Sunday, January 31, 2010

အချစ်ဟာ ဝဲဂယက်လေလား


အချစ်ဟာ ဝဲဂယက်လေလား

အချစ်က တွန်းတွန်းတိုက်တိုက်နဲ့
အိပ်ငိုက်ရင်းလိုက်ခဲ့တဲ့ ငါ့ကို
အသာအယာ ကြိတ်တိုက်ပစ်လိုက်တဲ့အခါ ...
ငါ့မှာ ...
အားအင်တွေပြိုလဲ ယိုင်မတတ်ချည့်နဲ့
အချစ်မဲ့နေတဲ့ အိမ်ကလေးဟာ
အပြစ်မဲ့နေရှာလည်း အချစ်ရဲ့ ဝင်္ကမ္ဘာထဲမှာ
စုတ်ယူမျှောပါသွားခဲ့ရတယ် ...။

အချစ်ရယ် ...
မင်းဟာ ဝဲဂယက်တစ်ခုဆိုရင်
ကိုယ်ဟာ ..
မင်းပြုသမျှ နုရမဲ့
ဝဲဂယက်ထဲက လူသားတစ်ယောက်ပါကွယ် ...။

စံလင်းထွန်း

Saturday, January 30, 2010

ဒီအချိန်ဆို ရွာမှာ

ဒီအချိန်ဆို ရွာမှာ ...

နေညိုညိုမှာ လေပြိုလာရင်း
မှောင်ရီပျိုးစ ပုလင်းထောင်ကြ
မြူအိုးကို အသာဆွဲလို့
ဘော်ဒါတွေနဲ့ ကဲမည် ...။

အမြီးကလည်းအဆင်သင့်
ဘော်ဒါတွေကလည်း စုံညီ
ထန်ရေအိုးတွေကလည်း ပလုံစီကာနေ
တောမြိုင်ယံအလယ်
မြူခိုးတွေက တဝေဝေ
တောင်စွယ်မှာတော့ နေကွယ်ပြီလေ ...။

ညှင်းသွဲ့သွဲ့ လေပြေကတိုက်
လတ်လတ်ဆတ်ဆတ် ရှုရှိုက်လိုက်ရတဲ့အရာသာ
တာဝတိံဖျားမှာတောင် ရောက်သွားသလား အောင့်မေ့ရတယ် ...။

ကွဲသူကကွဲ ပြဲသူကပြဲ
မှောက်သူကမှောက် သောက်သူကသောက်
ဒါပေမယ့် ...
အသက်ပျောက်လောက်အောင် မသောက်ခဲ့ပါဘူး ...
ပျော်ရတဲ့အချန်တွေဟာ မလောက်ခဲ့။

အခုတော့ ...
အဲဒီ့အချိန်တွေ ပျောက်ရှခဲ့ပေပေါ့ ...။

သြော် ...
ထန်းတောကြားက ပျော်ပါးခဲ့ရတဲ့နေ့တွေ
တမ်းတလွမ်းရ မေ့မရနိုင်ပါပေပြီတကား ...။


စံလင်းထွန်း


(တောက ဘော်ဒါတွေကိုကြည့်ပြီး ကဗျာရေးချင်စိတ်ပေါက်တာနဲ့ သူတို့အတွက် ကဗျာတစ်ပုဒ်လောက် ရေးစပ်မိလိုက်တာပါ။)

Friday, January 29, 2010

သော့ခတ်အလွမ်း




သော့ခတ်အလွမ်း

ကြုံရဆုံရ ငယ်ဘဝရဲ့
တခဏစာ အလွမ်းဟာဖြင့်
သည်ရင်ထဲတွင် ထာဝစဉ်တိုင်
မှတ်မှတ်ရရ ဖြစ်ခဲ့ကြပြီး
အတိတ်ဆီမှာ လွမ်းဒဏ်ရာချက်
နှလုံးသားထက် ကြေကွဲအက်ကာ
အလွမ်းဒဏ်ရာ အသဲနာနာ
စိတ်တွေကြေမွ တမ်းတမ်းတရင်း
အတိတ်ဆီက ငယ်ဘဝအား (ကို)
စိတ်အမျှင်က ဖြတ်မရနိုင်
အရိပ်တွေဟာ စိတ်အစဉ်ထဲ
အစဉ်အမြဲ စွဲညှိဆဲမို့
အမျှင်မပြတ် သံယောဇဉ်ဆက်
နှလုံးသားထက် ဒဏ်ရာဒဏ်ချက်
သော့ခတ်လျက်သာ သိမ်းဆည်လာရင်း
လွမ်းနေလျက်ပါ ချစ်သက်လျာ ...။

စံလင်းထွန်း


photo copy from google image.

ကြိုးတစ်စ


ကြိုးတစ်စ

ဘဝထဲက အနုအလှ
ရင်မှကဗျာ ရင်ထဲကစာ
ဘဝအားမာန် ဂီတတေးသံ
ခံယူချက်ဟာ အနုပညာ
သမုဒယ ဤကြိုးတစ်စ
နှလုံးသားမှာ ခိုဝင်ကာနား
ခိုင်မြဲနှောင်ဖွဲ့ ပုံသွင်းခဲ့ပြီ ...။

စံလင်းထွန်း

Sunday, January 24, 2010

Tapi ရေတံခွန်သို့ တစ်ခေါက် ...


Tapi ရေတံခွန်ဆိုလို့ လိုက်သွားကြည့်တယ်။ ကျွန်တော်တစ်ခေါက်မှ မရောက်ဘူးသေးတာတော့ သေချာသည်။ သဘာဝအလှတရားတွေကို အပြည့်အဝခံစားပစ်လိုက်သည်။ တော်တော်ကြီးကို ပျော်စရာကောင်းပါသည်။ သူတစ်ပါးတိုင်းပြည်မှာ အလုပ်လုပ်ရင်း ပျော်ရွှင်စရာနေ့ရက်ကလေးများကိုလည်း တစ်ခါတစ်ရံဆုံဆည်းကြုံကြိုက်ခွင့် ရခဲ့ပါသည်။ ထိုအခါမျိုးတွင် ကျွန်တော့်ရင်ထဲ၌ အတိုင်းမသိကြည့်းနူးဝမ်းသာ ပျော်ရွှင်မိပါသည်။







(တဝေါဝေါစီးကျနေတဲ့ ရေတံခွန်အား ရှုမြင်ကွင်း)

လူတွေဟာဘဝရဲ့တိုတောင်းတဲ့ အချိန်ကာလ နေ့ရက်တာတွေကို အလုပ်လုပ်ရင်းဖြင့် စီးပွားတွေရှာကြ။ အချိန်တွေကုန်လွန်မှန်းမသိ ကုန်လွန်စေခဲ့ရင်း စိတ်ရဲ့အေးချမ်းမှု၊ သဘာဝတရားနဲ့ ထိတွေ့ရမှုစတဲ့ ခံစားချက်တွေ တဖြည်းဖြည်းလျော့ပါးလာခဲ့တယ် ထင်ပါသည်။ ဘဝမှာ ဘယ်လောက်ပဲ အလုပ်တွေများနေပါစေဦးတော့ မိမိစိတ်ချမ်းသာဖို့အတွက်တော့ အဓိက ဂရုစိုက်အရေးပေးသင့်ပါသည်။ လူ့ဘဝရဲ့ စိတ်ချမ်းသာမှုဟာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရတဲ့ အရည်အသွေးကောင်းတစ်ခုဖြစ်သလို စိတ်ချမ်းသာမှ လူကျန်းမာတာ လောကသဘာဝ (ဓမ္မတာ)ပါပဲ ...။








(အကွေ့အကောက်လှေကာတွေအတိုင်း မောရကောင်းမှန်းမသိ ပြေးတက်ပြီးတော့ ရိုက်ခဲ့တဲ့ပုံ)

သူတစ်ပါးတိုင်းပြည်မှာ အလုပ်လုပ်ရင်း မဖြစ်စလောက်ငွေ (ကျွန်တော့်အတွက်တော့ မက်မောစရာ) ကို ကိုယ်စိတ်မပါလည်း လုပ်၊ ပါလည်းလုပ် မချစ်သော်လည်း အောင့်ကာနမ်းရသလို ဘဝပါပါပဲ ...။ လူကြီးသူမတွေကတော့ အသက်အရွယ်ကြီးရင့်လာရင် စိတ်သွားတိုင်း ကိုယ်မပါဘူးတဲ့။ ကျွန်တော်တို့ ဘဝကတော့ ကိုယ်သွားတိုင်း စိတ်မပါလေဘူး။ သူ့စိတ်နဲ့ ကိုယ့်ခန္ခာကို ပေါင်းစပ်ပြီး စက်ရုပ်ပမာ အလုပ်လုပ်ကြရတယ်။ အဲဒါကို လောကဓံ တရားလို့ ကျွန်တော်သတ်မှတ်လိုက်တယ်။ အဲဒီ့ဘဝရဲ့ ပျော်ရွှင်ဖွယ်ရာနေ့လေးတစ်နေ့ပေါ့။



(ဘာတွေလည်း မသိဘူး အထူးအဆန်းတွေပေါ့)



(ကင်မရာဆရာ မဖြစ်နိုင်သေးတဲ့ ကျွန်တော့်လက်ရာ)



(ဘဝဟာ ဒီလှေကားတွေလိုပဲ ...အတက်ကြည့်ပဲ)



(အကွေ့အကောက်ဘဝတွေလိုပဲ ဒီလှေကားတွေက)

အခုလောလောဆယ် ကျွန်တော်ရောက်နေတာက မလေးရှားနိုင်ငံ က Tapi ရေတံခွန်တည်ရှိရာ အဝန်းအဝိုင်းထဲမှာ။ လူတွေပျော်နေကြတယ်။ ကျွန်တော်လည်း ပျော်နေတယ်။ ဒါပေမယ့် လူမျိုးစုံ အလွှာအသီးသီးကြားမှာ ပျော်နေရတာ...။ အဲဒါဖီလင်တစ်မျိုးပဲ။ ရေတွေတဝေါဝေါ စီးနေတဲ့ ရေတံခွန်နားမှာ လူတွေ တဟေးဟေးပျော်နေကြသလို ကျွန်တော်လည်း အပျော်ကြီးပျော်နေမိတယ် ...။ ဟိုးအထက်တောင်ပေါ်က နေ လွတ်လပ်စွာကျဆင်းလာတဲ့ ရေလုံးကြီးတွေနဲ့အတူ ကျွန်တော့်စိတ်တွေကိုလည်း လိုက်ပါစီးဆင်းစေလိုက်တော့ ရင်ထဲမှာ အလိုလိုနေရင်း ဘဝအမောတွေ ပြေပျောက်သွားသလိုပဲ။



(လူတော်တော်များများ ဒီမှိုပွင့်ကြီးတွေပေါ်မှာ ဓါတ်ပုံတွေ ထိုင်ရိုက်တတ်ကြတယ်။)

မြန်မာလူငယ်တွေ ရေတံခွန်အောက်မှာ ရေဆင်းကူးကြရင်း ဆော့ကစားကြ ပျော်ပါးနေကြတယ်။ စိတ်တိုင်းကျ လိုက်ပတ်ပြီး ဓါတ်ပုံတွေ လျှောက်ရိုက်နေမိတယ်။ စိတ်ထဲမှာကြည်လင်လန်းဆန်းနေဆဲ ကျောက်လှေခါးထစ်ပေါင်းများစွာဖြင့် တည်ဆောက်ထားတဲ့ ရေတံခွန်အား တောင်တက်ဘေးပတ်လမ်းမှာ မောရကောင်းမှန်းမသိ ပြေးလွှားကာနေမိတယ်။

ဟိုး အောက်ဆုံးက စတွေ့ရတဲ့ ရေတံခွန်က သေးသေးလေး နောက်တစ်ဆင့်ပြီး တစ်ဆင့် တံတားတွေကိုဖြတ် လှေခါးထစ်လမ်းတွအတိုင်းတက်ရင်း တောင်ပေါ်ရောက်လာတယ် ...။ ရေမြေတောတောင် သဘာဝအလှအပတွေက ပိုးပြီးတော့ ရုပ်လုံးပေါ်ပီပြင်လာတယ်။ စိမ်းစိမ်းစိုစို ဝါးပင်အုပ်ကြီးတွေ၊ မြင့်မားတဲ့ ကျောက်တောင်ထုကြီးတွေနဲ့ ရေစီးသံတွေအကြား ကိုယ်တိုင်ရောက်နေတာ စိတ်တွေမအေးချမ်းပဲ ရှိနိုင်ပါ့မလား။ မြင်မြင်သမျှ သဘာဝအလှအပတွေချည်းပဲမို့ ဓါတ်ပုံတွေ လျှောက်ရိုက်နေတာ ခပ်အုပ်အုပ်ခြုံတွေအပေါ်တက်နင်းမိလို့ ကျွတ်ဆိုတဲ့ သွေးစုပ်ကောင်လေးတွေရဲ့ အတွယ်တောင်ခံရသေးတယ်။ ရိုက်ထားသမျှ ဓါတ်ပုံတွေ လက်ရာကောင်းမကောင်းတော့ မသိဘူး။ ကျွတ်တွေတွယ်ကပ်နေတာတောင် သတိမထားမိတာ။





(အစ်ကိုတစ်ယောက်ရဲ့ လက်ရာတွေပါ)



(ဒီနေရာလေးလည်း ဓါတ်ပုံရိုက်လို့ကောင်းတယ်)



(အဲဒီထဲက ကလေးကစားကွင်းပါ)


အလာလမ်းတစ်လျှောက် ဇိမ်ခံကားကြီးထဲမှာ မိန့်မိန့်ကြီးထိုင်ရင်း ဂစ်တာတီး သီချင်းဆိုဖြစ်တယ်...။ သူငယ်ချင်းက စာအုပ်တွေ လက်ဆွဲအိတ်နဲ့တစ်လုံးအပြည့်ထည့်သယ်လာတယ်။ ကျွန်တော့်အတွက်တော့ ကွက်တိဖြစ်သွားတာပေါ့။ သီချင်းမှန်သမျှ အလွတ်မကျက် အလွတ်အကုန်မရတဲ့ အပြင် ဂစ်တာကောဒ့်တွေပါ ခဏခဏမေ့တတ်တဲ့ ကျွန်တော့်အတွက် ကွက်တိပဲပေါ့။ အဆိုတော် လေးဖြူအသံနဲ့ဆိုလိုက်၊ အငဲလုပ်လိုက်၊ ဝိုင်းဝိုင်းကိုဟဲလိုက်နဲ့ တစ်ခါတစ်လေ စိုင်းထီးဆိုင်၊ ဗညားဟန် (အဲဒါတွေ တစ်ခုမှ မတူပါဘူး) လုပ်ဆိုနေလိုက်တယ် .. ဟန်ကိုယ့်ဖို့ပေါ့။ ကားက တစ်ချက်တစ်ချက် လှုပ်ရင်း ဂစ်တာကိုတီးရင်း သီချင်းဆိုနေရတော့ ကော့ဒ်တွေကို သတိထား ကြည့်နေရတယ် ...။ နဘေးနားက လူတွေဆိုကောင်းနေတုန်း ကျွန်တော့် ပေါင်ပေါ်တင်ထားတဲ့ သီချင်းစာအုပ်က ကောင်းကအခုန်မှာ ပြုတ်ကျသွားတယ်..။ ခပ်တည်တည်နဲ့ ဟန်မပြတ် ကောဒ့်တွေကို မှန်းတီးပေးနေလိုက်တာ အိုးနင်းခွက်နင်းတွေ ဖြစ်ကုန်တော့တာပါပဲ ...။ လူငယ်ဘဝရဲ့ ပျော်စရာတွေပါ ...။ အဲဒီနေ့က တော်တော်ကြီးပျော်ခဲ့ပါတယ်။ ဓါတ်ပုံတွေတော့ ရိုက်မိသလောက် ကောင်းမယ်ထင်တာတွေ ရွေးတင်ပေးလိုက်ပါတယ်။ သဘာဝရေမြေတောတောင် အလှအပတွေကိုခံစားကြည့်ပြီး စိတ်ကြည်နူးလန်းဆန်းနိုင်ကြပါစေဗျာ ...။



(အဲဒီကားနဲ့ မလှမ်းမကမ်းက လူနားနေ သစ်လုံးအိမ်လေးထဲမှာ ဒီစာတွေထိုင်ရေးနေခဲ့သေးတယ်)



(ကဗျာဆန်ဆန် အိမ်ကလေး)



(စီးခဲ့တဲ့ ဇိမ်ခံကားလှလှကြီး)

(ဒီပိုစ့်လေး ရေးခဲ့တာကြာပါပြီ... အရှုပ်တွေလုပ် အလုပ်တွေရှုပ်နေရင်းမို့ တော်တော်နဲ့ မတင်ဖြစ်ခဲ့ဘူး။ အခုလည်းကြည့်။ မနက်က အင်တာနက်ဆိုင်လာဖို့ဆိုပြီး အိမ်မှာစာတွေရိုက်နေတာ။ ရိုက်ရင်းတန်းလန်း မီးကပျက်သွားတော့ save မလုပ်ဘဲ ရိုက်ထားသမျှတွေအကုန် ပျက်သွားတယ်။ စိတ်ပျက်ပျက်နဲ့ ဒီအတိုင်းပဲ အချိန်မှီအောင် မြို့ထဲကို စက်ဘီးကလေးနဲ့ အပြေးနင်းထွက်လာခဲ့တယ်။ ဒီရောက်တော့ အမောတကော အင်တာနက်ဖွင့်၊ ဘလော့ဂ်ဖွင့် ဟိုက် ... ဖတ်လိုက်ရတဲ့ စာတွေက စိတ်ကိုပါ မလန်းမဆန်းဖြစ်ကုန်တာပါပဲ။ နဂိုကမှ ဒီနေ့အလိုလိုနေရင်း စိတ်တွေဖိစီးမှုများနေပါတယ်ဆိုမှ အင်တာနက်မှာ ဘလော့ဂ်တွေလည်ပတ်ရင်း စိတ်မကောင်းစရာ ကိစ္စတွေ၊ စာတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆန်ဆန်စာတွေတော်တော်များ ဖတ်မိသွားတယ်။ ဒါနဲ့ စာမရေးဖြစ်တော့ဘဲ စိတ်ဝင်တစား စာတွေချည်းပဲ လိုက်ဖတ်နေမိတော့တယ်။ စာကြွေးတွေတင်နေပါသည်။ နောက်တစ်ခါမှ ဆက်တင်ပါတော့မယ်။ အခုလောလောဆယ် အရင်ကရေတံခွန်ကိုတစ်ခေါက်ရောက်တုန်း အမှတ်တရရေးခဲ့တဲ့ပိုစ့်လေးတင်ပေးလိုက်ပါတယ်။ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေဗျာ ...။)

ဆက်လက်ကြိုးစားပါဦးမည်
စံလင်းထွန်း

Thursday, January 21, 2010

ဟီးရိုးမဟုတ် မီးခိုးမထုတ်


ဟီးရိုးလည်း မဖြစ်ချင်ဘူး ..
မီးခိုးလည်း အဖြစ်မခံနိုင်ဘူး ...
တီးတိုးရွာနေခဲ့တာတွေဟာ ...
ဟီးရိုးဖြစ်ချင်လွန်းလို့
မီးခိုးတိုက်နေခဲ့တဲ့
အရူးမိုးဇာတ်လမ်းတွေ မဟုတ်ဘူး...။

လူတိုင်းဟာ
ခံယူချက်မတူဘူး
အမြင်ခြင်းမတူဘူး
ရှုထောင့်တွေမတူညီကြဘူး ...။

ဒါပေမယ့်
အသွင်တူတယ် ...။

ခံယူချက်က
ဘဝရဲ့ အနှစ်သာရ
ယုံကြည်ချက်က
စိတ်ခွန်အား
ထင်မြင်ချက်ဆိုတာ
ဝေဝါးနေတဲ့အရာ
ရှုထောင့်မတူလည်း
သဘာဝကျကျကြည့်မယ် ...။

ခံယူချက်ခြင်းမတူလည်း
နားလည်ပေးပါ
ထင်မြင်ချက်မတူလည်း

ခွင့်လွှတ်ပေးပါ
ယုံကြည်ချက်မတူလည်း
သည်းခံပေးပါ ...။

ဒါတွေဟာ..
ဟီးရိုးမဟုတ်
မီးခိုးမထုတ်
တကုတ်ကုတ်နဲ့
ဘဝသရုပ်ထုနေတဲ့
ကျွန်တော့်အလုပ်တွေပဲ ...။

စံလင်းထွန်း

(မှတ်ချက် ။ မိမိခံစားချက်အရ ရေးတဲ့ကဗျာတစ်ပုဒ်မို့ မည်သူ့ကိုမှ ထိခိုက်စေချင်လို့မဟုတ်ပါ။)

Monday, January 18, 2010

ဂဘောက်တိဂဘောက်ချာ ကျွန်တော့်စာ




အပေါ်ကခေါင်းစီးကို ဖတ်ပြီးတော့ စာဖတ်သူ ပြုံးများပြုံးနေမလား ...။ ဂဘောက်တိဂဘောက်ချာဆိုတော့ အင်း ..ဘာများပါလိမ့်မတုန်း လို့ စူးစမ်းချင်စိတ်ကလေးကော ရှိမနေပေဘူးလား။ အထူးအဆန်းကော ဖြစ်နိုင်ပါ့မလားလို့တွေးရင်း ကျွန်တော့်စိတ်ကူးတွေနဲ့ နိဒါန်းပျိုးကြည့်နေမိတော့တယ် ...။

ရှေ့ကတင်ခဲ့သမျှပိုစ့်တွေမှာ တည်တည်ကြီးနဲ့ရေးလာပြီး အခုမှ ပေါချာချာစာတွေလိုလို၊ ဘာတွေလိုလိုနိုင်တဲ့ စာတွေရေးလိုက်လို့များ ကျွန်တော့်ကို အထင်မလွဲသေးနဲ့ဦးလို့ ကြိုပြောထားပါရစေနော့ ...။ ဒီလိုပါ ...ဒီလိုပါ ... အကြောင်းအရင်းကို ပေါင်းရှင်းပြရရင်တော့ ...

ကျွန်တော် ခုလောလောဆယ် (နောင်လည်းပဲထင်ပါ့) အွန်လိုင်းကို သူများတွေလို အချိန်မှန်တက်၊ စာတွေရေး၊ စာတွေဖတ်၊ နည်းပညာတွေလေ့လာရင်း ဘာညာသာဓကာတွေ မလုပ်နိုင်သေးပါဘူး။ ဘလော့ဂ်ရေးမိတဲ့ ကိုယ့်ဝေဒနာက (အများနည်းတူ) အချိန်တန်ရင် ဘလော့ဂ်မဖတ်ရ၊ မပတ်ရ မနေနိုင်အောင်ကိုဖြစ်နေတာ။ ဒါနဲ့ပဲ ကိုယ့်ဆီမှာရှိတဲ့ ကွန်ပျူတာ ဖွတ်ချက်ဖွတ်ချက် အနုတ်စုတ်ဂုတ်စုတ်ကလေး တစ်လုံးထဲမှာ အင်တာနက်က ဒေါင်းလုပ်လာတဲ့ ဘလော့ဂ်စာမျက်နှာတွေကို ရောသမမွှေထည့်ဖတ်ရင်း မိမိဘလော့ဂ်လေးကိုလည်း အလွမ်းပြေ ဖွင့်ဖွင့်ကြည့်ရင်းပေါ့။ ဘလော့ဂ်ရောဂါဆန်း (ဆရာဝန်တွေမသိသေးတဲ့ရောဂါ) ကိုအသာလေးကြိတ်ပြီးတော့ ကုယူနေရတယ် ...။

မထင်မရှား ကျွန်တော့်ဘလော့ဂ်ကို ထင်ထင်ရှားရှား လူတချို့လည်းရောက်ခဲ့သလို ကြိုကြားကြိုကြား လူနေခြုံကြား စိတ်နေဘုံဖျား ဘလော့ဂ်ဂါအချို့လည်း ရောက်ရှိခဲ့ပါတယ်။ (တင်စားမှုတွေပါ) ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့ဂ်ကို ရောက်လာရင် ကျွန်တော့်ရဲ့ ပရိတ်သတ် (ဒါမှမဟုတ်) ကျွန်တော့်စာတွေကို ဝေဖန်အကြံဥာဏ်ကောင်းတွေပေးမယ့် အယ်ဒီတာမင်းများဟု ကျွန်တော့်ဘာသာ ရင်ထဲမှာ သိုသိုသိပ်သိပ်ပဲ သတ်မှတ်ထားခဲ့ပါတယ်။

လာရောက်ကြသော အယ်ဒီတာမင်းများရဲ့ ဝေဖန်ဖတ်ရှု အားပေးမှုတွေကြောင့် ရင်ထဲမှ အနုပညာပန်းလေးများ ဆက်လက်ပွင့်ဖူးဖို့ လန်းဆန်းတက်ကြွခဲ့ရတယ်ဆိုရင် ယုံနိုင်ပါ့မလား။ စံလင်းထွန်းဟာ ကဗျာဆရာမဟုတ်သေးပါဘူး။ ဒါပေမယ့် ကဗျာဆရာ အရူးတစ်ပိုင်းပါနော့။ ဒီ့ထက်ပိုလို့ ဆင့်ကဲပြောရရင် အနုပညာကို ခုံမင်ရူးသွပ်တဲ့ အုတ်အရောရော ကျောက်အရောရောထဲမှာ တိုးဝှေ့နေဆဲ လူငယ်တစ်ယောက်ပေါ့။ ကဗျာသမားဆိုတော့ စာတွေက ကဗျာဆန်လိုက်တာလို့ ထင်နေရင်လည်း ခံလိုက်ရမှာပဲလေ ...။ ဒါပေမယ့် ကျွန်တော် ကဗျာမရေးတတ်သေးပါဘူး။

ကျွန်တော့်ကို တချို့က ကဗျာပဲရေးနေတဲ့ လူကလေးလို့ ထင်ကောင်းထင်မြင်ကြလိမ့်မယ်။ ကျွန်တော် ကဗျာတွေချည်းရေးနေတာ အကြောင်းနှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က စာတိုတို ကဗျာတိုတိုနဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို တိုတောင်းတဲ့အချိန်ကာလအတွင်း ဖတ်တဲ့သူရင်ထဲရောက်အောင်လို့ ထိထိမိမိရေးဖွဲ့ချင်တာပါ။ စာတွေအရှည်ကြီးရေးပြီးတော့ စာဖတ်သူလည်း မျက်စိညောင်းရ၊ အကြောင်းအရာတစ်ခု ပြောပြရဖို့အရေး၊ စာဖတ်သူသိသွားဖို့အရေး ကိုယ့်ဘက်သူ့ဘက်က ပေးဆပ်လိုက်ရတဲ့အချိန်တွေကို ကိုယ်ချင်းစာ နှမြောမိပါတယ်။ စာများပြီး အရေးအဖွဲ့မနိုင်နင်းရင် စာဖတ်သူ ငြီးငွေ့လာတတ်ပါတယ်။

မိမိကိုယ်တိုင်ကလည်း တိုတောင်းတဲ့ အချိန်လေးတွေကို မျှမျှယူပြီး အင်တာနက်ဆိုင်က ဆူညံအုံးဂွမ်းတဒုံးဒုံးသံ (ဒီနိုင်ငံက ဂိမ်းသမားတွေကြောင့်) တွေအကြား အာရုံတွေထွေပြားသွားလိုက်၊ ပြန်စုစည်းလိုက် တစ်ခါကိုယ့်နဘေးနားက ရုတ်တရက်ထထပြီး ဟေး ..ကနဲ.. ဝေး ..ကနဲ ငှက်ဆိုးထိုးသံလိုလို အသံပြဲပြဲလူအော်သံကြီးတွေကြောင့် အင်တာနက်ထဲက ဈာန်တွေလျှောပြီး စိတ်တိုရခက် မတိုရခက်နဲ့ဖြစ်ရသေးတယ်။ ဒီလိုနေ့ရင်တွေကြားမှာ ဆက်တိုက်ကြီး အီလည်လည်ခံစားခဲ့ရရင်း စိတ်ရှည်ရှည်နဲ့ ဘလော့ဂ်ရေးနေခဲ့တာပါ။ ဆိုတော့ကာ ကျွန်တော် ကဗျာတွေလောက်ပဲ အများဆုံး ရေးဖြစ်သွားတယ်ဆိုပါတော့။

ဒုတိယအချက်က ကျွန်တော့်ခံစားချက်တွေ ... လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိပါတယ်။ ခံစားမိရာကို တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့တော့ ဖြေဖျောက် (ဖြေသိမ့်)ရလေ့ရှိပါတယ်။ ခံစားချက် အမျိုးပေါင်းစုံလင်လွန်းလှတဲ့ ကျွန်တော့်အတွက်တော့ ဂစ်တာတီးခြင်း၊ သီချင်းဆိုခြင်း၊ တစ်ခါတစ်ရံ မတောက်တစ်ခေါက် ကီးဘုတ်တီးခြင်း၊ သီချင်းရေးစပ်ခြင်း (အပျော်တမ်း)၊ ကဗျာရေးဖွဲ့ခြင်း၊ ဘာမှန်းမသိအောင် ဆိုရခက်တဲ့ စာတိုပေစလေးတွေရေးသာခြင်း အစရှိသဖြင့် အနုပညာရှုထောင့် ဘက်ပေါင်းစုံမှနေပြီးတော့ ဖြေဖျောက်ရလေ့ရှိပါတယ်။ သည်တော့လည်း အင်တာနက်မှာ စာရေးဖြစ်လာတော့ ဂစ်တာတီးလို့လည်းမဖြစ်၊ စာတွေအရှည်ကြီးလျှောက်ပြီးတော့လည်း မရေးချင် (ဖတ်တဲ့သူကိုအားနာလို့) ကီးဘုတ်ကလည်း ကျွန်ပျူတာ ခလုတ်ကလွဲလို့ ဟို ...ဒိုရေမီဖာ ...သံတွေထွက်တဲ့ဟာ တီးပြလိုမဖြစ်။ သီချင်းဆိုလို့လည်း မဖြစ်ပြန်။ (ဆိုလည်းဂဲထုခံရမှာပါပဲ) ဒါနဲ့ပဲ ခံစားချက်ကလေးတွေနဲ့ ကဗျာတွေရေးဖြစ်သွားတယ်။ အဲဒီ့အထဲမှာ ကျွန်တော့် ဘဝခံစားချက်တွေလည်းပါသလို အများနဲ့ လိုက်ဖက်ညီမယ့် (ကြိုက်နှစ်သက်နိုင်မယ့်) လို့ထင်ရတဲ့ အကြောင်းအရာလေးတွေကို ကိုယ်တိုင်ခံစားကြည့်ပြီး ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေလည်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက ရင်ထဲက တစ်ကယ်ခံစားပေးပြီးမှ ရေးချလို့ရတဲ့ အရာတွေမိုလို့ ခံစားမှု ကဗျာစာစုတွေပဲဖြစ်ပါတယ်။

အင်တာနက်မှာ စာတွေလိုက်ဖတ်ရင်း ကဗျာဆရာ စစ်စစ်တွေကို တွေ့ရတော့ သူတို့ကဗျာတွေဖတ်ရင်း ကိုယ့်ဟာ ကဗျာကော ဟုတ်မှဟုတ်ပါလေစလို့ ကိုယ့်ဘာသာ ပြန်ပြန်တွေးမိတာ အကြိမ်ရေမနဲလှတော့။ ကဗျာဆိုတာ ခံစားမှု၊ စကားလုံးအဖွဲ့အနွဲ့၊ ပေးစွမ်းနိုင်မှု ရသသုတတွေကို တိုတိုနဲ့ ထိထိမိမိရေးချတာပဲလို့ ကျွန်တော့်ဘာသာယုံကြည်ထားတယ်။ အဲဒီအတိုင်းလည်း ရေးခဲ့တာပါပဲ။ ကျွန်တော့်မှာ ကဗျာကို ဘယ်လိုရေးရမယ်ဆိုတဲ့ ပုံသေကားချပ်နည်းစံနစ်တွေ အတိအကျ မရှိခဲ့ဘူး။ မလေ့လာမိခဲ့တာတွေလည်း ပါတယ်။ ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်ဆီက ပိုစ့်မော်ဒန်(လ်) ကဗျာရေးနည်းစာအုပ်တစ်အုပ်ကို ဖတ်လိုက်ရတယ်။ အဲဒါဖတ်ပြီးတော့ ကျွန်တော့်ကဗျာတွေ ပိုစ့်မော်ဒန်(လ်)ရောဆန်ရဲ့လား။ ဒါမှမဟုတ် ရှေးမူတွေများလားလို့ ပြန်သုံးသပ်ကြည့်မိရင်း ဇဝေဇဝါဖြစ်နေတုန်း...။ ဒါတွေသာ အတိအကျ လိုက်ညှိနေရရင် ကျွန်တော် ဒီတစ်သက် ကိုယ့်ခံစားချက်တွေကို ကဗျာအဖြစ် ထုတ်ဖော်ရေးသားဖြစ်မှာ မဟုတ်တော့ဘူး။ အဲ့ဒီ့အတွက် လောလောဆယ်မှာ အချိန်တွေ သိပ်မပေးနိုင်သေးလို့ပါပဲ ...။ ဒါကြောင့် ကျွန်တော်ခံစားရသမျှလေးတွေကို မြန်မြန်နဲ့ မှန်မှန်လေး အသေအချာခံစားပြီး ဝေဝါးထွေပြားနေတဲ့ စိတ်ကူးတွေကို ကဗျာတွေနဲ့ အများဆုံး ပုံဖော်ထုဆစ်ခဲ့တာပါ။

ဒါပေမယ့် ကျွန်တော် တစ်ခုပြောနိုင်တာကတော့ ကျွန်တော့်ကဗျာတွေမှာ ခံစားမှု၊ ပေးဆပ်မှု၊ စေတနာတွေ အတိုင်းထက်လွန်အောင် တတ်နိုင်သမျှ ထည့်သွင်းထားပါတယ်။ အကယ်၍များ စာဖတ်သူမသိလို့ဖြစ်ဖြစ်၊ ခံစားမှု အသိတစ်စုံတစ်ခုခု ရမသွားခဲ့ရင် ကဗျာရေးတဲ့ ကျွန်တော့်ရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကြောင့်သာဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဒီ့ထက်ကို နှစ်ဆ ပိုကြိုးစားရမှာပေါ့လို့ ဇွဲနဲ့အားတင်းထားမိတယ်။ ဖတ်မိလို့ သဘောကျ နှစ်ခြိုက်တဲ့သူ ရှိပြန်တော့လည်း ကျွန်တော့်မှာ ဝမ်းသာမဆုံး တပြုံးပြုံးဖြစ်ရပါတယ်။

စံလင်းထွန်းကို လေးလေးစားစားနဲ့ အစ်ကိုအစ်မ၊ ညီညီမတွေက ဆက်ဆံလာတဲ့အခါ ရင်ထဲမှာ ကြည်နူးပီတိ ဂွမ်းဆီထိရတော့ ပြောမပြောချင်ပါဘူး။ ကိုယ့်ပါတ်ဝန်းကျင်မှာ ဒီလိုလူ သိပ်မရှိတာဆိုတော့ နဲနဲလောက်တော့ မာန်တက်ချင်သား။ (ကိုယ့်ဘာသာကိုယ်) တချို့တလေတော့ ပြောကြရှာပါတယ် '' မင်းကိုအားကိုးပါတယ်ကွာ ... တို့တွေကြုံတွေ့နေရတဲ့ ဘဝအကြောင်းလေးတွေ ရေးပေးပါလား '' ဆိုပြီး ကျွန်တော့်ကို ခေတ်ပညာတတ်တစ်ယောက်အဖြစ် အားကိုးအားထားပြုလာကြတော့ စိတ်ရှိလက်ရှိရေးပြလိုက်ချင်စိတ်တွေကို ရင်ထဲမှာ မနဲ ကြိတ်မြိုသိပ်ထားရတယ်။ တစ်ခါတစ်လေ ကျွန်တော်ကလည်း '' ဒီအကြောင်းတွေရေးမယ်ဗျာ ... ဘယ့်နှယ် စားဝတ်နေရေး ကြပ်တည်းလို့ တိုင်းတပါးထွက်လာပါတယ်ဆိုနေမှ၊ သင်းတို့က အမြီးဖြတ်၊ ခေါင်းဖြတ်နဲ့ မတရားလုပ်စားနေကြတယ်..ဒါမတရားဘူး '' လို့ စိတ်ပေါက်ပေါက်နဲ့ ဒေါကန်တိုင်း ဘဝတူအလုပ်သမားတွေအချင်းချင်းကို ကြွေးကြော်ပြလေ့ရှိတယ်။ (ဘယ်နေ့အတွယ်ခံရမလဲ မသိဘူး:p) ။ အဲဒီ့ကတည်းက ဒီကအလုပ်သမားတွေရဲ့ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တတ်နိုင်သလောက် အများသိရအောင် မီးမောင်းထိုးပြချင်တဲ့ ဆန္ဒတွေ ရင်ထဲမှာ တဖွားဖွားကို ဖြစ်ပေါ်နေခဲ့တာပါ။ လတ်တလော အလုပ်အခက်အခဲ၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရပေမယ့် အခြေအနေပေးတဲ့အခါ ရေးဖြစ်မယ်လည်း ထင်ပါတယ်။

ခေါင်းစဉ်ကိုက ဂဘောက်တိဂဘောက်ချာ ဆိုတော့ အဲဒီ့အတိုင်းပဲ ဆက်ရေးနေရမှာပဲလေ။ ရေးရင်းနဲ့တောင် အခုဘယ်တွေသဝေထိုးကုန်ပြီလည်း မသိပါဘူး။ ကျွန်တော်က စာရေးရင် ကဗျာလို တိုနှံ့နှံ့ သိပ်မလုပ်ချင်ဘူး။ အရှည်ကြီးရေးပြရမှ ကျေနပ်တာဆိုတော့ ဖတ်လတ်စနဲ့ပဲ ဆက်လက်သည်းခံဖတ်ကြပါဦးလို့ ..နော့။ သည်တော့ကာ မောင်စံလင်းတစ်ယောက်ကို ကဗျာရေးသမားလို့ပဲ မြင်နေမိမှာ စိုးလို့ပါ။ ကျွန်တော် ကဗျာပဲရေးဖြစ်တဲ့ အကြောင်းကိုလည်း ပြောပြီးပြီ။ စာမရေးဖြစ်တာ ဘာကြောင့်လဲဆိုတာလည်း သိသွားပြီဆိုပါတော့။ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြစ်အောင် ရေးလိုက်တာပါ။ မပိုင်ပေဘူးလား။ (ကိုယ့်ဘာသာချီးမွှမ်းနေရတာ)

အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်က ကဗျာတစ်ခုတည်းတင် အဓိကရေးချင်တာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် စာစုံရေးချင်တာ။ မတတ်ပေမယ့် ရေးကြည့်ချင်တာဆိုရင် ကျွန်တော့်ကို ဘယ်လိုများ မှတ်ချက်ပေးမလဲ ...။ ကျွန်တော့်ဆီမှာ ရှားရှားပါးပါး မြန်မာဆိုင် ရောက်တုန်းက ဝယ်ထားတဲ့ ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ နာမည်တစ်လုံးမရလာခင်တုန်းက ဆိုတဲ့ (စာသမားများအတွက် စိတ်ဓါတ်ခွန်အား) ဖြစ်စေမယ့် စာအုပ်လေးတစ်အုပ်ရှိတယ်။ ကျွန်တော့်အတွက်တော့ ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်သလို အမြဲတမ်း လက်စွဲတော်ဖြစ်မယ့် စာအုပ်တစ်အုပ်ပါပဲ။ ညစဉ်ညတိုင်းလည်း အိပ်ရာမဝင်မီ ခဏခဏပြန်ဖတ်မိတယ်။ ဖတ်မိလေလေ ကောင်းလာလေလေပဲ။ ကျွန်တော် စာရေးဖြစ်ဖို့ ကျဆင်းနေတဲ့ စိတ်ဓါတ်ခွန်အားတွေကို အဓိက ပြန်လည်ဆွဲတင်ပေးခဲ့တာ အဲဒီ့စာအုပ်တစ်အုပ်ကြောင့်ဆိုရင် တချို့အံ့သြကြလိမ့်မယ်။ ဆရာဖေမြင့် စာအုပ်တွေကို ကြိုက်တတ်တဲ့သူတွေကတော့ ဒီစာအုပ်ကို သိကောင်းသိနိုင်ပါတယ်။

အမှန်အတိုင်းပြောရပါလျင်မူ ဒီကနေ့အချိန်ထိ စာအုပ်ကောင်းတွေနဲ့ သိပ်ပြီးတော့ ထိတွေ့ခွင့်နည်းခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ ဒီစာအုပ်ကိုရလိုက်တာဟာ ကျွန်တော့် ကုသိုလ်ကံပဲလား။ အခွင့်အလမ်းပဲလား။ လမ်းကြောင်းမှန်ပဲလား မဆိုတတ်လောက်အောင်ပါပဲ။ ကျွန်တော်ဟာ စာဖတ်သူ၊ စာပေချစ်မြတ်နိုးသူတစ်ယောက်ဆိုပေမယ့် ကိုယ့်ထက် ဝါရင့်သမ္ဘာရင့်တဲ့ သည်လိုလူမျိုးတွေအကြားမှာ ရောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အလိုလိုနေရင်း စာဖတ်နည်းသူ၊ ဗဟုသုတနည်းသူတစ်ယောက်လို ခံစားမိတယ်။ မိမိအားနည်းချက်တွေကို ပြုပြင်ဖို့ လောလောဆယ်မှာ ပြီးပြည့်စုံအောင် မဖြစ်နိုင်သေးပေမယ့် ကိုယ်လက်လှမ်းမှီရာမှီရာလေးတွေကို တတ်နိုင်သလောက်တော့ ဖတ်ဖြစ်နေခဲ့ပါတယ်။ အလုပ်ကတစ်ဖက်၊ ဝါသနာကတစ်ဖက် ဒွန်တွဲထားရင်း ဘဝတစ်ခုကို ဆိုးတစ်လှည့် ကောင်းတစ်လှည့် ဖြတ်သန်းနေခဲ့တာ နှစ်လရက်တွေ ရှည်ကြာခဲ့ပေပေါ့။

အခုတလော အင်တာနက်မသုံးနိုင်လို့ အိမ်မှာနေရင်း ရယ်စရာမဂ္ဂဇင်းနဲ့ သောကြာစောင်ပဲဖတ်ဖြစ်နေတော့တယ်။ ဒါတောင် ကံကောင်းလို့ဖတ်ရတာပါ။ သူငယ်ချင်းတစ်ယောက်ဆီက ငှားဖတ်နေတာလေ။ ကျွန်တော့်အတွက်တော့ လောလောဆယ်အချိန်မှာ ရှားရှားပါးပါး ဖတ်ခွင့်ရတာဆိုလို့ ဒါတွေပဲရှိတာ။ ကျွန်တော်နေတဲ့နေရာနဲ့ မြန်မာဆိုင်တွေရှိရာက အလှမ်းဝေးလေတော့ မြန်မာစာအုပ်တွေဝယ်ပြီး ဖတ်ရဖို့ မလွယ်ကူလှပါဘူး။ ထားပါတော့လေ ..ဒါတွေ ...ဒါတွေ ..(ရှည်သွားမယ်)။ စာတွေအများကြီးရေးနေရင် စာဖတ်တဲ့သူ ရင်ထဲ၊ အသိထဲမရောက်ဘဲ ဘေးလျှံထွက်ကုန်လိမ့်မယ်။ တိုတိုနဲ့လိုရင်းပဲ ဆိုကြပါစို့ (အရှည်ကြီးရေးပြီးမှ :p)။

ဂဘောက်တိဂဘောက်ချာ ကျွန်တော့်စာ အရှည်ကြီးကို အနှစ်ချုပ်ပြောရရင် အင်တာနက် ပုံမှန်မသုံးဖြစ်လို့ ဘလော့ဂ်မရေးနိုင် (ပိုစ့်မတင်နိုင်)ပေမယ့် အိမ်မှာတင်ပဲ အလုပ်နားချိန် အားလပ်ချိန်တွေမှာ စာတွေ၊ ကဗျာတွေ၊ ဝထ္ထုတိုလေး တစ်ပုဒ်နှစ်ပုဒ် (အစမ်းရေးနေတာ) စသဖြင့်သောင်းပြောင်းထွေလာတွေကို တစ်ပြိုင်တည်း ဟိုဘက်လှန်ရေးလိုက် ဒီဘက်လှန်ရေးလိုက်လုပ်ရင်း ဟိုတစ်ပုဒ်က အာရုံပြတ်သွားလို့ ကဗျာဘက်လှည့်ရေးလိုက်နဲ့ ခံစားမှုတွေ အကြောင်းကြောင်းကြောင့် ငုပ်လျှိုးသွားတဲ့အခါ စာရေးတာနား၊ ဂစ်တာတီး၊ သီချင်းနားထောင် တစ်ယောက်တည်းနဲ့တင်ကို ကမ္ဘာကျော် စာရေးဆရာကြီးတွေအလားနည်းတူ အလုပ်တွေရှုပ် (ရှုပ်ချင်ဟန်ဆောင်:p) နေခဲ့တာပါ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အလုပ်တွေလုပ်ရင်း ဘလော့ဂ်ဆက်သွယ်မှု ဧရိယာပြင်ပမှာ ခေတ္တခဏ အချိန်ကုန်လွန်နေရကြောင်းပါဗျာတို့ရေ ...။

စာမူတွေ မကြာမီလာမည်မျှော် ...

(ရယ်စရာဖတ်ရင်း ဂဘောက်တိဂဘောက်ချာ အယ်ဒီတာ့စာကို သဘောကျ၍ နည်းယူတုပပြီး ဂဘောက်တိဂဘောက်ချာ ကျွန်တော့်စာဟု ကမ္မည်းထိုးလိုက်တာပါ)

ဆက်လက်ကြိုးစားပါဦးမည် ...
စံလင်းထွန်း

photo copy from google image.



ကျွန်တော်နှင့် ကဗျာမဆန်ခြင်းများ ...

ကဗျာမဆန်တဲ့ ဘဝမှာ
ကဗျာမဆန်တဲ့ ကဗျာတွေရေး
ကဗျာမဆန်တဲ့ အကြောင်းတွေတွေး
ကဗျာမဆန်တဲ့ ခပ်မိုက်မိုက်အချစ်တွေ
ကဗျာမဆန်တဲ့ အလုပ်တွေလုပ်
ကဗျာမဆန်တဲ့ နေရာမှာနေ
ကဗျာမဆန်တဲ့ ဂစ်တာတစ်လက်နဲ့
ကဗျာမဆန်တဲ့ စားပွဲမှာ
ကဗျာမဆန်တဲ့ ဝထ္ထုတွေရေး
ကဗျာမဆန်တဲ့ ကဗျာတွေသီ
ကဗျာမဆန်တဲ့ လောကကြီးထဲ
ကဗျာမဆန်တဲ့ လူတွေအကြား
ကဗျာမဆန်တဲ့ နေရာဒေသ
ကဗျာမဆန်တဲ့ သွားခြင်း
.................. လာခြင်း
.................. စားခြင်း
.................. သောက်ခြင်း
.................. အိပ်ခြင်း
.................. ရှင်သန်ခြင်း
.................. အချိန်တွေ
ကဗျာမဆန်တဲ့ အရာတွေအားလုံးအကြား
ကဗျာမဆန်တဲ့ ကျွန်တော်
ကဗျာမဆန်တဲ့ အသဲနှလုံးတွေကွဲ
ကဗျာမဆန်တဲ့ ကဗျာတွေကိုစီရင်း
ကဗျာမဆန်တဲ့ ကာရံတွေကို သီကုံးနေမိတယ် ....။

စံလင်းထွန်း


photo copy from google image.

Sunday, January 17, 2010


အွန်လိုင်းရောက်တုန်းခဏ ...

ဘလောဂ့်ကိုလွမ်း လှမ်းကာမှန်းလို့
ရေးဖို့ကြံရွယ် စိတ်ကူးတွေနှယ်
ကြက်ပျောက်ငှက်ပျောက် ဟိုရောက်ဒီရောက်
စိတ်မှန်းချက်နဲ့ ခြေလှမ်းတစ်ဝက်
အိမ်မက်ကမ်းတစ်ဘက်
လမ်းမှာကျပျောက်နေရတယ် ...။

အွန်လိုင်းဆိုတာ အနီးနားမယ်
ဘာမှမရှိ ဗလာနတ္တိပေါ့
ကြွက်တစ်ကောင်ကြောင်တမီးတောင်
မရှိအောင် ရှားတဲ့နေရာ
ဝေသီခေါင်ပါး တောင်စွယ်ဖျား ..
(မယ်ဇာတောင်ခြေတော့မဟုတ်ရပါဘူးဗျာ)
စက်ရုံအလုပ်ရုံတွေအကြား
အလုပ်သွားအလုပ်ပြန်
ငွေဆိုတဲ့ကမ်းအတွက် ခရီးဆက်ရန်
ပဏာမမို့ ခဏအသာထားလို့
့ဘလောဂ့် မှန်မှန်မရေး
ဘလော့ဂ် မှန်မှန်မပတ်
မအားမလပ် အနားမကပ်နိုင်
အွန်လိုင်းသို့ရောက်သည့်တိုင်
ခဏဆိုသော သတိအသိကြောင့်
ပြန်လစ်ရပါကြောင်း ...။

များမကြာမီ လာပါမည်မျှော် ...
(လာလည်သူအားလုံးမင်္ဂလာပါ ...)

စံလင်းထွန်း

Friday, January 8, 2010

တစ်ခါတုန်းက မိန်းကလေးသို့ ...


တစ်ခါတုန်းက မိန်းကလေးသို့ ...

အချစ်ဦး မင်းကတော့ မှတ်မိလိမ့်မယ် မထင်ဘူး ...
တစ်ကယ်တော့ တစ်ဖက်သတ် ကြိတ်ရူးခဲ့ရသူပါ ...
ရင်ထဲမှာ အချစ်ဆူးလေး ဆူးခဲ့ရတယ် ...
မဖြစ်ဘူး လောလောဆယ် ပြန်ချစ်နိုင်ဖို့ဆိုတာ ပြောတဲ့
မင်းရဲ့ ချိုမြမြ စကားတွေကြောင့် ...
အဲ့ဒီအချိန်က ကိုယ့်ရင်ထဲမှာ ရှတသွားခဲ့ရတယ် ...။

မျှော်လင့်ချက်ပါးပါးလေးနဲ့
ကိုယ့်အတွက် အလွမ်းခါးခါးတွေကိုပေး
မသဲကွဲတဲ့ စကားသွား လှလှလေးတွေကြောင့်
တစ်နေ့နေ့မှာ ဖွင့်ပြောလာမယ့်အချိန်ကို စောင့်ရင်း
နောက်ဆုံးတော့လည်း ကိုယ်ပဲအသဲကွဲခဲ့ရတယ် ...။

အချစ်ကြောင့် ဘဝကို ဒူးထောက် အရှုံးပေးချင်လောက်အောင်
ကိုယ်တစ်ကယ်ပဲ ရူးမလောက်ကို ခံစားခဲ့ရဘူးတယ် ....
ရင်ထဲမှာ ဆူးညှောင့်လေးတစ်ချောင်း နစ်ဝင်သွားတဲ့နောက်
ဘဝတစ်လျှောက်မှာ ထပ်ကြပ်မကွာတဲ့
အချစ်ညှောင့်က ရင်ထဲမှာ ဆူးမြဲဆူးခဲ့ရလို့
အချိန်အတော်ကြာအောင် ကု၍မပျောက်ခဲ့ရဘူး ...

ကိုယ်ဟာ ...
အလဲအကွဲဘဝမှာ
အသဲကွဲအရသာကိုခံစားခဲ့ရပြီးနောက်
သိပ်မထူးခြားတဲ့ မင်းရဲ့ အမူအယာတွေကို
တစ်ခါတစ်လေ စိတ်ကူးရတုန်း
အသေအချာ ပြန်တွေးကြည့်တော့
မရေရာတဲ့ အတွေးလေးက
တစ်စတစ်စနဲ့ ပေါ်ပေါ်လာတယ် ...။

တစ်ကယ်တော့ ...
အချစ်ဆိုတာ ...
ကိုယ့်အတွက် မထူးတဲ့ အရူးအဘိဓါန်ကြီးတစ်ခုလိုပါပဲလား ...
မထူးသည့် အရာကြီးကိုပဲ ကိုယ်တစ်ကယ်ရူးမိချင်နေတာပါ ...
ရင်ထဲမှာဆူးလည်း ကိုယ်...ဆက်ရူးမြဲ ရူးသွားတာ ...
တစ်ဖက်သက်ချစ်ခဲ့ဘူးတဲ့
ဟိုတစ်ချိန်ခါတုန်းက .... ကိုယ့်ရဲ့အချစ်ဦး
မင်းမသိခဲ့လေဘူး ...။

စံလင်းထွန်း


(ဝန်ခံချက်။ အချစ်ဦးသို့ ကဗျာတိုတစ်ပုဒ်မှ စာသားများကို ကောက်နှုတ်၍ လွန်ခဲ့သည့် (၇)နှစ်ခန့်က အဖြစ်အပျက်များနှင့် ရောယှက်ကာ အတိတ်ခြေရာကောက်ရင်း အလွမ်းခါးခါး ခံစားမှုများဖြင့် ပြန်လည်ရေးဖွဲ့ပါသည်။)

photo copy from google image.

လူဆိုတာ ...



လူဆိုတာ ...

လင်ခရူဇာ ကားသစ်ကြီးကိုစီး
လူတကာအလယ် အထင်ကြီးစရာ
ဘဝင်မြင့်မှာ စိတ်ဟာရောက်လည်း
သူဟာလူပါပဲ ...။

ကမ္ဘာကျော်တဲ့ အခန်းအနားတွေလုပ်
နေရာတကာ သတင်းများတွင် ပုံတွေထုတ်
ပလ္လင်ထက်မှာ သြဇာညောင်းလည်း
သူဟာလည်းလူပါပဲ ...။

လူတကာငေးမယ့် ရူပါဖွေးတဲ့
ဟောလီးဝုဒ်က အနုအလှလေးတွေ
ကမ္ဘာတစ်လွှား ရေပန်းစားလို့
လူတကာအကြိုက်များလည်း
သူဟာ လူထဲက လူပါပဲ ...။

ကမ္ဘာကြီးကို ဖျက်ဆီးလိုတဲ့
အစွန်းရောက်ဝါဒီ လက်နက်ကိုယ်စီကိုင်စွဲ
လူတွေအားခြိမ်းခြောက် လူ့တောထဲမှာ ဘုပြောလောက်စရာ
သူတို့တွေဟာလည်း လူထဲက လူပါပဲ ...။

လောကတစ်ခွင် အလှဆင်ယင်
ကျက်သရေရှိ တင့်တယ်ဘိသည့်
တရားဓမ္မကို မှီခိုရာပြု
စိတ်နှလုံးကောင်းရှိ သူတော်စင်အပေါင်းလည်း
လူထဲကလူပါပဲ ...။

ပြေးစရာမြေမရှိ စားစရာဗလာနတ္တိ
စစ်မီးဘေးဒဏ် အိုးအိမ်ခြံစွှန့်
အသက်ကိုလုလို့ ဘဝတစ်ခုကို
ဒုက္ခအဖုံဖုံ ရင်ဆိုင်ကြုံနေရဆဲ
သူတို့ဟာလည်း လူပါပဲ ...။

တစ်ကိုယ်စာခြုံ အမိုးအကာမလုံ
တဲအိုစုတ်ထဲမှာ ချို့တဲ့စွာပဲ
ဘဝကိုနာကျည်း ခါးသီးနေဆဲ
သူတို့တွေလည်း လူပါပဲ ...။

လက်ထဲမှာ အသပြာနတ္တိ
ဗိုက်ထဲမှာ အစာမရှိ
လမ်းဘေးဝဲယာ ခွက်ကိုသာဆွဲလို့
လူတွေအကြားမှာ သူတောင်းစားလည်း
သူဟာ လူပါပဲ ...။

အကြင်နာခေါင်းပါး အောက်တန်းစားစိတ်
ကိုယ်သာကြီးပွားဖို့အရေးဆိုရင်
ဘာမဆို လုပ်ဖို့လက်မနှေး သူတို့တွေဟာလည်း
လူထဲက လူပါပဲ ...။

လူထဲကလူတွေ ဘာတွေဘယ်လိုဖြစ်နေနေ
လူဆိုတာ သေမျိုးပါပဲ ...
တစ်ချိန်ချိန်တော့ သေခြင်းတရားနဲ့
မလွဲမသွေရင်ဆိုင်ကြုံတွေ့ဦးမှာပါ ...

မသေမီမှာ ...
လူတွေကိုသနား လူထဲကမွေးဖွားသူပီပီ
အကြင်နာတရား ရင်မှာပွားများလို့
လောကကောင်းကျိုး ရွက်သယ်ပိုးရင်း
ကိုယ်ကျင့်သိက္ခာ အဆင့်မြင့်စွာဖြင့်
ဘဝကိုတည်ဆောက် ရှေ့ဆက်လျှောက်လှမ်းနိုင်ကြပါစေ ...။

စံလင်းထွန်း


photo copy from google image.


ရေးမိရေးရာ ကဗျာတစ်ပုဒ်

မနေ့က အတွေးတစ်စ
ဒီနေ့ကျ ပြန်တွေးတာမရ
မနက်ဖြန်တိုင်းဟာ မရေရာခြင်းတွေကို
အသေအချာ အစီအရီပေါင်းစပ်ထားတယ် ....။

အတွေးတွေပျောက် တစ်မိုးသောက်တော့
အလင်းရောင်ဖျော့ဖျော့အကြား အာရုံတွေထွေပြားဝေဝါးလာ
မနေ့ညက စိတ်ကူးအစအနတွေကို
ဒီနေ့ပြန်စဉ်းစားကာ ရီဝေလာရင်းခေါင်းထဲမှာ
တွေးရင်းဆွေးမြဲသာဆွေးဆဲ စာမရေးဘဲ
စားပွဲမှာသာ ထိုင်ကာငိုင်နေမိတယ် ...။

စိတ်တွေဟာရှုပ်ထွေး
စဉ်းစားလေလေ ရှုပ်ထွေးလေလေ
သောင်းပြောင်းထွေလာ စိတ်တွေဟာလွင့်ပါး
ဘဝအရှုပ်အထွေးတွေအကြား
ဟိုမရောက်ဒီမရောက် စိတ်တွေ ကဆုန်ပေါက်
အိမ်ကိုတမ်းတလိုက် ငယ်ဘဝကို သတိရလိုက်
လက်ရှိဘဝကို ပြန်တွေးမိတော့ ဝမ်းနည်းမိသခိုက်
မအောင်မြင်တဲ့ စိတ်ကူးတွေကို ပုံဖော်ကြည့်လိုက်ချိန်
အသေအချာပြောနိုင်တာကတော့ ...
ငါဘာမှ မဟုတ်သေးပါလား ...။

စံလင်းထွန်း


photo copy from google image.


သည်လိုနဲ့ ... ငါ့ဘဝ

သူငယ်တန်းဘဝ အားကျခဲ့တာ
ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်
အင်ဂျင်နီယာကြီးလုပ်မယ် ...
တဖြည်းဖြည်း ကြီးပြင်းလာရာ
အရွယ်ရောက်ချိန် ဆယ်ကျော်သက်မှာ
ရည်မှန်းချက်ဟာ တမျိုးတမည်ပြောင်းလဲ
အဆိုးအကောင်းလဲ မသိဆဲဘဲ
ဖြစ်ချင်တာက မိုးထက်မြင့်စိတ်ကူး
ဖြစ်နေတာက ကျူရှင်လခတောင် မှန်မှန်မပေးနိုင်အောင်
ပညာရေးဟာ အောက်ခြေမှာ ယိုင်တိုင်တိုင်
လက်မှိုင်မချဘဲ ကြိုးစားရင်း
ဆယ်တန်းသာအောင်ခဲ့ စိတ်ကူးနဲ့အိမ်မက်
တစ်ကယ်တမ်းဘဝမှာ တစ်ခြားစီသာပင်
အမှတ်စာရင်းဟာ အောင်ရုံသာပဲ
ဘယ်နေရာမှာမှ ဝင်မဆံတဲ့အမှတ်
အသုံးမကျဘူး ကိုယ့်ကိုယ်ကိုယ်သာကြိတ်ဆဲရင်းရူး
ဘာစိတ်ကူးမှ လက်တွေ့ဖြစ်မလာဘူး ...

သည်လိုနဲ့ ...
မျှော်လင့်ချက်တွေကို ခဝါချ
ပြင်မရတော့တဲ့ အတိတ်ကို
အိပ်ယာထဲလူးလှိမ့်ရင်း ကြိတ်လို့သာဆွေး
ငါ့အတွေးထဲမှာတော့ ဖြစ်ချင်တာတွေမဖြစ်သေး
ဖြစ်ချင်တာကို ရအောင်တွေး
မဖြစ်နိုင်တာတွေကြောင့်
စိတ်မှာ စနိုးစနောင့်သာဖြစ်ရ
ဖြစ်ချင်တာတွေက ဟိုးအဝေးက
ဖြစ်ချင်တာတွေက မဖြစ်ရ
ဖြစ်ချင်ရာဖြစ်လို့သာ
နေလိုက်မယ်ဆိုရင်
မဖြစ်သင့်တာတွေ ...ဖြစ်လာတော့မယ်ဆိုတာ
တွေးမိရဲ့သားနဲ့
ဖြစ်သလိုပဲငါ ..နေပစ်ခဲ့တယ် ...။

သည်လိုနဲ့ အနေကြာလာခဲ့ရပေါ့ ...
တစ်စတစ်စ ငါ့ဘဝက
နှစ်ဆယ်ကျော်သက်ရွယ်
လူလတ်ပိုင်းရောက်ချိန်
ဟိုတစ်ချိန်က စိတ်ကူးတွေ
တိမ်လိုပျယ်လွင့် ရွက်လွှင့်နေခဲ့တာ
ဦးတည်ရာမရှိတဲ့ ပင်လယ်ပြင်ထဲ
စိတ်ထဲမှာတော့ ရှာဖွေဆဲ
မရေရာမသေချာတဲ့ ငါ့အိမ်မက်တွေကို ...
ဆက်မက်လို့ကောင်းတုန်း ...။

စံလင်းထွန်း



photo copy from google image.