘေးကမပတ်ရ ဖြတ်မဝင်ရ
ယာဉ်မှာယာဉ်စီးကမ်း
လမ်းမှာလမ်းစီးကမ်းရှိသလို
ဘဝမှာလည်း ဘဝစည်းကမ်းတွေရှိတယ်။

မီးပွိုင့်ဆိုတာ
သူ့မှာအလှည့်ကျ နီဝါစိမ်း လုပ်ပေးရတဲ့အလုပ်ပဲ။

ဘဝမှာလည်း မီးပွိုင့်လို သူ့အလှည့် ကိုယ့်အလှည့်ကျအောင်စောင့်ရတယ်။
လောလောဆယ်နီပေမယ့်
အချိန်ကျရင် စိမ်းလာမှာသေချာတယ်။

စောင့်တဲ့သူ စိတ်ရှည်ဖို့သာလိုအပ်တယ်။

စံလင်းထွန်း

(ဝန်ခံစကား ။ ။ စက်ဘီးနင်းရင်း ဒီနေ့မြို့ထဲအလာမှာ မီးပွိုင့်တစ်ခုကိုစောင့်ရတယ်။ ဘဝမှာလည်း ဒီလိုပါပဲလားလို့ သက်ပြင်းတွေချမိရင်း အဲဒီမီးပွိုင့်ကြီး စိမ်းအလာကို စောင့်နေမိခဲ့ပါတယ်။ နောက်ပြီး မီးပွိုင့်ကြီးနီနေတာကိုကြည့်ရင်း ကြည့်ရင်းက ကဗျာအတွေးတွေ နှလုံးသားထဲက တစိမ့်စိမ့်ထွက်လာတာနဲ့ ဒဿနကဗျာတစ်ပုဒ်ကို ကြုံတုန်းရေးလိုက်မိပါတယ်ဗျာ။ အတွေးတစ်ခုရနိုင်ပါစေ ..လို့ ဆန္ဒပြုပါတယ်။)

Sunday, March 21, 2010

ကဗျာဆရာ



ကဗျာဆရာ

ချာတာတာသူ့ရဲ့ဘဝ
မြင်လိုက်ရကတည်းက
အသပြာနတ္တိဆိုတာ
နေရာတကာမှာ လူတွေ
မပြောလည်းသိကြတယ်။

လွယ်အိတ်တစ်လုံး ချွေးသံတလုံးလုံး
တစ်တိုက်ဝင် တစ်တိုက်ထွက်
အပူမီးတွေထဲ ရှုရှိုက်လိုက်ရတဲ့
ဝင်သက်ထွက်သက် ပေးဆပ်ရသလောက်
အသိအမှတ်ပြုကြဖို့ လူတွေ သတိမှောက်နေကြတယ်။

နှလုံးသွေးနဲ့ရေးတဲ့ ကဗျာတစ်ပုဒ်အတွက်
ရလဒ်က မစို့မပို့ငွေလေးတွေရယ်ပါ ...။

လူတွေဖတ်တဲ့ ကဗျာတိုင်းဟာ
လူတစ်ယောက်ရဲ့ အသွေးအသားထဲက
တစိမ့်စိမ့် ဖောက်ချခဲ့ရတာပါ ...။

ခေတ်တွေဘယ်လိုပဲဟောင်းဟောင်း
ရာသီတွေဘယ်လိုပဲပြောင်းပြောင်း
လူတွေ ...လူတွေထဲက
ပေါ်ထွန်းလာမယ့် ကဗျာဆရာတွေ
ကောင်းကင်ပေါ်မှ အသင်္ချေမက
ကြွေကျလာနေဦးမှာပါ ...။

စံလင်းထွန်း

(၂၀၁၀)ခုနှစ်၊ မတ်လ(၂၁)ရက်မှာကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ကို ကဗျာဆရာတွေရဲ့ကိုယ်စား နှလုံးသွေးနဲ့ရေးသားသော ဤကဗျာဖြင့် အမှတ်တရဖော်ညွှန်းရေးဖွဲ့လိုက်ပါသည်။

copy image location here

ကြယ်လျှောက်လမ်း ...




ကြယ်လျှောက်လမ်း ...

အသဲကွဲချင်ကွဲ ဆင်းရဲချင်လည်းဆင်းရဲ
ဖိနပ်ပဲပါးပါး ဘဝပဲခါးခါး
စိတ်အားထက်သန်နေသရွေ့တော့
စိတ်မှန်းနဲ့ လှမ်းခဲ့တဲ့ ဘဝခရီးလမ်း
ဆက်ပြီးကြမ်းချင်ကြမ်းလည်းကြမ်းပေါ့ ..။

လျှောက်ခဲ့တဲ့လမ်းပေါ်မှာ
ရင်ထဲက အနုပညာပန်းတွေ
ကလေကချေမဖြစ်သေးဘူး။

ဘဝနာနာ စိတ်နာနာနဲ့ပဲ
ခပ်ဆွေးဆွေးသီးချင်းတစ်ပုဒ်ကို
ကြိတ်ပြီးဟဲနေဆဲပဲ ...။

အိတ်ပေါက်လို့ စိတ်ကျမပျောက်ဘူး။
စိတ်ဖောက်မှ အိမ်မက်ပျောက်ရှမှာ ...။

ယုံကြည်ရာ ဘာသာတရားကို
ကိုးကွယ်အားထားလို့
လောကဓံတရားတချို့တွေက
ငါ့အိမ်မက်တွေကို မြေဖို့သင်္ဂြိုလ်ပစ်ဖို့
ခြိမ်းခြောက်နေလည်း
ငါကမမှုဘဲ
ဆက်လျှောက်လှမ်းမြဲ ..လှမ်းဆဲ ...။

ကြယ်တွေလျှောက်လှမ်းခဲ့တဲ့
အိမ်မက်ခရီးကြမ်းကြီးမှာ
ငါ့စိတ်ဓါတ်ခွန်အားတွေ
ဘယ်တော့မှ မလျှော့ဘူး ..မပျော့ညံ့ဘူး ..။

အဲသည့်
ကြယ်လျှောက်လမ်းမှာ ...
ကြယ်ကောက်ကျမ်းတွေကို
ငါရွတ်ဆဲ ...ရွတ်မြဲ ...။

ခရီးပေါက်ခဲ့တဲ့ကြယ်တွေက
ငါ့ကိုလမ်းပြနေဆဲ ...။

စံလင်းထွန်း


copy image location here

Sunday, March 14, 2010

အဆွေးမိုးတွေအကြားက တံခါးခေါက်သံ



အဆွေးမိုးတွေအကြားက တံခါးခေါက်သံ

ဘဝပေးတဲ့ အဆွေးမိုးတိမ်
အုံ့ဆိုင်းလို့ မှုံမှိုင်းနေရင်းက
အစိုင်အခဲထုထည်ကြီးမားလို့လာပြီး
ရင်ထဲမှာပြင်းအားကြီးစွာနဲ့ပဲစီးဆင်းလို့
တဖြိုင်ဖြိုင် ရွာသွန်းချလိုက်တော့တယ်။

အဲသည့် တိတ်တခိုး မိုးစက်တွေအကြား
မျှော်လင့်ချက်ခပ်ပါးပါးတွေ အရည်ပျော်သွားမှာစိုးလို့
မီးစာခမ်းခြောက်နေတဲ့ရင်ငွေ့နဲ့ပဲ
ထပ်ခါတလဲလဲ မလုံမလဲ ဖိကပ်ထားလိုက်ရတယ်။

ရှင်သန်ခြင်းရဲ့ အဓိကသော့ချက်ဟာ
မျှော်လင့်ချက်တစ်ခုသာဆိုရင် ...
လက်ရှိဘဝမှာ အိမ်မက်အတုတွေ ...
မွမ်းကြပ်ပိတ်လှောင်ခံရမှုတွေ ...
သည်အရာတွေအတွက်
ဝင်ပေါက်ထွက်ပေါက်တွေကို အပြေးအလွှား
လိုက်လံရှာဖွေကြည့်လိုက်တော့ ...
နှလုံးသားပြတင်းပေါက်နားမှာ
ခပ်ပြင်းပြင်းတံခါးလာခေါက်နေတဲ့
ကဗျာဆရာတစ်ယောက်ကိုသာ တွေ့လိုက်မိတယ်။

စံလင်းထွန်း
copy image location here

Saturday, March 6, 2010

ဖော်ဝေးငှက်တို့ရဲ့ အိပ်တန်းတက်ချိန် အိမ်အပြန်အလွမ်းသီးချင်း



ဖော်ဝေးငှက်တို့ရဲ့ အိပ်တန်းတက်ချိန် အိမ်အပြန်အလွမ်းသီးချင်း

ငါတို့ဘဝတွေဟာ အနာဂါတ်တွေမညီညာဘူး
မနက်ဖြန်ဆိုတာတောင် မသေချာဘူး
ဒီကနေ့ဟာ အသေအချာဆုံးနေ့တွေပါပဲ ...။

ရွှေမစီချယ်တဲ့ဘဝအတွက်
ငွေရဖို့ရည်ရွယ်ချက်တွေပိုက်လျက်
အချိန်မစဲ အလုပ်ထဲမှာ
သဲသဲမဲမဲ ချွေးသံတွေရွှဲရတယ် ...။

ရွှေပြည်တော်အတွင်းမှ ဖူးပွင့်သစ်စ
နေမခသေးတဲ့ မညိုးပန်းအလှလေးတွေ ...
အရင်းတကာအရင်းအမြစ်တွေထဲက
လူ့သားအရင်းအမြစ်တွေ ...
အခုတော့ ...
ပွေရတက်မအေးတဲ့ ဘဝအတွက်နဲ့
တစ်နယ်စီကိုပြေးလို့ အဖော်ဝေးကွာနေတဲ့
နားခိုရာမဲ့ ငှက်လေးတွေလို
မိသားစုအသိုင်းအဝန်းမှ ကျောခိုင်းရင်းအဝေးလွင့်ခဲ့ရရှာပြီပေါ့ ...။

အဆင်ပြေသူကပြေ ကံခေသူကခေ
တေပေလေလွင့်သူလွင့်ခဲ့ရ။

သြော် ...
ငါတို့ဘဝ

သူတကာပြုသမျှ ခုတော့နုကြရပြီပေါ့။

သည်လိုနဲ့ ...
ဖြစ်သမျှခံ ပြုသမျှစံလို့
ဘဝတစ်ခုစီကို အရင်းတစ်ခုစီပြုခဲ့ရတယ်။

တစ်ခါတစ်လေမှာတော့ ...
ဘဝပေးပေါ့လို့ အထင်မှတ်ယူကာ
မွန်းကြပ်မှုဘဝထဲ အသာအယာလှဲစင်းလို့
ဘဝကိုအရှုံးပေးရင်း ကျောခင်းမပစ်လိုက်ပါနဲ့ ...။

နေမထိရေမထိ
ငွေပုံမပိသေးတဲ့ ငါတို့ဘဝတွေဟာ
...
ပန်းတွေလိုမလန်းသေးလည်း
မျှော်လင့်ချက်တွေ ရင်ထဲရှိနေသရွေ့
ဖော်ဝေးငှက်တို့ရဲ့ အိပ်တန်းတက်ချိန်
အိမ်အပြန်အလွမ်းသီးချင်းတွေဟာ
မွှေး၍သင်းပျံ့မြဲ သင်းလျက်သာနေဆဲပါ ...။


စံလင်းထွန်း

copy image location here

Friday, March 5, 2010

မေတ္တာစာ


ဘလော့ဂ်မှာ လာရောက်အားပေးသူများအား အထူးကျေးဇူးတင်မိသလို အားလည်းနာရပါတယ်ခင်ဗျာ ..။


ကျွန်တော်အွန်လိုင်းမှာ မရှိသခိုက် မောက်မာရိုင်းစိုင်းသူ လူတစ်ယောက် စီဘောက်မှာ ဆဲရေးတိုင်းထွာခြင်း၊ အဆင့်အတန်းမရှိသော စာများရေးသားပြီး စာဖတ်သူနဲ့ ကျွန်တော့်ရဲ့ ယုံကြည်မှုပေါင်းကူးတံတားကို ပျက်ပြားအောင် လာရောက်ဖျက်စီးနေပါတယ်။

ကျွန်တော့်အတွက် ပြဿနာမရှိပေမယ့် အပြစ်မရှိတဲ့ စာလာဖတ်သူများကိုပါ ဆဲရေးတိုင်းထွာဂုံးတိုက်တာတွေ လုပ်သွားသည်ကြောင့် စာဖတ်သူနဲ့ ကျွန်တော့်အကြား အထင်အမြင်လွဲမှားသွားစေနိုင်ပါတယ်။

ကျန်တာတော့ ကိစ္စမရှိပါဘူး။ သူပေးတဲ့အရာ ကိုယ်ကမယူရင် သူ့ဟာသူပဲ ပြန်ရသွားမှာပေါ့ဗျာ ...။

ငမိုက်ငနွားလေးအတွက် မေတ္တာစာ

ဆိုင်းမဆင့်ဗုံမဆင့် ကိုယ်ပိုင်လင့်မပါ
အလည်ရောက်လာ မိန်းမရှာလို
စကားအပိုတွေနဲ့ ခနဲ့တဲ့တဲ့
ငါ့စီဗုံးထဲ မိုက်ကြေးခွဲသွားသည့်
အမောင်ငနဲသား ကြောင်ပြီးလဲသွားဦးမယ် ...။

ရူးကြောင်မူးကြောင်စကား ငါ့မှာဂရုမစိုက်အား
ငါ့သမိုင်းများမှာ မင်းမပါ
မင်းအတွက်နဲ့ ဗလာစရွက်
မှင်တစ်စက်မက ကဗျာရေးချ
အချိန်ပေးလိုက်ရလို့ မာန်တက်မပြပါနဲ့ဦး ...။

ပြောချင်တာပြော မင့်သဘောထား
ငမိုက်ငနွား မင့်သမိုင်းများမှာ ငါမပါ
ငါ့အတွက်နဲ့ရယ် မင့်ဥာဏ်ကဇီးရွက်နှယ်
ဦးနှောက်အပျက်ခံလို့
IP လိမ်စား အကြံသမားလေးရယ်
မင့်သမိုင်းအတွက် ရင်လေးတာပဲရှိတယ် ...။

ကိုယ့်သမိုင်းကိုယ် ကောင်းအောင်ထုဆစ်လို့
အကျိုးပြုတဲ့ အရာတွေဖြစ်ဖို့
ကြိုးစားနေရစ်သခိုက် အမှိုက်သရိုက်တွေနဲ့
နှောက်ယှက်တိုက်ခိုက်နေလည်း
လောကဓံသဘောတရား နားလည်ထားသမို့
မင်းလို အာပလာမှတ်တဲ့ ငမိုက်ငနွားလေးအတွက် ...
ပျာယာခတ်ကာ ငါ ..မမိုက်သေးပါဘူး ...။

သနားစရာ သတ္တဝါလေးမို့
သမိုင်းစာမျက်နှာမှာ
မေတ္တာစာလေးတော့ ရေးလိုက်မိပါတယ် ...။

အမောင် ... ငမိုက်ငနွား
ကျန်းမာပါစေ ... ချမ်းသာပါစေ ...
အန္တရာယ်ကင်း ဘေးရန်ရှင်းပါစေ ...။

အဖြူရောင်မေတ္တာဖြင့်
စံလင်းထွန်း

Monday, March 1, 2010

အရောက်လှမ်းမယ့် အိမ်မက်ကမ်းသို့ ...



အရောက်လှမ်းမယ့် အိမ်မက်ကမ်းသို့ ...


ကဗျာရေးလို့ အားမရရင် စာနဲ့ရေးချမယ်။
စာနဲ့ရေးလို့မရရင် ကဗျာကို တစ်လှည့်ပြန်ရေးချမယ်။
စာနဲ့ကဗျာ နှလုံးသားမှာ
ဘယ်တစ်ခြမ်းညာတစ်ခြမ်း တွဲလျက်ကပ်ထားလိုက်တယ်။

အရာရာကို တွေးတောဆင်ခြင်စေတဲ့ ဦးနှောက်
ဘဝတစ်လျှောက် ထွန်းလင်းတောက်ပစေဖို့
အနာဂါတ်ပျောက်ခဲ့တဲ့ သူတို့ဘဝတစ်သက်တာအတွက်
သည်နှလုံးသားဟာ ....
စေတနာ ...
မေတ္တာ ...
အကြင်နာ ...တွေဖေးကူးရင်း

စတေးယူလိုက်ဖို့ အသင့်ရှိနေစမြဲ ...။


မိုင်ထောင်ချီရောင်နီမလာတဲ့လမ်း
အိမ်မက်တွေနဲ့ ငါ ..လျှောက်လှမ်းခဲ့ရပါပေါ့ ...။

ရက်ရက်စက်စက်ထိုးနှက်ခဲ့တဲ့
လောကဓံရဲ့ ရိုက်ချက်

ခေါင်းမော့ရင်ကော့ ခါးစီးခံရင်း
ဘယ်တော့မှ မညံ့ဖျင်းခဲ့ပါဘူး။

အိမ်မက်တစ်ရာကျော်မက်ပြီးတာတောင်မှ
ခြေဆန့်ကာကျော်လွှားခဲ့တာက

ဟိုး ...တစ်ဖက်ဆီမှာရှိနေတဲ့လမ်း
ပြိုးပြိုးပြက်ပြက် မှုန်ဝါးလျက် အိမ်မက်ကမ်းစပ်ဆီသို့ ...

အကဲစမ်းတဲ့ အိမ်မက်ကမ်းတွေရယ် ...
တစ်ပွဲတစ်လမ်းနွှဲစမ်းဖို့အရေး
မင်းသာ ...ဆီးကြိုလင့်နေမယ်ဆိုရင် ...
နေမမြင့်ခင်တော့ ငါ ..အရောက်လှမ်းလာချင်ပါသေးတယ်။

စံလင်းထွန်း


photo copy from google image.